မာတိကာဆီ ကျော်သွား

ရုပ်ရှင်ဗီဒီယိုတွေ ထုတ်လုပ်မယ့် ရာမာပို အဆောက်အအုံပုံစံ။ အတွင်းပုံ– ၂၀၂၃ ခုနှစ်၊ ဇွန် ၂၈ ရက်မှာ ကျင်းပခဲ့တဲ့ ရာမာပိုမြို့ စီမံကိန်းဘုတ်အဖွဲ့ အစည်းအဝေး

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

ကမ္ဘာ့ဌာနချုပ် ရာမာပို စီမံကိန်း

ရာမာပို ဆောက်လုပ်ရေး စီမံကိန်း ရှေ့ဆက်နိုင်ဖို့ ခွင့်ပြုချက်အကြီးစား ရပြီ

ရာမာပို ဆောက်လုပ်ရေး စီမံကိန်း ရှေ့ဆက်နိုင်ဖို့ ခွင့်ပြုချက်အကြီးစား ရပြီ

၂၀၂၃ ခုနှစ်၊ ဇွန် ၂၈ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်က ရာမာပို ဆောက်လုပ်ရေး စီမံကိန်းအတွက် သိပ်အရေးကြီးတဲ့ ခွင့်ပြုချက်တစ်ခု ရရှိခဲ့ပါတယ်။ မြို့စီမံကိန်းဘုတ်အဖွဲ့က ရာမာပိုစီမံကိန်းရဲ့ အဆောက်အအုံပုံစံကို တညီတညွတ်တည်း ခွင့်ပြုပေးခဲ့တာပါ။ အပြီးသတ်ရမယ့် အသေးစိတ်ကိစ္စတချို့ ကျန်နေသေးပေမဲ့ ဒီခွင့်ပြုချက်ကြောင့် စီမံကိန်း ရှေ့ဆက်နိုင်ပြီ။

အံ့ဩစရာက စီမံကိန်းဘုတ်အဖွဲ့ အစည်းအဝေးမှာ ဒေသခံတွေကော၊ အာဏာပိုင်တွေကော တစ်ယောက်မှ မကန့်ကွက်ကြဘူး။ ဆောက်လုပ်ရေးစီမံကိန်း ကော်မတီ (CPC) အဖွဲ့ဝင် ညီအစ်ကို ကိသ် ကေဒီ ဒီလိုပြောပြတယ်– “ဘုတ်အဖွဲ့ဆီ အဆောက်အအုံပုံစံ တင်ပြဖို့၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအားလုံးနဲ့ ကိုက်ညီဖို့ လပေါင်းများစွာ အချိန်ယူ ပြင်ဆင်ခဲ့တဲ့ အကြောင်းရင်းက ကျွန်တော်တို့ တင်ပြချက်ကို ဘုတ်အဖွဲ့ ရှောရှောရှူရှူ ခွင့်ပြုနိုင်အောင်ပါ။” ဘုတ်အဖွဲ့ကလည်း ညီအစ်ကိုတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတယ်၊ စီမံကိန်းနဲ့ပတ်သက်တဲ့ တင်ပြချက်တွေကို တစ်ခုပြီးတစ်ခု လက်ခံတယ်။ CPC အဖွဲ့ဝင် နောက်တစ်ဦးဖြစ်တဲ့ ညီအစ်ကို ဒေးဗစ် ဆိုတို အခုလိုပြောပြတယ်– “စဆွေးနွေးတာကနေ ဆုံးဖြတ်ချက်ချတဲ့အထိ အကုန် တစ်နာရီအတွင်း ပြီးပြတ်သွားတာ။ စီမံကိန်းဘုတ်အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှု၊ လုံ့လဝီရိယနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် သိပ်ကျေးဇူးတင်ပါတယ်။ ရှေ့လျှောက်လည်း မြို့စီမံကိန်းဌာနနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ မျှော်နေပါတယ်။”

အခု နောက်ဆုံးရခဲ့တဲ့ ခွင့်ပြုချက်ကြောင့် ရာမာပို စီမံကိန်းရဲ့ အရေးကြီး အပိုင်းကဏ္ဍတွေ စတင်နိုင်ပြီ။ ညီကို ကေဒီ အခုလို ရှင်းပြတယ်– “ခုတ်ထားတဲ့ သစ်ပင်တွေကို ဖယ်ပြီးတာနဲ့ ကန်ထရိုက်တာတွေ အလုပ်စလို့ ရပြီ။ သူတို့ပြီးသွားတဲ့အချိန် နောက်နှစ်ကုန်ပိုင်းလောက်ဆို လုပ်အားပေးတွေ အများကြီး လိုအပ်လာလိမ့်မယ်။ ဘုတ်အဖွဲ့က တညီတညွတ်တည်း ခွင့်ပြုလိုက်ပါတယ်ဆိုတဲ့ ကြေညာချက်ကိုလည်း ကြားလိုက်ရရော အဲဒီအစည်းအဝေးမှာ ထိုင်နေတဲ့ ကျွန်တော်အားလုံးဖြင့် ဝမ်းသာသွားတာပဲ။”

ဒီသတင်းကောင်းကိုကြားရလို့ ကျွန်တော်တို့အားလုံး ယေဟောဝါကို ကျေးဇူးတင်ပါတယ်။ “လုပ်ငန်းစတင်ဖို့ အားတက်သရော ပြင်ဆင်” နေကြတဲ့ စီမံကိန်း အဖွဲ့ဝင်ယောက်တိုင်းအပေါ် ဘုရားသခင် ကောင်းချီး ဆက်သွန်းလောင်းပေးဖို့ ဆုတောင်းပေးနေပါတယ်။—နေဟမိ ၂:၁၈