၁ ရှမွေလ ၂၅:၁-၄၄

  • ရှ​မွေ​လ ကွယ်​လွန် ()

  • ဒါဝိဒ်ရဲ့​လူ​တွေ​ကို နာဗလ ငြင်း (၂-၁၃)

  • အဘိ​ဂဲလ​ရဲ့ ပညာ​ရှိ​လုပ်​ရပ် (၁၄-၃၅)

    • ‘ရ​တ​နာ​အိတ်​လို ယေဟောဝါ ကာ​ကွယ်​ပေး’ (၂၉)

  • အသိ​တ​ရား​မရှိ​တဲ့ နာဗလ​ကို ယေဟောဝါ​ဒဏ်​ခတ် (၃၆-၃၈)

  • အဘိ​ဂဲလ ဒါဝိဒ်ရဲ့​ဇနီး​ဖြစ်​လာ (၃၉-၄၄)

၂၅  နောက်​ပိုင်း​မှာ ရှ​မွေ​လ+ သေဆုံး​သွား​တော့ အစ္စရေး​တွေ စုဝေး​ပြီး သူ့​အတွက် ငို​ကြွေး​မြည်​တမ်း​ကြ​တယ်။ ရာ​မမြို့​မှာ​ရှိ​တဲ့ သူ့​အိမ်​နား​မှာ+ သင်္ဂြိုဟ်​လိုက်​ကြ​တယ်။ အဲဒီ​နောက် ဒါဝိဒ်​က ပါ​ရန်​တော​ကန္တာ​ရ​ကို ဆင်း​သွား​တယ်။ ၂  မော​န​မြို့​မှာ+ သိပ်​ချမ်း​သာ​တဲ့ လူ​တစ်​ယောက် ရှိ​တယ်။ က​ရ​မေလ​မြို့​မှာ​ရှိ​တဲ့+ သူ့​မွေး​မြူ​ရေး​ခြံ​ထဲ​မှာ သိုး ၃,၀၀၀၊ ဆိတ် ၁,၀၀၀ ရှိ​တယ်။ သူ​က က​ရ​မေလ​မြို့​မှာ သိုး​မွေး​ညှပ်​နေ​တယ်။ ၃  အဲဒီ​လူ​က နာဗလ၊+ သူ့​ဇနီး​က အဘိ​ဂဲလ​လို့+ ခေါ်​တယ်။ အဘိ​ဂဲလ​ဟာ ချင့်​ချိန်​နိုင်​စွမ်း​ရှိ​တယ်။ ချော​မော​လှ​ပတယ်။ ကာလက်​အမျိုး+ နာဗလ​ကတော့ ခက်​ထန်​တဲ့​အပြင် စရိုက်​လည်း ကြမ်း​တယ်။+ ၄  နာဗလ သိုး​မွေး​ညှပ်​နေ​တယ်​ဆို​တဲ့ သတင်း​ကို တော​ထဲ​ရောက်​နေ​တဲ့ ဒါဝိဒ်​ကြား​တဲ့​အခါ၊ ၅  လူ​ဆယ်​ယောက်​ကို လွှတ်​ပြီး “က​ရ​မေလ​မြို့​ကို တက်​သွား​ကြ။ နာဗလ​ဆီ ရောက်​တဲ့​အခါ ငါ့​ကိုယ်​စား သာ​ကြောင်း​မာ​ကြောင်း မေး​မြန်း​ပါ။ ၆  ပြီး​တော့ ‘လူ​ကြီး​မင်း အသက်​ရှည်​ပါ​စေ၊ လူ​ကြီး​မင်း​နဲ့ အိမ်​သား​အားလုံး ကျန်း​မာ​ချမ်း​သာ​ကြ​ပါ​စေ။* ၇  အ​ခု၊ လူ​ကြီး​မင်း သိုး​မွေး​ညှပ်​နေ​တယ်​လို့ ကျွန်​တော် ကြား​ပါ​တယ်။ လူ​ကြီး​မင်း​ရဲ့ သိုးထိန်း​တွေ ကျွန်​တော်​တို့​နဲ့​အတူ ရှိ​နေ​တုန်း​က ကျွန်​တော်​တို့ အန္တရာယ်​မပြု​ခဲ့​ဘူး။+ က​ရ​မေလ​မြို့​မှာ ရှိ​နေ​ချိန်​တစ်​လျှောက်​လုံး သူတို့​ရဲ့​ပစ္စည်း တစ်​ခု​မှ မပျောက်​ခဲ့​ဘူး။ ၈  သူတို့​ကို မေး​ကြည့်​ပါ။ ပြော​ပြပါ​လိမ့်​မယ်။ အခု​လို မင်္ဂလာ​ရှိ​တဲ့​အချိန်​မှာ ရောက်​လာ​တဲ့​အတွက် ကျွန်​တော့်​လူ​တွေ လူ​ကြီး​မင်း​ဆီ​မှာ မျက်​နှာ​သာ​ရ​ပါ​စေ။ ပို​လျှံ​တာ​လေး​တွေ​ကို ကျွန်​တော်​တို့​အတွက်၊ လူ​ကြီး​မင်း​ရဲ့​သား ဒါဝိဒ်​အတွက် ပေး​လိုက်​စေ​ချင်​ပါ​တယ်’+ လို့​ပြော​ကြ” ဆို​ပြီး မှာ​လိုက်​တယ်။ ၉  ဒါဝိဒ်​ရဲ့​လူ​တွေ​လည်း နာဗလ​ဆီ သွား​ပြီး ဒါဝိဒ်​မှာ​တဲ့​အတိုင်း ပြော​ကြ​တယ်။ သူတို့​ပြော​ပြီး​တာ​နဲ့၊ ၁၀  နာဗ​လ​က “ဒါဝိဒ်​က ဘယ်​သူ​မို့လို့​လဲ။ ယေ​ရှဲ​ရဲ့​သား​က ဘယ်​သူ​မို့လို့​လဲ။ အခု​တ​လော ကိုယ့်​သခင်​ဆီ​က​နေ ထွက်​ပြေး​တဲ့ ကျွန်​တွေ​က​လည်း အများ​သား။+ ၁၁  သိုး​မွေး​ညှပ်​သူ​တွေ​အတွက် ငါ​ပေါ်​ထား​တဲ့ အသား​နဲ့ စား​စ​ရာ၊ သောက်​စ​ရာတွေ​ကို ဘယ်​က​လာ​မှန်း​မသိ​တဲ့ လူ​တွေ​လက်​ထဲ မထည့်​ပေး​နိုင်​ဘူး” လို့​ပြန်​ပြော​တယ်။ ၁၂  ဒါဝိဒ်​ရဲ့​လူ​တွေ​လည်း ပြန်​လာ​ပြီး အကြောင်း​စုံ ပြန်​ပြော​ပြတယ်။ ၁၃  ချက်​ချင်း​ပဲ ဒါဝိဒ်​က “ဓား​ကိုယ်​စီ ဆွဲ​ခဲ့​ကြ”+ လို့​ပြော​တော့ ဓား​ကိုယ်​စီ ဆွဲ​ကြ​တယ်။ ဒါဝိဒ်​လည်း ဓား​ကို ခါး​မှာ ချိတ်​ဆွဲ​ပြီး လူ ၄၀၀ နဲ့​အတူ ထွက်​လာ​တယ်။ လူ ၂၀၀ က​တော့ ပစ္စည်းတွေ​ကို စောင့်​ဖို့ ကျန်​ရစ်​ခဲ့​တယ်။ ၁၄  အဲဒီ​အချိန်​မှာ ကျွန်​တစ်​ယောက်​က နာဗလ​ရဲ့​ဇနီး အဘိ​ဂဲလ​ဆီ လာ​ပြီး “ဒါဝိဒ်​က ကျွန်​တော်​တို့​သခင်​ကို နှုတ်​ခွန်း​ဆက်​ဖို့ တော​ထဲ​က​နေ တ​မန်​တွေ လွှတ်​လိုက်​ပါ​တယ်။ ဒါ​ပေမဲ့ သခင်​က ရိုင်း​ရိုင်း​စိုင်း​စိုင်း အော်​ထုတ်​တယ်။+ ၁၅  သူတို့​က ကျွန်​တော်​တို့​အပေါ် သိပ်​ကောင်း​ခဲ့​တာ။ တစ်​ခါ​မှ ဒုက္ခ​မပေး​ဖူး​ဘူး။ သူတို့​နဲ့​အတူ ရှိ​နေ​ချိန်​တစ်​လျှောက်​လုံး ကျွန်​တော်​တို့​ပစ္စည်း တစ်​ခု​မှ မပျောက်​ဖူး​ဘူး။+ ၁၆  ကျွန်​တော်​တို့ သိုးထိန်း​ချိန်​တစ်​လျှောက်​လုံး​မှာ သူတို့​က မြို့​ရိုး​ကြီး​တစ်​ခု​လို​ပဲ နေ့​ရော​ည​ပါ ကျွန်​တော်​တို့​ကို ကာ​ကွယ်​ပေး​ခဲ့​တာ။ ၁၇  ဒါ​ကြောင့် သခင်​မ ဘာ​လုပ်​သင့်​တယ်​ဆို​တာ ဆုံး​ဖြတ်​ပါ။ သခင်​ရော အိမ်​သူ​အိမ်​သား​တွေ​ပါ ဒုက္ခ​ရောက်​တော့​မယ်။+ ယုတ်​ညံ့​တဲ့​သခင်​ကို​တော့+ ဘယ်​သူ​မှ မပြော​ရဲ​ကြ​ဘူး” လို့​ပြော​တယ်။ ၁၈  ဒါ​နဲ့ အဘိ​ဂဲလ​က+ မုန့်​လုံး ၂၀၀၊ စ​ပျစ်​ဝိုင်​အိုး​ကြီး နှစ်​အိုး၊ ချက်​ဖို့​အသင့်​ပြင်​ပြီး​သား သိုး​ငါး​ကောင်၊ ကောက်​နှံ​လှော် ငါး​ဆီ​ယာ* စ​ပျစ်​သီး​ပျဉ် အချပ် ၁၀၀၊ သဖန်း​သီး​ပျဉ် အချပ် ၂၀၀ ကို အမြန်​ယူ​ပြီး မြည်း​တွေ​ပေါ် တင်​လိုက်​တယ်။+ ၁၉  ပြီး​တော့ ကျွန်​တွေ​ကို “ရှေ့​က သွား​နှင့်​ကြ။ ငါ လိုက်​ခဲ့​မယ်” လို့​ပြော​တယ်။ ခင်​ပွန်း​နာဗလ​ကို​တော့ အသိ​မပေး​ဘူး။ ၂၀  အဘိ​ဂဲလ​က မြည်း​စီး​ရင်း တောင်​ရိပ်​ကို​ခို​ပြီး ဆင်း​လာ​တယ်။ ဒါဝိဒ်​နဲ့ သူ့​လူ​တွေ​လည်း ဆင်း​လာ​တော့ လမ်း​မှာ အဘိ​ဂဲလ​နဲ့ ဆုံ​တယ်။ ၂၁  ဒါဝိဒ်​က “နာဗလ​ပိုင်​ဆိုင်​သမျှ​ကို တော​ထဲ​မှာ ငါ​စောင့်​ရှောက်​ပေး​ခဲ့​တာ အလ​ကား​ပဲ။ သူ့​ပစ္စည်း​တစ်​ခု​မှ မပျောက်​အောင် စောင့်​ရှောက်​ပေး​ခဲ့​ပေမဲ့+ သူက ငါ့​ကို အဆိုး​နဲ့​ တုံ့​ပြန်​တယ်။+ ၂၂  ဒါ​ကြောင့် မနက်​မိုး​လင်း​တဲ့​အခါ သူ့​လူ ယောက်ျား​တစ်​ယောက်​တ​လေ​ကို ချန်​ထား​မိ​ရင် ဘုရား​သခင်​က ဒါဝိဒ်​ရဲ့​ရန်​သူ​တွေ​ကို* ပြစ်​ဒဏ်​တစ်​ခု​ပြီး​တစ်​ခု ပေး​ပါ​စေ” လို့​ကြိမ်း​ထား​တယ်။ ၂၃  အဘိ​ဂဲလ​က ဒါဝိဒ်​ကို​မြင်​တာ​နဲ့ မြည်း​ပေါ်​က အမြန်​ဆင်း​ပြီး ဦး​ညွှတ်​ပျပ်​ဝပ်​လိုက်​တယ်။ ၂၄  ဒါဝိဒ်​ရဲ့​ခြေ​ရင်း​မှာ ပျပ်​ဝပ်​ပြီး “သခင်၊ ကျွန်​မကို​ပဲ အပြစ်​ပုံ​ချ​လိုက်​ပါ။ ကျွန်​မ လျှောက်​တင်​ပါ​ရ​စေ။ နား​ထောင်​ပေး​ပါ။ ၂၅  ယုတ်​ညံ့​တဲ့ နာဗလ* ကို အရေး​မလုပ်​ပါ​နဲ့။+ သူ​ဟာ နာဗလ​ဆို​တဲ့​နာ​မည်​နဲ့ လိုက်​ပါ​တယ်။ အသိ​တရား မရှိ​ပါ​ဘူး။ ကျွန်​မက သခင်​လွှတ်​လိုက်​တဲ့​လူ​တွေ​ကို မတွေ့​လိုက်​လို့​ပါ။ ၂၆  သခင် လူ​မသတ်​မိ​အောင်၊+ ကိုယ်​တိုင် လက်​စား​မချေ​မိ​အောင် တား​ဆီး​ပေး​တဲ့​အရှင်​ဟာ ယေဟောဝါ​ပဲ​ဆို​တာ​ကို+ အသက်​ရှင်​နေ​တဲ့​ဘုရား ယေဟောဝါ​ကို တိုင်​တည်​ပြီး၊ အသက်​ရှင်​နေ​တဲ့ သခင့်​ကို တိုင်​တည်​ပြီး  ကျွန်​မ​ ပြော​ပါ့​မယ်။ သခင့်​ရန်​သူ​တွေ၊ သခင့်​ကို ထိ​ခိုက်​အောင် ကြံ​စည်​နေ​သူ​တွေ​ဟာ နာဗလ​လို ဖြစ်​ကြ​ပါ​စေ။ ၂၇  အခု ကျွန်​မယူလာ​တဲ့ ဒီ​လက်​ဆောင်​ကို လက်ခံ​ပြီး+ သခင့်​နောက်​လိုက်​တွေ​ကို ပေး​လိုက်​ပါ။+ ၂၈  ကျွန်​မရဲ့​အမှား​ကို ခွင့်​လွှတ်​ပေး​ပါ။ သခင်​ဟာ ယေဟောဝါ​ဘုရား​အတွက် တိုက်​ပွဲ​ဝင်​နေ​သူ၊+ ဘဝ​မှာ မကောင်း​မှု​တစ်​ခု​မှ မလုပ်​ခဲ့​ဖူး​သူ​ပါ။+ ဒါ​ကြောင့် ယေဟောဝါ​ဘုရား​က သခင့်​ရဲ့အမျိုး​ကို တည်​မြဲစေ​မှာ သေချာ​ပါ​တယ်။+ ၂၉  သခင့်​အသက်​ကို လိုက်​သတ်​ဖို့ လူ​တွေ ကြိုး​စား​တဲ့​အခါ လူ​တစ်​ယောက်​က ကိုယ့်​ရ​တ​နာ​အိတ်​ကို ကာ​ကွယ်​သလို ယေဟောဝါ​ဘုရား​က သခင့်​အသက်​ကို ကာ​ကွယ်​ပေး​ပါ​လိမ့်​မယ်။ သခင့်​ရန်​သူ​တွေ​ရဲ့ အသက်​ကို​တော့ ကျောက်​ခဲ​ကို လောက်​လွှဲ​နဲ့​ပစ်​သလို လွှဲ​ပစ်​ပါ​လိမ့်​မယ်။ ၃၀  ယေဟောဝါ​ဘုရား​က သခင့်​ကို ကတိ​ပေး​ထား​တဲ့​အတိုင်း ကောင်း​ကျိုး​ချမ်း​သာတွေ ပေး​သနား​ပြီး အစ္စရေး​ခေါင်း​ဆောင်​အ​ဖြစ် ခန့်​အပ်​တဲ့​အခါ၊+ ၃၁  သ​ခင်​ဟာ အကြောင်း​မဲ့ လူ​သတ်​ခဲ့​မိ​လို့၊ ကိုယ်​တိုင် လက်​စား​ချေ​ခဲ့​မိ​လို့ ဝမ်း​နည်း​ပြီး