မာတိကာဆီ ကျော်သွား

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

JW.ORG ရဲ့ ဆယ်စုနှစ်ခရီး—အပိုင်း ၁

ကျမ်းစာအခြေပြု ဗီဒီယိုနဲ့ စာအုပ်စာပေတွေကို ဒီဂျစ်တယ်ပုံစံနဲ့ ရရှိ

JW.ORG ရဲ့ ဆယ်စုနှစ်ခရီး—အပိုင်း ၁

အရင်တစ်ခေါက် သတင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း ယေဟောဝါသက်သေတွေရဲ့ တရားဝင်ဝက်ဘ်ဆိုက် စတင်ခဲ့တာ ၂၀၂၂ ခုနှစ်မှာ ၂၅ နှစ် တိုင်ခဲ့ပါပြီ။ ဒါပေမဲ့ jw.org ဝက်ဘ်ဆိုက်ကို ပြန်လည်မွမ်းမံခဲ့တာကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်အကြာ ၂၀၁၂၊ သြဂုတ် ၂၇ ရက်တုန်းကပါ။ သန်းနဲ့ချီတဲ့လူတွေကို jw.org ပုံစံအသစ် အကျိုးပြုခဲ့ပုံအကြောင်း အပိုင်းသုံးပိုင်းနဲ့ ဖော်ပြသွားပါမယ်။

ဗီဒီယိုများ– ၂၀၁၂ ခုနှစ် ခရိုင်အစည်းအဝေးမှာ ယေဟောဝါရဲ့ မိတ်ဆွေဖြစ်ပါ ဗီဒီယိုအပိုင်းနှစ်ပိုင်းကို DVD နဲ့ ဦးဆုံးထုတ်ဝေခဲ့တယ်။ ဒါပေမဲ့ DVD တွေ ထုတ်ဖို့ ကုန်ကျစရိတ် ပိုများလာပြီး လူသုံးလည်း နည်းလာတယ်။ ၂၀၁၂ နွေရာသီမှာ ဝက်ဘ်ဆိုက်ကို ပြန်လည်မွမ်းမံပြီးနောက်မှာတော့ ဗီဒီယိုတွေကို ပိုထိရောက်တဲ့နည်းနဲ့ ဖြန့်ချိပေးနိုင်ခဲ့တယ်။ ၂၀၁၃ ဇန်နဝါရီမှာ ယေဟောဝါရဲ့ မိတ်ဆွေဖြစ်ပါ အပိုင်းထဲက အချိန်မရွေး ဆုတောင်းပါ ဆိုတဲ့ဗီဒီယိုကို jw.org ပေါ်မှာ ဒီဂျစ်တယ်ပုံစံနဲ့ တင်ပေးခဲ့တယ်။ အခုဆိုရင် ဗီဒီယိုအပိုင်း ၄၀ ကျော် ရရှိနိုင်ပြီ။

ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ ဗီဒီယိုကိုလည်း ၂၀၁၃ ခုနှစ်မှာ ဒီဂျစ်တယ်ပုံစံနဲ့ ထုတ်ဝေခဲ့တယ်။ သွန်သင်ခြင်းကိရိယာများ အပိုင်းမှာ ပါဝင်တဲ့ အဲဒီဗီဒီယိုက အမှုဆောင်လုပ်ငန်းအတွက် ထိရောက်တဲ့ကိရိယာတစ်ခု ဖြစ်တယ်။ အဲဒီအချိန်ကစလို့ ဟောပြောခြင်းလုပ်ငန်းမှာ jw.org ဝက်ဘ်ဆိုက်က ဗီဒီယိုတွေကို တွင်တွင် အသုံးပြုလာကြတယ်။ ဥပမာ၊ ၂၀၁၄၊ သြဂုတ်လတုန်းက jw.org ဝက်ဘ်ဆိုက်ကို ကြော်ငြာတဲ့ဝေစာ ဖြန့်ဝေတဲ့ကင်ပိန်းမှာ ဗီဒီယိုကူးယူကြည့်ရှုမှုပေါင်း ၁၅ သန်းနီးပါး ရှိခဲ့တယ်။

jw.org ဝက်ဘ်ဆိုက်ကို ဒီဇိုင်းဆွဲရာမှာ ပါဝင်ခဲ့တဲ့ ညီအစ်ကိုတစ်ယောက် အခုလိုပြောတယ်– “ဗီဒီယိုတွေ ဖြန့်ချိပေးဖို့ နည်းလမ်းသစ်တစ်ခု ကြိုးစားပြင်ဆင်ခဲ့ချိန်တုန်းက ကျွန်တော်တို့လုပ်ခဲ့တာတွေ အနာဂတ်မှာ ဒီလောက်အကျိုးရှိလာမယ်လို့တောင် မထင်ခဲ့ဘူး။ ကျွန်တော်တို့ရှေ့ရေးအတွက် ယေဟောဝါဘုရား ပြင်ဆင်ပေးပုံကို မြင်ရတာ တကယ့်ကို အားရှိစရာပဲ။” ဥပမာ၊ ၂၀၁၄ အောက်တိုဘာလမှာ JW ရုပ်သံကို ဦးဆုံးထုတ်လွှင့်ခဲ့တယ်။ အဲဒီလမှာ ဗီဒီယိုကူးယူမှုပေါင်း ၃၇ သန်းကျော် ရှိခဲ့တယ်။ ၂၀၂၀ မှာ ကိုဗစ်-၁၉ ကပ်ရောဂါ စဖြစ်တော့ jw.org ကနေ ဗီဒီယို ကူးယူ၊ ကြည့်ရှုမှု ပိုများလာတယ်။ ၂၀၂၂ ခုနှစ်အထိ လစဉ် ပျမ်းမျှအနေနဲ့ jw.org ကနေ ဗီဒီယိုကူးယူမှုပေါင်း သန်း ၂၆၀ ကျော် ရှိနေပါတယ်။

