မာရိုနီမြစ်ညာဘက်ကို ခရီးနှင်ခြင်း
ပျားပန်းခတ် ရှုပ်ထွေးလှတဲ့ မြို့ပြဘဝနဲ့ မတူတဲ့ တောင်အမေရိကရဲ့ အမေဇုန် မိုးသစ်တောမှာ လူမျိုး၊ လူမျိုးစုနဲ့ ဘာသာစကား အမျိုးမျိုးပြောတဲ့လူတွေ နေထိုင်ကြတယ်။ ဒါကြောင့် ၂၀၁၇၊ ဇူလိုင်လမှာ ယေဟောဝါသက်သေ ၁၃ ယောက်ပါတဲ့ အုပ်စုတစ်စုဟာ မာရိုနီမြစ်နဲ့ မြစ်အရှေ့ဘက်ခြမ်း ပြင်သစ်ဂီယာနာနိုင်ငံအတွင်းက မြစ်လက်တက်တွေဆီ ဆန်တက်ခဲ့ကြတယ်။ ဘာရည်ရွယ်ချက်နဲ့လဲ။ မြစ်ကြောင်းတစ်လျှောက်မှာ နေထိုင်သူတွေကို ကျမ်းစာမျှော်လင့်ချက်သတင်း ပြောပြဖို့ပါပဲ။
ခရီးစဉ်အတွက် ပြင်ဆင်ခြင်း
၁၂ ရက်ကြာ ခရီးစဉ်မစတင်ခင် တစ်လအလိုမှာ ပါဝင်သူတွေအားလုံး အစီအစဉ်ဆွဲတဲ့ အစည်းအဝေးကို တက်ကြတယ်။ “အဲဒီဒေသနဲ့ ဒေသရဲ့သမိုင်းကြောင်းကို လေ့လာခဲ့ကြတယ်။ ခရီးစဉ်အတွက် ဘယ်လို ပြင်ဆင်မယ်ဆိုတာကိုလည်း ဆွေးနွေးကြတယ်” လို့ ဝင်စလေ ပြောပြတယ်။ တစ်ယောက်စီက ရေလုံသေတ္တာတစ်လုံးစီ ရတယ်။ အဲဒီမှာ ကြိုးပုခက်တစ်ခုနဲ့ ခြင်ထောင်တစ်လုံး ထည့်ကြတယ်။ ခရီးစဉ်မှာ လေယာဉ် ၂ ခါ စီးရမယ်၊ နာရီနဲ့ချီပြီး စက်လှေစီးရမယ်။
ရွေးချယ်ခံရသူတွေဟာ ဖိတ်ခေါ်ခံရတာကို ဘယ်လို သဘောထားသလဲ။ အသက် ၆၀ ကျော် ကလော့ဒ်နဲ့ လီဇက်တို့ဟာ အခွင့်အရေးကို ချက်ချင်း လက်ခံလိုက်တယ်။ “ကျွန်တော် သိပ်ပျော်တယ်၊ ဒါပေမဲ့ နည်းနည်းတော့ စိုးရိမ်တယ်။ ရေစီးသန်တဲ့ အန္တရာယ်အကြောင်း ကျွန်တော် အများကြီး ကြားဖူးထားတာ” လို့ ကလော့ဒ် ပြောပြတယ်။ လီဇက်ကလည်း “အယ်မရင်းဒီးယန်း စကားကို ကျွန်မ ပြောတတ်ပါ့မလား” ဆိုပြီး စိုးရိမ်နေတယ်။
အဖွဲ့ထဲက တစ်ယောက်ဖြစ်တဲ့ မီကယ်လည်း အဲဒီလိုပဲ စိုးရိမ်နေတယ်။ “ဝါယာနာ လူမျိုးစုအကြောင်း ကျွန်တော်တို့ သိပ်မသိဘူး။ ဒါနဲ့ အင်တာနက်ကနေ သူတို့ဘာသာစကားနဲ့ စကားလုံးတချို့နဲ့ နှုတ်ဆက်စကားတွေကို ရှာထားတယ်” လို့ သူပြောတယ်။
ခင်ပွန်းဖြစ်သူ ဂျိုဟန်နဲ့အတူ လိုက်လာတဲ့ ရှယ်လီဟာ မြစ်ကြောင်းတစ်လျှောက်မှာနေတဲ့သူတွေ ပြောတဲ့ ဘာသာစကားတွေကို စာရင်းလုပ်တယ်။ “အဲဒီဘာသာစကား အများစုနဲ့ ဗီဒီယိုတွေကို jw.org ကနေ ကူးယူတယ်၊ ဝါယာနာဘာသာစကားနဲ့ အခြေခံ စကားစုတွေပါတဲ့ စာအုပ် ယူလာတယ်” လို့ သူ ပြောတယ်။
