မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘာသာရေးရောနှောမှုကို ဘုရားသခင် လက်ခံသလား

ဘာသာရေးရောနှောမှုကို ဘုရားသခင် လက်ခံသလား

“ဘာသာရေးက လူတွေကို စည်းလုံးစေသလား၊ စိတ်ဝမ်းကွဲစေသလား” ဆိုပြီး သတင်းစာတစ်စောင် (The Sydney Morning Herald) မှာ မေးခွန်းထုတ်ထားတယ်။ ဖြေကြားသူ ၈၉ ရာခိုင်နှုန်းလောက်က ဘာသာရေးဟာ လူတွေကို စိတ်ဝမ်းကွဲစေတယ်လို့ ပြောကြတယ်။

ဘာသာရေးရောနှောမှုကို ထောက်ခံတဲ့သူတွေကတော့ အဲဒီလိုမရှုမြင်ကြဘူး။ “ထောက်ထားစာနာမှုကို အလေးမပေးတဲ့၊ . . . သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ဂရုမစိုက်တဲ့၊ . . . ဧည့်ဝတ်ကျေပွန်မှုကို အရေးမစိုက်တဲ့ ဘာသာရေးဆိုတာ ရှိလို့လား” ဆိုပြီး ဘာသာရေးရောနှောမှုအဖွဲ့တစ်ဖွဲ့ (the Interfaith Youth Core) ကို တည်ထောင်သူ အီဘူ ပါတဲလ်ကမေးတယ်။

ဗုဒ္ဓဘာသာ၊ ကက်သလစ်ဘာသာ၊ ပရိုတက်စတင့်ဘာသာ၊ ဟိန္ဒူဘာသာ၊ မွတ်စလင်ဘာသာဝင်တွေနဲ့ တခြားဘာသာဝင်တွေ ပူးပေါင်းပြီး ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ဖို့၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ဖို့၊ မြေမြှုပ်မိုင်းတွေကို တားမြစ်ဖို့၊ သဘာဝပတ်ဝန်းကျင် ကိစ္စတွေကို လူတွေအာရုံစိုက်လာဖို့ လုပ်ဆောင်ခဲ့ကြတယ်။ အချင်းချင်း နားလည်မှုရှိပြီး ဘယ်လို အားပေးရမလဲဆိုတာကို ဆွေးနွေးဖို့ ဘာသာတရားအမျိုးမျိုးကလူတွေ စုဝေးခဲ့ကြတယ်။ ဖယောင်းတိုင် ထွန်းပွဲတွေ၊ ဘာသာရေးပွဲတော်တွေ၊ ဆုတောင်းပွဲတွေနဲ့ ဖျော်ဖြေရေးတွေကို အတူတကွကျင်းပကြတယ်။

ဘာသာရေးရောနှောမှုက ဘာသာရေး အငြင်းပွားမှုတွေကို ဖြေရှင်းပေးနိုင်တဲ့နည်းလား။ ဘုရားသခင်က ဘာသာရေးရောနှောတဲ့ နည်းကိုသုံးပြီး ကမ္ဘာကြီးကို ငြိမ်းချမ်းလာအောင် လုပ်ပေးမှာလား။

