ရောမ ၁၅:၁-၃၃

  • ခ​ရစ်​တော်​လို​ပဲ အချင်း​ချင်း​ကို ကြို​ဆို​လက်​ခံ​ကြပါ (၁-၁၃)

  • လူ​မျိုး​ခြား​တွေ​အတွက် ကျွန်​တစ်​ယောက်​ဖြစ်​တဲ့ ပေါ​လု (၁၄-၂၁)

  • ပေါ​လု​ရဲ့ ခ​ရီး​စဉ် (၂၂-၃၃)

၁၅  ဒီတော့ ယုံ​ကြည်​ခြင်း​ခိုင်​ခံ့​တဲ့ ကျွန်​တော်​တို့​က ယုံ​ကြည်​ခြင်း မခိုင်​ခံ့​တဲ့​သူ​တွေ​ကို သူ​တို့​ရဲ့ အား​နည်း​ချက်​တွေ ခံ​ရပ်​နိုင်​အောင် ကူ​ညီ​ပေး​သင့်​တယ်။+ ကိုယ့်​အလို​အတိုင်း မလုပ်​သင့်​ဘူး။+ ၂  သူ​တစ်​ပါး​ရဲ့​အလို​ကို လိုက်​ပြီး သူ​တို့​အကျိုး​အတွက် အား​ပေး​မှု​ဖြစ်​စေ​မယ့်​အရာတွေ​ကို လုပ်​ဆောင်​ကြ​စို့။+ ၃  ခ​ရစ်​တော်​တောင်  ကိုယ့်​အလို​အတိုင်း မလုပ်​ခဲ့​ဘူး။+ “ကိုယ်​တော့်​ကို ကဲ့​ရဲ့​သူ​တွေ ကဲ့​ရဲ့​တာ​ကို ကျွန်​တော်​ခံ​နေ​ရ​တယ်”+ ဆို​ပြီး ကျမ်း​စာ​မှာ ရေး​ထား​တဲ့​အတိုင်း​ပါ​ပဲ။ ၄  ကျမ်း​စာ​မှာ ကြို​တင်​ရေး​ထား​သမျှ​ဟာ ကျွန်​တော်​တို့​ကို သွန်​သင်​ဆုံး​မဖို့ ဖြစ်​တယ်။+ ကျမ်း​စာ​က ကျွန်​တော်​တို့​ကို ခံ​နိုင်​ရည်​နဲ့+ နှစ်​သိမ့်​မှု​ပေး​တဲ့​အတွက် မျှော်​လင့်​ချက်​ရှိ​စေ​တယ်။+ ၅  ခံ​နိုင်​ရည်​နဲ့ နှစ်​သိမ့်​မှု ပေး​သနား​တဲ့ ဘု​ရား​သခင်​က ခရစ်​တော်​ယေရှု​မှာ​ရှိ​တဲ့ စိတ်​သဘော​ထား ခင်ဗျား​တို့​မှာ ရှိ​လာ​အောင် ကူ​ညီ​ပေး​ပါ​စေ။ ၆  ဒါ​ဆို​ရင် သခင်​ယေရှု​ခရစ်​ရဲ့​အဖ ဘုရား​သခင်​ကို ခင်​ဗျား​တို့ တ​ညီ​တ​ညွတ်​တည်း+​  ဂုဏ်​တင်​ချီး​မွမ်း​နိုင်​ကြ​မယ်။ ၇  ဒါ​ကြောင့် ခ​ရစ်​တော်​က ဘု​ရား​သခင်​ရဲ့​ဘုန်း​တော် ထင်​ရှား​စေ​ဖို့ ကျွန်​တော်​တို့​ကို  ကြို​ဆို​လက်​ခံ​ခဲ့​သလို+ အချင်း​ချင်း​ကို ကြို​ဆို​လက်​ခံ​ကြ​ပါ။+ ၈  ကျွန်​တော်​ပြော​မယ်။ ဘု​ရား​သခင်​ဟာ ဟုတ်​တိုင်း​မှန်​ရာ ပြော​ဆို​တဲ့​ဘုရား​ဖြစ်​ကြောင်း ဖော်​ပြဖို့၊ ဘိုး​ဘေး​တွေ​ကို​ပေး​ခဲ့​တဲ့ က​တိ​တွေ ဟုတ်​မှန်​ကြောင်း သက်​သေပြဖို့+ ခ​ရစ်​တော်​က အရေ​ဖျား​ဖြတ်​ထား​သူ​တွေ​အ​တွက်​ အစေ​အပါး ဖြစ်​လာခဲ့​တယ်။+ ၉  လူ​မျိုး​ခြား​တွေ​လည်း ခံ​စား​ရ​တဲ့ က​ရု​ဏာ​တော်​အ​တွက် ဘု​ရား​သခင့်​ဘုန်း​တော်​ကို ချီး​မွမ်း​ခွင့်​ရ​ကြ​တယ်။+  “ဒါ​ကြောင့်  ကျွန်​တော်​က လူ​မျိုး​တွေ​အလယ်​မှာ ကိုယ်​တော့်​ကို လူ​သိ​ရှင်​ကြား ဂုဏ်​တင်​ချီး​မွမ်း​ပါ့​မယ်။ နာ​မတော်​ကို ချီး​မွမ်း​သီ​ချင်း​ဆို​ပါ့​မယ်”+ ဆို​တဲ့ ကျမ်း​စ​ကား​အတိုင်း​ပါ​ပဲ။ ၁၀  “လူ​မျိုး​အပေါင်း​တို့၊ ဘု​ရားရဲ့​လူ​မျိုး​နဲ့​အတူ ဝမ်း​မြောက်​ကြ​ပါ”+ လို့​လည်း ပြော​ထား​တယ်။ ၁၁  “လူ​မျိုး​အပေါင်း​တို့၊ ယေဟောဝါ​ကို* ချီး​မွမ်း​ကြ။ လူ​အပေါင်း​တို့၊ ဘု​ရား​ကို ချီး​မွမ်း​ကြ”+  လို့​လည်း  ရေး​ထား​တယ်။ ၁၂  ဟေရှာယ​က “ယေ​ရှဲ​ရဲ့​အမြစ် ပေါ်​ထွန်း​လာ​မယ်။+ သူ​က လူ​မျိုး​ခြား​တွေ​ကို အုပ်​စိုး​လိမ့်​မယ်။+ လူ​မျိုး​ခြား​တွေ​က သူ့​ကို အား​ကိုး​မျှော်​လင့်​ကြ​လိမ့်​မယ်”+ လို့​ပြော​ခဲ့​တယ်။ ၁၃  မျှော်​လင့်​ချက်​ပေး​တဲ့​အရှင် ဘု​ရား​သခင်​က မိမိ​ကို ယုံ​ကြည်​အား​ထား​တဲ့ ခင်​ဗျား​တို့​ကို ရွှင်​လန်း​ခြင်း၊ ငြိမ်​သက်​ခြင်း​တွေ ကြွယ်​ဝ​စွာ ပေး​သနား​ပါ​စေ။ အဲ​ဒီ​အခါ ခင်​ဗျား​တို့​ရဲ့ မျှော်​လင့်​ချက်​ဟာ သန့်​ရှင်း​သော စွမ်း​အား​တော်ရဲ့ တန်​ခိုး​ကြောင့် ပို​ပြီး​ရှင်​သန်​နေ​မယ်။+ ၁၄  ညီ​အစ်​ကို​တို့၊ ခင်​ဗျား​တို့​ဟာ ကောင်း​တာ​လုပ်​ဖို့ အသင့်​ဖြစ်​နေ​မှန်း၊ အသိ​ပညာ​အမျိုး​မျိုး​နဲ့  ပြည့်​စုံ​မှန်း၊ အချင်း​ချင်း​ကို သတိ​ပေး​ဆုံး​မနိုင်​စွမ်း​ရှိ​မှန်း ကျွန်​တော် တ​ထစ်​ချ​ယုံ​တယ်။ ၁၅  ဒါ​ပေမဲ့ ခင်​ဗျား​တို့​ကို သတိ​ပေး​တဲ့​အနေ​နဲ့ တ​ချို့​ကိစ္စတွေ​ကို ပွင့်​ပွင့်​လင်း​လင်း ရေး​လိုက်​တယ်။ ဘု​ရား​သခင်​က ကျွန်​တော့်​ကို မဟာ​က​ရု​ဏာ​တော် ပြထား​တဲ့​အတွက် အခု​လို သတိ​ပေး​ရ​တာ​ပါ။ ၁၆  အဲ​ဒီ​မဟာ​က​ရု​ဏာ​တော်​ကြောင့်  ခ​ရစ်​တော်​ယေရှု​ရဲ့  အစေ​အပါး  ဖြစ်​ခွင့်​ရခဲ့​တဲ့​အတွက် လူ​မျိုး​ခြား​အား​လုံး​ကို  ကျွန်​တော် သတင်း​ကောင်း ကြေ​ညာ​နိုင်​ခဲ့​တယ်။+ ဒါ​ဟာ မြင့်မြတ်​တဲ့​အလုပ်​ပဲ။+ ကျွန်​တော် ဒီ​လို​လုပ်​ဆောင်​တဲ့​အတွက် လူ​မျိုး​ခြား​တွေ​ဟာ သန့်​ရှင်း​သော စွမ်း​အား​တော်​အား​ဖြင့် သန့်​စင်​ခံ​ရ​ပြီး