အယ်မရင်းဒီးယန်းဒေသကို ရောက်ရှိ
ဇူလိုင် ၄ ရက်၊ အင်္ဂါနေ့မှာ အုပ်စုဟာ စိန့်လော်ရန် ဒူ မာရိုနီမြို့ကနေ လေယာဉ်စီးပြီး ပြင်သစ်ဂီယာနာအတွင်းပိုင်းမှာရှိတဲ့ မာရီပါစိုလာမြို့ငယ်လေးကို သွားကြတယ်။
နောက် ၄ ရက်အတွင်း အုပ်စုဟာ လုံးထွင်းစက်လှေတွေ သုံးပြီး မာရိုနီမြစ် အထက်ပိုင်း မြစ်လက်တက်တွေ တစ်လျှောက်မှာရှိတဲ့ ရွာတွေကို ဟောပြောကြတယ်။ “အယ်မရင်းဒီးယန်းတွေဟာ ကျမ်းစာအကြောင်း သိပ်စိတ်ဝင်စားကြတာကို တွေ့ခဲ့ရတယ်။ သူတို့မှာ မေးခွန်းတွေ အများကြီးပဲ။ တချို့က ကျွန်တော်တို့နဲ့ ကျမ်းစာလေ့လာချင်ကြတယ်” လို့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ရိုလဲန် ပြောပြတယ်။
ရွာတစ်ရွာမှာ ဂျိုဟန်နဲ့ ရှယ်လီဟာ ဆွေမျိုးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားတဲ့ လူငယ်မောင်နှံစုံနဲ့ ဆုံတယ်။ သူတို့ကို JW ရုပ်သံထဲက “အမေရိကန်တိုင်းရင်းသားတွေ သူတို့ရဲ့ ဖန်ဆင်းရှင်ကို ရှာဖွေ့တွေ့ရှိဆိုတဲ့ ဗီဒီယို ပြလိုက်တယ်။ လူငယ်မောင်နှံဟာ ဗီဒီယိုကို သိပ်ကြိုက်သွားတယ်။ ကျွန်တော်တို့နဲ့ အဆက်အသွယ်မပြတ်ဖို့ သူတို့ရဲ့ အီးမေးလ်လိပ်စာ ပေးတယ်” လို့ ဂျိုဟန် ပြောတယ်။
အဝေးဆုံးကတော့ မြစ်အထက်ပိုင်းက အန်တယ်ကရွန် ပါတာရွာဖြစ်တယ်။ ရွာသူကြီးက မောပန်းနေတဲ့ ယေဟောဝါသက်သေတွေကို အများပိုင်နေရာမှာ ကြိုးပုခက်ဆင်ဖို့ ခွင့်ပြုခဲ့တယ်။ သက်သေခံတွေလည်း ရွာသားတွေလိုပဲ မြစ်ထဲမှာ ရေချိုးကြတယ်။
ယေဟောဝါသက်သေအုပ်စုဟာ အဲဒီကနေပြီး တွင်ကီရွာကို ခရီးဆက်ကြတယ်။ အဲဒီက ရွာသားတွေဟာ သူတို့ချစ်ခင်ရသူတစ်ဦး ဆုံးပါးသွားလို့ ဝမ်းနည်းနေကြတယ်။ “ဝမ်းနည်းပူဆွေးနေသူတွေကို နှစ်သိမ့်ပေးဖို့ လူမျိုးစုခေါင်းဆောင်က ကျွန်တော်တို့ကို ရွာထဲမှာ လွတ်လွတ်လပ်လပ် သွားခွင့်ပေးတယ်။ ဝါယာနာကျမ်းစာထဲက ကျွန်တော်တို့ ဖတ်ပြတဲ့ ကျမ်းချက်တွေကို ရွာသူကြီးနဲ့ သူ့မိသားစု သိပ်ကြိုက်တယ်။ ရှင်ပြန်ထမြောက်ခြင်း ကျမ်းစာကတိအကြောင်း ဗီဒီယိုတွေလည်း ပြခဲ့တယ်” လို့ ခရီးစဉ်ကို စီစဉ်သူတစ်ဦးဖြစ်တဲ့ အဲရစ် ပြောပြတယ်။
ဂရန်းစန်တီနဲ့ အပါတူသို့