စည်းလုံးမှုရဖို့ မလွယ်ကူ

ဘာသာရေးရောနှောမှု အဖွဲ့အစည်းကြီးတစ်ခုက သူတို့ဆီမှာ ဘာသာတရားပေါင်း ၂၀၀ ကျော်ကို ကိုယ်စားပြုတဲ့သူတွေရှိပြီး ၇၆ နိုင်ငံမှာ အဖွဲ့အစည်းအတွက် အလုပ်လုပ်နေကြတယ်လို့ ကြွားဝါပြောဆိုလိုက်တယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က “အဖွဲ့အစည်း ခိုင်မြဲဖို့နဲ့ နေ့စဉ်ပူးပေါင်းဆောင်ရွက်ဖို့” လို့ ကြွေးကြော်ကြတယ်။ ဒါပေမဲ့ ပြောရလွယ်သလောက် လုပ်ရခက်ပါတယ်။ ဥပမာ၊ အဖွဲ့အစည်းဆိုင်ရာစာတမ်းတွေကို ရေးဆွဲတဲ့အခါ အဲဒီစာတမ်းကို လက်မှတ်ထိုးကြသူတွေရဲ့ ဘာသာတရားတွေကို မပုတ်ခတ်မိအောင် စကားလုံးတွေကို ဂရုတစိုက်ရွေးချယ်ရတယ်လို့ အဖွဲ့အစည်းတည်ထောင်သူတွေက ပြောပြတယ်။ ဘာကြောင့်လဲ။ အကြောင်းရင်းတစ်ချက်က တရားဝင်စာတမ်းမှာ ဘုရားကို ထည့်သင့်၊ မထည့်သင့်နဲ့ပတ်သက်ပြီး သဘောမတူကြလို့ဖြစ်တယ်။ နောက်ဆုံးမှာ ဘုရားကို ရည်ညွှန်းတာ ဒါမှမဟုတ် ဖော်ပြတာတွေ မလုပ်ကြတော့ဘူး။

ဘုရားကို မထည့်သွင်းတော့ဘူးဆိုရင် ဘာသာရေးဆိုတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ ဒါ့အပြင် ဘာသာရေးရောနှောတဲ့အဖွဲ့ဟာ ဘာသာရေးနဲ့မဆိုင်တဲ့အဖွဲ့ ဒါမှမဟုတ် အများအကျိုးဆောင်အဖွဲ့တွေနဲ့ ဘယ်လိုလုပ်ပြီး ကွာခြားတော့မှာလဲ။ ဒါကြောင့် ရှေ့မှာဖော်ပြထားတဲ့ ဘာသာရေးရောနှောတဲ့အဖွဲ့ကိုယ်နှိုက်က သူတို့ဟာ ဘာသာရေးအဖွဲ့မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းဖြစ်တယ်လို့ ပြောပြတယ်။

ဘာသာရေးဆိုတာ အရည်အသွေးကောင်းတွေရှိဖို့ တိုက်တွန်းရုံပဲလား

“အဓိကဘာသာကြီးတွေရဲ့ ဆုံးမစကားတွေဟာ အခြေခံသဘောတရားချင်း တူညီကြတယ်။ မေတ္တာ၊ ထောက်ထားစာနာမှု၊ ခွင့်လွှတ်မှုရှိဖို့ အဓိကတိုက်တွန်းကြတယ်” လို့ ဘာသာရေးရောနှောမှုကို ထောက်ခံတဲ့ အထင်ကရပုဂ္ဂိုလ်တစ်ဦးက ပြောပြတယ်။ “အရေးကြီးဆုံးက အဲဒီအရည်အသွေးကောင်းတွေကို ကိုယ့်ရဲ့နေ့စဉ်အသက်တာမှာ ကျင့်သုံးသင့်တယ်” လို့ သူပြောသေးတယ်။

မေတ္တာ၊ ထောက်ထားစာနာမှု၊ ခွင့်လွှတ်မှုစတဲ့ အရည်အသွေးကောင်းတွေက အရမ်းအရေးကြီးပါတယ်။ ရွှေပညတ်လို့ခေါ်တဲ့ ကျမ်းထဲမှာ ယေရှု ဒီလိုပြောပြတယ်– “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။” (မဿဲ ၇:၁၂) ဒါပေမဲ့ စစ်မှန်တဲ့ဘာသာက အရည်အသွေးကောင်းတွေရှိဖို့ တိုက်တွန်းရုံပဲလား။