နှစ်​သက်​ဖွယ်​ကောင်း​တဲ့ အလှူ​တွေ ဖြစ်​လာ​ကြ​ပြီ။ ၁၇  ကျွန်​တော်​ဟာ  ခ​ရစ်​တော်​ယေရှု​ရဲ့ တ​ပည့်​ဖြစ်​ခွင့်​ရလို့၊ ဘု​ရား​သခင်​အတွက် အမှု​ဆောင်​ခွင့်​ရလို့ ဝမ်း​မြောက်​နေ​တယ်။ ၁၈  ခ​ရစ်​တော်​က ကျွန်​တော့်​ကို​သုံး​ပြီး လူ​မျိုး​ခြား​တွေ နာ​ခံ​လာ​အောင် လုပ်​ဆောင်​ခဲ့​တယ်​ဆို​တဲ့ အချက်​က​လွဲ​လို့ တ​ခြား​ဘာ​ကို​မှ ကျွန်​တော် မပြော​ဝံ့​ပါ​ဘူး။ ကျွန်​တော့်ရဲ့​စ​ကား​တွေ၊ ကျွန်​တော့်ရဲ့ လုပ်​ဆောင်​မှု​တွေ၊ ၁၉  အံ့​ဖွယ်​အမှု​တွေ၊ ထူး​ဆန်း​တဲ့​အရာတွေ​နဲ့+ ဘု​ရား​သခင့် စွမ်း​အား​တော်ရဲ့ တန်​ခိုး​အား​ဖြင့် ခ​ရစ်​တော် အဲ​ဒီ​လို လုပ်​ဆောင်​ခဲ့​တာ။ ဒါ​ကြောင့် ကျွန်​တော်​က ဂျေရု​ဆ​လင်​မြို့​က​စ​ပြီး အိ​လု​ရိတ်​ပြည်​အထိ အဲ​ဒီ​ဒေ​သတစ်​လျှောက် လှည့်​လည်​ပြီး ခ​ရစ်​တော်ရဲ့ သတင်း​ကောင်း​ကို စေ့​စေ့​စပ်​စပ် ဟော​ပြော​ခဲ့​ပြီ။+ ၂၀  ကျွန်​တော့်ရည်​ရွယ်​ချက်​က ခ​ရစ်​တော်ရဲ့ နာ​မည်​အကြောင်း မသိ​သေး​တဲ့​နေ​ရာတွေ​မှာ သတင်း​ကောင်း​ဟော​ဖို့​ပါ။ သူ​တစ်​ပါး​ချ​ထား​တဲ့ အုတ်​မြစ်​ပေါ်​မှာ ကျွန်​တော် ထပ်​ပြီး မတည်​ဆောက်​ဘူး။ ၂၁  “သူ့​သတင်း​ မကြား​ဖူး​သူ​တွေ သူ့​ကို မြင်​ရ​လိမ့်​မယ်။ သူ့​အကြောင်း မကြား​ဖူး​သူ​တွေ နား​လည်​ခွင့်​ရ​ကြ​လိမ့်​မယ်”+ ဆို​တဲ့ ကျမ်း​စ​ကား​အတိုင်း​ပဲ​ပေါ့။ ၂၂  အဲ​ဒါ​ကြောင့် ခင်​ဗျား​တို့​ဆီ ကျွန်​တော်  အကြိမ်​ကြိမ်  လာ​ချင်​ပေမဲ့​မလာ​ဖြစ်​ခဲ့​ဘူး။ ၂၃  အခု​တော့  ဒီ​ဒေသ​တွေ​မှာ ကျွန်​တော် မဟော​ရ​သေး​တဲ့​နေ​ရာ မရှိ​သလောက်​ပဲ။ ခင်​ဗျား​တို့​ဆီ လာ​ချင်​နေ​တာ​လည်း နှစ်​အတော်​ကြာ ရှိ​နေ​ပြီ။* ၂၄  စ​ပိန်​ပြည်​ကို ခ​ရီး​သွား​တဲ့​အခါ​ကျ​ရင် ခင်​ဗျား​တို့​နဲ့ တွေ့​ခွင့်ရ​မယ်၊ ခင်​ဗျား​တို့​နဲ့ အတန်​ကြာ ပေါင်း​သင်း​ပြီး​တဲ့​နောက် ကျွန်​တော့်​ကို ခ​ရီး​တစ်​ထောက် လိုက်​လံ​ပို့​ဆောင်​ပေး​မယ်​လို့ မျှော်​လင့်​ပါ​တယ်။ ၂၅  အခု​တော့ သန့်​ရှင်း​သူ​တွေ​ကို အလုပ်​အကျွေး​ပြု​ဖို့ ဂျေရု​ဆ​လင်​မြို့​ဆီ သွား​ရဦး​မယ်။+ ၂၆  