မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်တော်ကလေးဘဝက ရွေးချယ်ခဲ့တဲ့အရာ

ကျွန်တော်ကလေးဘဝက ရွေးချယ်ခဲ့တဲ့အရာ

ကလေးဘဝတုန်းက

၁၉၈၅ ခုနှစ်မှာ ကျွန်တော့်အသက်က ဆယ်နှစ်ပါ။ အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုပြည်နယ်၊ ကိုလံဘတ်စ်မြို့မှာရှိတဲ့ ကျွန်တော်တက်နေတဲ့ကျောင်းကို ကမ္ဘောဒီးယားက ကလေးတွေ ရောက်လာကြတယ်။ အဲဒီထဲက ယောက်ျားလေးတစ်ယောက်က အင်္ဂလိပ်စကားလုံး နည်းနည်းပါးပါးသိတယ်။ သူက နှိပ်စက်ခံရ၊ အသတ်ခံရသူတွေအကြောင်း၊ အသက်ဘေးကလွတ်ဖို့ ထွက်ပြေးသူတွေအကြောင်း ကြောက်စရာဇာတ်လမ်းတွေကို ရုပ်ပုံတွေဆွဲပြီး ကျွန်တော့်ကို ပြောပြတယ်။ ညအိပ်ယာဝင်ချိန်မှာ အဲဒီကလေးတွေအကြောင်း စဉ်းစားမိတဲ့အခါ ကျွန်တော်ငိုခဲ့တယ်။ သူတို့ကို ပရဒိသုအကြောင်း၊ လူသေတွေ အသက်ပြန်ရှင်လာမယ့်အကြောင်း ပြောပြချင်တယ်၊ ဒါပေမဲ့ ကျွန်တော့်စကားကို သူတို့ နားမလည်ဘူး။ ကျွန်တော်က ကလေးပဲရှိသေးပေမဲ့ ကမ္ဘောဒီးယားစကားသင်ဖို့ ဆုံးဖြတ်လိုက်တယ်၊ အဲဒါမှ ကျွန်တော့်သူငယ်ချင်းတွေကို ယေဟောဝါအကြောင်း ပြောပြနိုင်မယ်။ ဒီဆုံးဖြတ်ချက်က ကျွန်တော့်ရဲ့အနာဂတ်အပေါ် ဘယ်လိုအကျိုးသက်ရောက်မယ်ဆိုတာ အဲဒီအချိန်တုန်းက မသိခဲ့ဘူး။

ကမ္ဘောဒီးယားစကားသင်ရတာ တကယ်ခက်တယ်။ လက်လျှော့လိုက်တော့မယ်လို့ ကျွန်တော် နှစ်ခါစဉ်းစားဖူးတယ်၊ ဒါပေမဲ့ ယေဟောဝါက ကျွန်တော့်မိဘတွေကတစ်ဆင့် ကျွန်တော့်ကို အားပေးခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော့်ဆရာတွေနဲ့ သူငယ်ချင်းတွေက လစာကောင်းတဲ့အလုပ်ကို လုပ်ဖို့ ကျွန်တော့်ကို စပြီးတိုက်တွန်းလာကြတယ်။ ဒါပေမဲ့ ကျွန်တော် ရှေ့ဆောင်လုပ်ချင်တယ်၊ ဒါကြောင့် အချိန်ပိုင်းအလုပ်ရဖို့ အထောက်အကူဖြစ်စေမယ့် အထက်တန်းကျောင်းပညာရေးကို ကျွန်တော် ရွေးချယ်လိုက်တယ်။ ကျွန်တော်က ကျောင်းဆင်းပြီဆိုရင် ရှေ့ဆောင်တချို့နဲ့ အမှုဆောင်ထွက်လေ့ရှိတယ်။ အင်္ဂလိပ်စာသင်ယူနေတဲ့ကလေးတွေကိုလည်း စာသင်ပေးတယ်။ ဒီဆုံးဖြတ်ချက်က နောက်ပိုင်းမှာ ကျွန်တော့်အတွက် အထောက်အကူဖြစ်ခဲ့တယ်။

ကျွန်တော့်အသက် ၁၆ နှစ်ရောက်တဲ့အခါ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လောင်းဘိခ်ျမြို့မှာ ကမ္ဘောဒီးယားအုပ်စုရှိတယ်လို့ ကြားတယ်။ အဲဒီအုပ်စုဆီ သွားလည်ပတ်ဖို့ ကျွန်တော့်မိဘတွေက ခွင့်ပြုတယ်။ အဲဒီက ညီအစ်ကိုညီအစ်မတွေက ကျွန်တော့်ကို ကမ္ဘောဒီးယားစာသင်ပေးတယ်။ ကျောင်းပြီးသွားတာနဲ့ ချက်ချင်း ကျွန်တော် ရှေ့ဆောင်စလုပ်တယ်။ ကျွန်တော်တို့အိမ်အနီးအနားမှာရှိတဲ့ ကမ္ဘောဒီးယားလူမျိုးတွေကို စဟောပြောတယ်။ အသက် ၁၈ နှစ်ရှိတဲ့အခါ ကမ္ဘောဒီးယားကို ပြောင်းရွှေ့ဖို့ ကျွန်တော် စဉ်းစားခဲ့တယ်။ အဲဒီနေရာက အန္တရာယ်ရှိတဲ့နယ်မြေဖြစ်ပေမဲ့ အဲဒီမှာ လူဦးရေ ဆယ်သန်းနေထိုင်တယ်၊ အများစုက သတင်းကောင်းကို တစ်ခါမှ မကြားဖူးဘူး။ အဲဒီအချိန်တုန်းက အဲဒီမှာ အသင်းတော်တစ်ခုပဲရှိပြီး တစ်နိုင်ငံလုံးမှာ ကြေညာသူ ၁၃ ယောက်ပဲရှိတယ်။ ကျွန်တော် အသက် ၁၉ နှစ်ရောက်တဲ့အခါ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘောဒီးယားကို အလည်အပတ်သွားခဲ့တယ်။ နှစ်နှစ်ကြာပြီးတဲ့နောက် အဲဒီကိုပြောင်းရွှေ့ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ အချိန်ပိုင်းအလုပ်အနေနဲ့ ဘာသာပြန်အလုပ်နဲ့ အင်္ဂလိပ်စာသင်တဲ့အလုပ် လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော်နဲ့ပန်းတိုင်တွေတူတဲ့ ဇနီးတစ်ယောက်ကို တွေ့ခဲ့တယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ ကမ္ဘောဒီးယားလူမျိုးများစွာကို ယေဟောဝါသက်သေဖြစ်လာအောင် ကူညီပေးခဲ့ကြတယ်။

ယေဟောဝါဟာ ကျွန်တော့်စိတ်နှလုံးရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးခဲ့တယ်။ (ဆာ. ၃၇:၄) ဟောပြောခြင်းလုပ်ငန်းက လူတစ်ယောက်လုပ်နိုင်တဲ့ ပျော်ရွှင်ကျေနပ်မှု အပေးဆုံးလုပ်ငန်းပဲ။ ကျွန်တော် ကမ္ဘောဒီးယားရောက်တာ ၁၆ နှစ်ရှိပြီ၊ ကြေညာသူ ၁၃ ယောက်ရှိတဲ့ အသင်းတော်ငယ်လေးကနေ အသင်းတော် ၁၂ ခုနဲ့ အုပ်စု ၄ ခုအထိ တိုးတက်လာတယ်။—ဂျေဆင် ဘလက်ဝဲလ် ပြောပြတယ်။