နောက်ခရီးစဉ်ကတော့ မာရီပါစိုလာမြို့ကနေ မြစ်အောက်ပိုင်းမှာရှိတဲ့ ဂရန်းစန်တီမြို့ငယ်လေးဆီကို နာရီဝက်ကြာ လေယာဉ်စီးခဲ့ရတယ်။ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့မှာ ယေဟောဝါသက်သေအုပ်စုဟာ ဒေသခံတွေကို ကျမ်းစာအကြောင်း ပြောပြကြတယ်။ ကြာသပတေးနေ့မှာတော့ မာရိုနီမြစ်အောက်ဘက်က အပါတူရွာကို စက်လှေနဲ့ ၅ နာရီခွဲကြာ သွားခဲ့တယ်။
ခရီးစဉ်ရဲ့ နောက်ဆုံးနေ့မှာ ယေဟောဝါသက်သေအုပ်စုဟာ စူရီနမ် ကိုလိုနီခေတ်က တောင်အမေရိကကို ခေါ်သွားခံရတဲ့ အာဖရိကကျွန်တွေရဲ့ မျိုးနွယ်ဖြစ်တဲ့ မာရွန်လူမျိုးတွေရဲ့ ရွာတွေဆီ သွားကြတယ်။ ယေဟောဝါသက်သေတွေက အဲဒီအချိန်အတွက် အထူးဆောက်ထားတဲ့ တဲကြီးထဲမှာလုပ်မယ့် အစည်းအဝေးကိုတက်ဖို့ လူတိုင်းကို ဖိတ်ခေါ်ခဲ့တယ်။ “လူတွေအများကြီး လာလို့ ကျွန်တော်တို့ သိပ်ပျော်ခဲ့ကြတယ်။ တကယ်ဆို အဲဒီမနက်ပိုင်းလေးမှာပဲ ဖိတ်ခေါ်ခဲ့ကြတာ” လို့ ကလော့ဒ်က ပြောတယ်။ ပထမဆုံးအကြိမ်အဖြစ် ခရီးစဉ်ကို လိုက်ပါခဲ့တဲ့ ကာစတန်က အူကန်ဘာသာစကားနဲ့ “ဘဝဟူသည် ဤမျှသာလော” ဆိုတဲ့ လူထုဟောပြောချက်ကို ဟောခဲ့တယ်။ ရွာအသီးသီးက လူ ၉၁ ယောက် အစည်းအဝေးကို လာတက်ကြတယ်။
“နောက်တစ်ခါ ပြန်သွားဖို့ အသင့်ပဲ”
နောက်ဆုံးမှာ ခရီးသွားအုပ်စုဟာ စိန့်လော်ရန် ဒူ မာရိုနီမြို့ကို ပြန်လာကြတယ်။ အားလုံးက ရွာသားတွေရဲ့ ကောင်းတဲ့တုံ့ပြန်မှုကိုပဲ တွေးနေကြတယ်။ ရွာသားတွေဟာ စာပေများစွာကို လက်ခံပြီး ယေဟောဝါသက်သေတွေ ထုတ်ထားတဲ့ ဗီဒီယိုတွေ အများကြီးကို ကြည့်ခဲ့ကြရတယ်။
“ဒီခရီးစဉ်မှာ ပါဝင်ရလို့ ဘယ်လောက်ပျော်ရွှင်တယ် ဆိုတာကို စကားလုံးနဲ့ မဖော်ပြတတ်ဘူး” လို့ လီဇက် ပြောတယ်။ စင်ဒီက ဒါကို သဘောတူပြီး “နောက်တစ်ကြိမ် ဒီခရီးစဉ်မှာ ပါဝင်နိုင်မယ်ဆိုရင် ပါဝင်ခွင့်ပေးဖို့ တောင်းဆိုချင်တယ်။ ဒီလိုပျော်ရွှင်မှုမျိုးက ကိုယ်တိုင်ခံစားရမှ နားလည်တာ” လို့ ပြောတယ်။
ခရီးစဉ်မှာ ပါဝင်ခဲ့သူတွေဟာ အဲဒီကို ပြန်သွားချင်ကြတယ်။ “နောက်တစ်ခါ ပြန်သွားဖို့ အသင့်ပဲ” လို့ မီကယ် ပြောတယ်။ ဝင်စလေက စိန့်လော်ရန် ဒူ မာရိုနီကို ပြောင်းသွားတယ်။ အသက် ၆၀ ကျော် ကလော့ဒ်နဲ့ လီဇက်က အပါတူကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တယ်။