မက်​ဆီ​ဒိုး​နီး​ယား​ပြည်​နဲ့ အခါ​ယ​ပြည်​မှာ​ရှိ​တဲ့​သူ​တွေ​က ဂျေရု​ဆ​လင်​မြို့​မှာ​ရှိ​တဲ့ သန့်​ရှင်း​သူ​တွေ​ထဲ​က နွမ်း​ပါး​သူ​တွေ​ကို ပစ္စည်း​ဥစ္စာ​တ​ချို့ ဝေ​မျှ​ပြီး ရက်ရက်ရောရော လှူ​ဒါန်း​လိုက်​လို့​ပါ။+ ၂၇  သူ​တို့​က ရက်ရက်ရောရော လှူ​ဒါန်း​ချင်​တယ်။ တကယ်​လည်း သူ​တို့​ဟာ ကျေး​ဇူး​မ​ကင်း​သူ​တွေ​ပါ။ ဘု​ရား​သခင်​ဆီ​က ကောင်း​မွန်​ရာတွေ​ကို သန့်​ရှင်း​သူ​တွေ​ဆီ​က ရ​ရှိ​ခဲ့​တဲ့​အတွက် သူ​တို့​ဘက်​က​လည်း သန့်​ရှင်း​သူ​တွေရဲ့ ရုပ်​ပိုင်း​ဆိုင်​ရာ လို​အပ်​ချက်​တွေ​ကို ဖြည့်​ဆည်း​ပေး​ရ​မယ့်​တာ​ဝန် ရှိ​ပါ​တယ်။+ ၂၈  ဒါ​ကြောင့် ဒီ​ကိစ္စ​ကို လက်​စ​သတ်​ပြီး သန့်​ရှင်း​သူ​တွေ​ဆီ အလှူ​တွေ အသေအချာ အပ်​ပြီး​ရင်​တော့ စ​ပိန်​ပြည်​ကို သွား​ရင်း​နဲ့ ခင်​ဗျား​တို့​ဆီ ဝင်​မယ်။ ၂၉  ကျွန်​တော်​လာ​တဲ့​အခါ ခ​ရစ်​တော်​ပေး​တဲ့ ကောင်း​ချီး​အလျှံ​ပယ်​ကို ခင်​ဗျား​တို့​ဆီ သယ်​ဆောင်​လာ​မယ်​ဆို​တာ စိတ်​ချ​ပါ။ ၃၀  ညီ​အစ်​ကို​တို့၊ သခင် ယေရှု​ခ​ရစ်​ကို ကျွန်​တော်​တို့ ယုံ​ကြည်​တဲ့​အတွက်၊ အချင်း​ချင်း​ချစ်​ဖို့ စွမ်း​အား​တော် လှုံ့ဆော်​ပေး​တဲ့​အတွက် ကျွန်​တော် တိုက်​တွန်း​ချင်​တာ​က ကျွန်​တော်​ဆု​တောင်း​သလို​ပဲ ခင်​ဗျား​တို့​လည်း ဘု​ရား​သခင်​ဆီ စိတ်​ထက်​သန်​စွာ ဆု​တောင်း​ပေး​ကြ​ပါ။+ ၃၁  ယုဒ​ပြည်​မှာ​ရှိ​တဲ့ မယုံ​ကြည်​သူ​တွေရဲ့ လက်​က​နေ ကျွန်​တော် လွတ်​မြောက်​နိုင်​ဖို့၊+ ဂျေရု​ဆ​လင်​မြို့​မှာ​ရှိ​တဲ့ သန့်​ရှင်း​သူ​တွေ​အတွက် ကျွန်​တော် အလုပ်​အကျွေး​ပြု​တာ​ကို သူ​တို့ နှစ်​သက်​လက်​ခံ​နိုင်​ဖို့  ဆု​တောင်း​ပေး​ကြ​ပါ။+ ၃၂  ဘု​ရား​အလို​တော်​ရှိ​ရင် ခင်​ဗျား​တို့​ဆီ ကျွန်​တော် ဝမ်း​မြောက်​ဝမ်း​သာ ရောက်​လာ​ပြီး အပြန်​အလှန် အား​ပေး​နိုင်​မှာ​ပါ။ ၃၃  ငြိမ်​သက်​ခြင်း ပေး​သနား​တဲ့ ဘု​ရား​သခင်​ဟာ ခင်​ဗျား​တို့​အား​လုံး​နဲ့​အတူ ရှိ​ပါ​စေ။+ အာ​မင်။*

အောက်ခြေမှတ်ချက်များ

“နှစ်​အနည်း​ငယ်​ရှိ​နေ​ပြီ” လည်း​ဖြစ်​နိုင်။
ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”