ကျမ်းရေးသူပေါလုဟာ ဘုရားသခင်ကို ဝတ်ပြုပါတယ်လို့ဆိုတဲ့ သူ့ခေတ်ကလူတွေနဲ့ပတ်သက်ပြီး ဒီလိုပြောခဲ့တယ်– “ထိုသူတို့သည် ဘုရားသခင်ဘက်၌ စိတ်အားထက်သန်ကြသည်ဟု ငါသက်သေခံ၏။ သို့သော် တိကျမှန်ကန်သော အသိပညာအတိုင်း မဟုတ်။” ပြဿနာက ဘာဖြစ်မလဲ။ “သူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မသိဘဲ ကိုယ့်ဖြောင့်မတ်ခြင်းကို တည်စေရန် ရှာကြံ” နေကြတာဖြစ်တယ်လို့ ပေါလုဆက်ပြောခဲ့တယ်။ (ရောမ ၁၀:၂၊ ၃) ဘုရားသခင်က ဘာလုပ်စေချင်သလဲဆိုတာကို မသိရင် သူတို့ စိတ်အားထက်သန်ပြီး ယုံကြည်ခြင်းရှိနေတာဟာ ဘာအကျိုးမှ မရှိဘူး။—မဿဲ ၇:၂၁-၂၃

ဘာသာရေးရောနှောမှုအကြောင်း ကျမ်းစာမှာ ဘာပြောထားသလဲ

ယေရှုက “ငြိမ်သက်စေသူတို့သည် ပျော်ရွှင်ကြ၏” လို့ ပြောခဲ့တယ်။ (မဿဲ ၅:၉) အကြမ်းမဖက်ဘဲ ငြိမ်သက်ခြင်းရှိဖို့ ဘာသာရေးနောက်ခံအမျိုးမျိုးရှိတဲ့ လူတွေကို ယေရှု ဟောပြောပြီး ဟောတဲ့အတိုင်းလည်း ကိုယ်တော် ကျင့်ကြံပြုမူခဲ့တယ်။ (မဿဲ ၂၆:၅၂) ယေရှုရဲ့စကားကို နားထောင်တဲ့သူတွေဟာ ခိုင်မြဲတဲ့မေတ္တာနှောင်ကြိုးနဲ့ စည်းလုံးလာကြတယ်။ (ကောလောသဲ ၃:၁၄) ဘာသာရေးနောက်ခံအသီးသီးက လူတွေ စည်းလုံးညီညွတ်လာဖို့လောက်ပဲ ယေရှု ရည်ရွယ်ခဲ့သလား။ သူတို့ရဲ့ဘာသာရေးမှာ ယေရှု ပါဝင်ခဲ့သလား။

ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့ ဖာရိရှဲနဲ့ ဇဒ္ဒုကဲတွေက ယေရှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး သတ်ဖို့တောင် ကြိုးစားခဲ့ကြတယ်။ ယေရှု ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ “သူတို့ကို ရှိပါလေစေ။ သူတို့သည် လမ်းပြသောလူကန်းများ ဖြစ်ကြ၏” လို့ တပည့်တွေကို မိန့်မှာခဲ့တယ်။ (မဿဲ ၁၅:၁၄) အဲဒီလိုလူတွေနဲ့ ဘာသာရေးရောနှောဖို့ ယေရှု မတိုက်တွန်းခဲ့ဘူး။

လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရှိတဲ့ ဂရိနိုင်ငံ၊ ကောရိန္သုမြို့မှာ ခရစ်ယာန်အသင်းတော်တစ်ခု တည်ရှိခဲ့တယ်။ အဲဒီမြို့က ခရစ်ယာန်တွေ ဘယ်လိုနေထိုင်ပြုမူ ရမလဲ။ “မယုံကြည်သောသူတို့နှင့်တွဲ၍ ဘက်မညီသည့် ထမ်းပိုးကို မထမ်းကြ” နဲ့လို့ သူတို့ကို ပေါလု သတိပေးခဲ့တယ်။ ဘာကြောင့်လဲ။ “ခရစ်တော်သည် ဗေလျာလနှင့် မည်သို့သင့်မြတ်နိုင်မည်နည်း။ ယုံကြည်သူနှင့် မယုံကြည်သူသည် မည်သို့ မျှဝေခံစားနိုင်မည်နည်း” ဆိုပြီး ပေါလု ကျိုးကြောင်းဆင်ခြင်ပြခဲ့တယ်။ ပြီးတော့ ဒီအကြံပြုချက်ကို ပေးခဲ့တယ်– “ထို့ကြောင့် ထိုသူတို့အထဲမှ ထွက်၍ တသီးတခြားနေကြလော့။”—၂ ကောရိန္သု ၆:၁၄၊ ၁၅၊ ၁၇