နောင်​တ​ရ​တဲ့​အဖြစ်​မျိုး ကြုံ​ရ​မှာ မဟုတ်​ဘူး။+ ယေဟောဝါ​ဘုရား​က သခင့်​ကို ကောင်း​ကျိုး​ချမ်း​သာ​တွေ ပေး​သနား​တဲ့​အခါ ကျွန်​မကို သတိ​ရ​ပါ” လို့ ပြော​လိုက်​တယ်။ ၃၂  အဲဒီ​အခါ ဒါဝိဒ်​က “ဒီ​နေ့ ငါ​နဲ့​တွေ့​ဖို့ မင်း​ကို လွှတ်​လိုက်​တဲ့​အရှင်၊ အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို ချီး​မွမ်း​ပါ​တယ်။ ၃၃  ဆင်​ခြင်​ဉာဏ်​ရှိ​တဲ့ မင်း​ကို ဘုရား​သခင် ကောင်း​ချီး​ပေး​ပါ​စေ။ ဒီ​နေ့ ငါ​လူ​မသတ်​မိ​အောင်၊+ ကိုယ်​တိုင် လက်​စား​မချေ​မိ​အောင် တား​ဆီး​ပေး​တဲ့ မင်း​ကို ဘုရား​သခင် ကောင်း​ချီး​ပေး​ပါ​စေ။ ၃၄  မင်း​ဒုက္ခ​ရောက်​အောင် မလုပ်​မိ​ဖို့ ငါ့​ကို​တား​ဆီး​ပေး​တဲ့​အရှင်+ အစ္စရေး​တို့​ရဲ့​ဘုရား၊ အသက်​ရှင်​နေ​တဲ့​ဘုရား ယေဟောဝါ​ကို တိုင်​တည်​ပြီး ငါ​ပြော​မယ်။ မင်း​သာ ငါ့​ကို အမြန်​လာ​မတွေ့​ခဲ့​ရင်+ မနက်​မိုး​လင်း​တဲ့​အခါ နာဗလ​ရဲ့​လူ ယောက်ျား​တစ်​ယောက်​မှ ကျန်​မှာ​မဟုတ်​ဘူး”+ လို့​ပြော​တယ်။ ၃၅  အဲဒီ​နောက် အဘိ​ဂဲလ​ယူ​လာ​တာ​တွေ​ကို လက်ခံ​ပြီး “အိမ်​ကို စိတ်​ချ​လက်​ချ​ပြန်​ပါ။ မင်း​ရဲ့​စကား​ကို နား​ထောင်​ပြီး မင်း​တောင်း​ဆို​တဲ့​အတိုင်း ငါ​လုပ်​မှာ​ပါ” လို့ ကတိ​ပေး​တယ်။ ၃၆  အဘိ​ဂဲလ​က နာဗလ​ဆီ ပြန်​လာ​တယ်။ နာဗလ​က ဘုရင်​ကြီး​တစ်ပါး​လို အိမ်​မှာ ပွဲ​ခံ​နေ​တယ်။ အူ​မြူး​ပြီး မူး​အောင် သောက်​ထား​တယ်။ ဒါ​ကြောင့် အဘိ​ဂဲလ​က နောက်​မနက်​အထိ အသိ​မပေး​သေး​ဘူး။ ၃၇  မနက်​မိုး​လင်း​လို့ နာဗလ အမူး​ပြေသွား​မှ​ပဲ အကြောင်း​စုံ ပြော​ပြလိုက်​တယ်။ အဲဒီ​အခါ နာဗလ​ရဲ့​နှလုံး ရပ်​သွား​ပြီး တစ်​ကိုယ်​လုံး မလှုပ်​ရှား​နိုင်​တော့​ဘဲ ကျောက်​တုံး​လို ဖြစ်​သွား​တယ်။ ၃၈  ဆယ်​ရက်​လောက် ကြာ​ပြီး​နောက် ယေဟောဝါ ဒဏ်​ခတ်​တဲ့​အတွက် နာဗလ သေဆုံး​သွား​တယ်။ ၃၉  