ဒီဂျစ်တယ် စာအုပ်စာပေများ– အခုနောက်ပိုင်း လူတွေက ပုံနှိပ်စာပေတွေအစား အွန်လိုင်းကနေ၊ ဖုန်းကနေ စာပိုဖတ်လာတယ်။၂၀၁၂ မှာ ဝက်ဘ်ဆိုက်ကို ပြန်လည်မွမ်းမံပြီးချိန်ကစလို့ ဝက်ဘ်ဆိုက်အသုံးပြုသူတွေဟာ မဂ္ဂဇင်းတွေကို ပုံနှိပ်စာပေအသွင်နဲ့ မရခင်ကတည်းက အွန်လိုင်းကနေ ဖတ်ရှုနိုင်ပြီ။ ဒီဂျစ်တယ် စာအုပ်စာပေတွေကို ဝက်ဘ်ဆိုက်မှာ တင်ခဲ့လို့လည်း ၂၀၁၃ မှာ JW Library app ကို လွယ်လင့်တကူ ပြင်ဆင်ပေးနိုင်ခဲ့တယ်။ ဒီဂျစ်တယ် စာအုပ်စာပေတွေကို ကောင်းကောင်း ဖတ်ရှုလေ့လာနိုင်ဖို့ အက်ပ်နဲ့ ဝက်ဘ်ဆိုက် နှစ်ခုစလုံးကို သုံးနိုင်ပါတယ်။

အရင်တုန်းက နွေရာသီ ခရိုင်အစည်းအဝေးတွေမှာ အသစ်ထုတ်ဝေလိုက်တဲ့စာပေ၊ ဗီဒီယိုတွေကို ဝက်ဘ်ဆိုက်နဲ့ အက်ပ်မှာ နောက်နှစ် ဇန်နဝါရီလကျမှ ရတယ်။ ဒါပေမဲ့ ၂၀၁၅ ခရိုင်အစည်းအဝေးမှာတော့ အသစ်ထုတ်ဝေလိုက်တာတွေကို ဒီဂျစ်တယ်ပုံစံနဲ့ ချက်ချင်းကူးယူနိုင်မှန်း ကြားသိရလို့ ပရိသတ်တွေ ဝမ်းသာခဲ့ကြတယ်။ အဲဒီနှစ်မှာ ကူးယူနိုင်ခဲ့တာတွေက ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက် ဆိုတဲ့စာအုပ်၊ ယေဟောဝါဘုရားဆီ ပြန်လာပါ ဘရိုရှာနဲ့ အချစ်စစ်အချစ်မှန် ဗီဒီယိုတို့ ဖြစ်တယ်။ နောက်တစ်နှစ် ၂၀၁၆ မေလ JW ရုပ်သံအစီအစဉ်မှာ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို အန်တိုနီ မောရစ်က လူငယ်များအမေး– မေးခွန်း ၁၀ ခုအတွက် အဖြေများ ဘရိုရှာကို ထုတ်ဝေကြောင်း ကြေညာပြီးနောက် ဘရိုရှာကို ချက်ချင်းကူးယူလို့ရကြောင်း ပြောခဲ့တယ်။ ဒါက စာစောင်တစ်ခုကို ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေအတွက် တစ်ပြိုင်တည်း ထုတ်ဝေပေးနိုင်ခဲ့တဲ့ ဦးဆုံးဖြစ်ရပ်ပါ။

ယေဟောဝါအဖွဲ့အစည်းဟာ သတင်းကောင်းဟောပြောဖို့နဲ့ ညီအစ်ကိုအသင်းအပင်းကို ထောက်ပံ့ကူညီပေးဖို့ နည်းပညာကို အသုံးပြုခဲ့တာ ကြာပါပြီ။ jw.org ဝက်ဘ်ဆိုက်ကို အသုံးပြုပြီး ‘အချိန်တန် အစားအစာ ဝေပေး’ နေတာကို မြင်ရတာ ဝမ်းသာစရာပါပဲ။—မဿဲ ၂၄:၄၅

  • လစဉ်ကူးယူတဲ့ ဗီဒီယို

  • လတိုင်း နေ့စဉ် ဝင်ရောက်ကြည့်ရှုသူ

  • ၂၀၁၃ ဇန်နဝါရီလမှာ အချိန်မရွေး ဆုတောင်းပါ ဗီဒီယိုကို ရရှိ

  • ၂၀၁၃ အောက်တိုဘာလမှာ JW Library app ကို ရရှိ

  • jw.org အကြောင်း ကြော်ငြာတဲ့ဝေစာနဲ့ ကမ္ဘာချီကင်ပိန်းကို ၂၀၁၄ သြဂုတ်လမှာ ပြုလုပ်ခဲ့

  • ၂၀၁၄ အောက်တိုဘာလမှာ JW ရုပ်သံထုတ်လွှင့်မှု စတင်

  • ၂၀၁၅ မေလ၊ ခရိုင်အစည်းအဝေးမှာ ထုတ်ဝေခဲ့တာတွေကို ဒီဂျစ်တယ်ပုံစံနဲ့ ချက်ချင်းကူးယူနိုင်

  • ၂၀၁၆ မေလ၊ လူငယ်များအမေး– မေးခွန်း ၁၀ ခုအတွက် အဖြေများ ဘရိုရှာကို ကမ္ဘာတစ်ဝန်း ချက်ချင်းကူးယူနိုင်