သမ္မာကျမ်းစာက ဘာသာရေးရောနှောမှုကို လက်မခံဘူးဆိုတာ သိသာထင်ရှားပါတယ်။ ‘ဒါဆိုရင် စစ်မှန်တဲ့စည်းလုံးမှုကို ဘယ်လိုရရှိနိုင်မလဲ’ ဆိုပြီး သင် သိချင်မှာပဲ။

စစ်မှန်တဲ့စည်းလုံးမှုကို တည်ဆောက်

ဆောက်လုပ်ရေး ကုမ္ပဏီတွေမှာ အလုပ်သမားတွေ အများကြီးရှိတယ်။ အဲဒီအလုပ်သမားတွေက ဘယ်လိုဆောက်လုပ်မယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို သဘောမတူကြဘူးဆိုရင် အလုပ်ဖြစ်မြောက်မှာ မဟုတ်ဘူး။

ဒီနေ့ခေတ် ဘာသာရေးရောနှောမှုအဖွဲ့ရဲ့ အခြေအနေလည်း အဲဒီအတိုင်းပါပဲ။ အချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး လေးစားမှုရှိဖို့ အလေးပေးလုပ်ဆောင်ကြပေမဲ့ သူတို့အားလုံး သဘောတူ လိုက်လျှောက်နိုင်မယ့် အသေးစိတ်အစီအစဉ်တွေ မရှိဘူး။ ဒါကြောင့် လူ့ကျင့်ဝတ်နဲ့ ဘာသာရေးသွန်သင်ချက်တွေက အရင်ကထက် ကွဲပြားလာကြတယ်။

အသေးစိတ် လိုက်လျှောက်ရမယ့် ဘုရားသခင့်စံနှုန်းတွေက သမ္မာကျမ်းစာမှာ ပါ,ပါတယ်။ ဒါကြောင့် ကျမ်းစာပြောဆိုရာတွေနဲ့အညီ ကျွန်ုပ်တို့ အသက်ရှင်နေထိုင်နိုင်ပါတယ်။ ကျမ်းစာအဆိုကို လက်ခံကျင့်သုံးသူတွေဟာ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုတွေ မရှိဘဲ ငြိမ်သက်၊ စည်းလုံးပြီး စုပေါင်းလုပ်ဆောင် တတ်လာကြတယ်။ အဲဒီအချက်ကို ဘုရားသခင် ဒီလိုကြိုပြောခဲ့တယ်– “လူမျိုးအပေါင်းတို့သည် ထာဝရဘုရား၏အမှုတော်ကို တညီတညွတ်တည်း ဆောင်ရွက်မည်အကြောင်း နာမတော်ကို ပတ္ထနာပြုစေခြင်းငှာ သန့်ရှင်းသော ဘာသာစကားကို သူတို့အား ငါပြန်ပေးမည်။” ဘုရားသခင့်စံနှုန်းနဲ့အညီ ဝတ်ပြုကိုးကွယ်ခြင်းဆိုတဲ့ “သန့်ရှင်းသောဘာသာစကား” ကြောင့် လူတွေ စည်းလုံးလာကြတာပါ။—ဇေဖနိ ၃:၉; ဟေရှာယ ၂:၂-၄

သင်နဲ့နီးတဲ့ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမကို လာလည်ဖို့ သင့်ကို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။ သူတို့ကြားက စစ်မှန်တဲ့ ငြိမ်သက်စည်းလုံးမှုကို သင်ကိုယ်တိုင် တွေ့ရှိရပါလိမ့်မယ်။—ဆာလံ ၁၃၃:၁