နာဗလ​သေဆုံး​တဲ့ သတင်း​ကို ကြား​တဲ့​အခါ ဒါဝိဒ်​က “နာဗလ​ကြောင့်​ခံ​ရ​တဲ့ ကဲ့​ရဲ့​ရှုတ်​ချ​ခြင်း​က​နေ လွတ်​အောင်+ ကျွန်​တော့်​ကို ခု​ခံ​ကာ​ကွယ်​ပေး​တဲ့​အရှင်၊+ ကျွန်​တော် မကောင်း​တာ မလုပ်​မိ​အောင် တား​ဆီး​ပေး​တဲ့​အရှင်+ ယေဟောဝါ​ဘုရား​ကို ချီး​မွမ်း​ပါ​တယ်။ ယေဟောဝါ​ဘုရား​က နာဗလ​ကို သူ​လုပ်​ခဲ့​တဲ့ မကောင်း​မှု​အတိုင်း ပြန်​ခံ​စေ​ပြီ” လို့​ပြော​တယ်။ အဲဒီ​နောက် အဘိ​ဂဲလ​ဆီ လူ​လွှတ်​ပြီး လက်​ထပ်​ဖို့ ကမ်း​လှမ်း​တယ်။ ၄၀  ဒါဝိဒ်​ရဲ့​လူ​တွေ​က အဘိ​ဂဲလ​ရှိ​ရာ က​ရ​မေလ​မြို့​ကို လာ​ပြီး “ဒါဝိဒ်​က ခင်​ဗျား​ကို လက်​ထပ်​ချင်​တဲ့​အတွက် ကျွန်​တော်​တို့​ကို​လွှတ်​ပြီး ကမ်း​လှမ်း​ခိုင်း​လိုက်​ပါ​တယ်” လို့​ပြော​တယ်။ ၄၁  အဘိ​ဂဲလ​လည်း+ ချက်​ချင်း​ပဲ ဦး​ညွှတ်​ပျပ်​ဝပ်​ပြီး “ကျွန်​မဟာ သခင့်​လူ​တွေ​ရဲ့​ခြေ​ကို ဆေး​ပေး​တဲ့ အစေ​ခံ​မိန်း​မဖြစ်​ဖို့+ အသင့်​ပါ​ပဲ” လို့​ ပြော​တယ်။ ၄၂  အဲဒီ​နောက် ခပ်​သုတ်​သုတ် ထ​ပြီး မြည်း​ပေါ်​တက်​တယ်။ ကျွန်​မငါး​ယောက်​ကို​လည်း ခေါ်​ပြီး ဒါဝိဒ်​ရဲ့ တ​မန်​တွေ​နဲ့​အတူ လိုက်​သွား​တယ်။ ဒီ​လို​နဲ့ ဒါဝိဒ်​ရဲ့​ဇနီး ဖြစ်​လာ​တယ်။ ၄၃  ဒါဝိဒ်​က ယေဇရေလ​မြို့​သူ+ အဟိ​နောင်​ကို​လည်း+ ယူ​ထား​တော့ အဲဒီ​အမျိုး​သမီး​နှစ်​ယောက်​စ​လုံး သူ့​ဇနီး​ဖြစ်​လာ​တယ်။+ ၄၄  ရှောလု​က ဒါဝိဒ်​ရဲ့​ဇနီး သမီး​တော်​မိ​ခါ​လ​ကို+ ဂါ​လိမ်​မြို့​သား၊ လဲ​ရှ​ရဲ့​သား ပါ​လ​တိ​နဲ့​ပေး​စား​လိုက်​ပြီ။+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ငြိမ်သက်​ခြင်း ရှိ​ပါ​စေ။”
တစ်​ဆီ​ယာ​က ၇.၃၃ လီ​တာ​ဆံ့​တဲ့ ပုံး​တစ်​ပုံး​စာ​ရှိ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
“ဒါဝိဒ်​ကို” လည်း​ဖြစ်​နိုင်။
အဓိပ္ပာယ်၊ “အသိ​တရား​မရှိ​သူ၊ မိုက်​မဲ​သူ။”