မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နှစ်သိမ့်မှုကို လက်ခံပါ—တခြားသူတွေကို နှစ်သိမ့်ပေးပါ

နှစ်သိမ့်မှုကို လက်ခံပါ—တခြားသူတွေကို နှစ်သိမ့်ပေးပါ

ကျွန်ုပ်တို့အားလုံးက မစုံလင်သူတွေဖြစ်လို့ ဖျားနာကြရတယ်၊ တချို့ဆိုရင် ဖျားနာပြီး သေဆုံးသွားကြတယ်။ ကျွန်ုပ်တို့ အဲဒီလိုဖျားနာတဲ့အခါမှာ ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲ။

ထိရောက်တဲ့ ရင်ဆိုင်ဖြေရှင်းနည်းတစ်ခုက မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ယုံကြည်သူချင်းတွေရဲ့ နှစ်သိမ့်မှုကို လက်ခံခြင်းဖြစ်တယ်။

မိတ်ဆွေတစ်ယောက်ရဲ့ ချစ်ခင်ကြင်နာမှုပါတဲ့စကားလုံးတွေက အနာသက်သာစေတဲ့ လိမ်းဆေးနဲ့တူပြီး ကျွန်ုပ်တို့ကို လန်းဆန်းစေပါတယ်။ (သု. ၁၆:၂၄; ၁၈:၂၄; ၂၅:၁၁) ဒါပေမဲ့ ခရစ်ယာန်စစ်တွေဟာ တခြားသူတွေဆီက နှစ်သိမ့်မှုခံရဖို့လောက်ပဲ မစဉ်းစားကြဘူး။ သူတို့ဟာ “ဘုရားသခင်၏နှစ်သိမ့်ပေးခြင်းကို ကိုယ်တိုင်ခံရသကဲ့သို့ ဆင်းရဲဒုက္ခအမျိုးမျိုးခံရသူတို့” ကိုနှစ်သိမ့်ပေးဖို့ ကိုယ်တိုင် အစပြုလုပ်ဆောင်ကြတယ်။ (၂ ကော. ၁:၄; လု. ၆:၃၁) မက္ကဆီကိုနိုင်ငံက ခရိုင်ကြီးကြပ်မှူးဖြစ်တဲ့ အန်တိုနီယိုဟာ အဲဒါကို ကိုယ်တွေ့ကြုံခဲ့ရသူဖြစ်တယ်။

အန်တိုနီယိုဟာ သူ့မှာ သွေးကင်ဆာရောဂါတစ်မျိုး ဖြစ်နေပြီဆိုတာ သိလိုက်ရတဲ့အခါ အရမ်းစိတ်ထိခိုက်သွားတယ်။ ဒါပေမဲ့ သူ့ရဲ့ အပျက်သဘောထား ခံစားချက်တွေကို တိုက်လှန်ဖို့ သူအရမ်းကြိုးစားခဲ့တယ်။ ဘယ်လိုနည်းနဲ့လဲ။ နိုင်ငံတော်သီချင်းတွေကို အလွတ်ကျက်ပြီး ဆိုတယ်၊ အဲဒီမှာပါတဲ့စကားလုံးတွေကို တွေးတောဆင်ခြင်တယ်။ အသံထွက်ပြီး ဆုတောင်းတယ်၊ ကျမ်းစာဖတ်တယ်၊ အဲဒါတွေက တကယ် စိတ်သက်သာရာရစေပါတယ်။

ဒါပေမဲ့ သူရခဲ့တဲ့ အကြီးမားဆုံးနှစ်သိမ့်မှုက သူ့ရဲ့ယုံကြည်သူချင်းတွေဆီကဖြစ်တယ်ဆိုတာ အခု အန်တိုနီယို သဘောပေါက်လာတယ်။ သူဒီလိုပြောပြတယ်– “ကျွန်တော်နဲ့ ကျွန်တော့်ဇနီး အရမ်းစိုးရိမ်သောကဖြစ်လာပြီဆိုရင် ဆွေမျိုးလည်းတော်တဲ့ အသင်းတော်အကြီးအကဲတစ်ဦးကိုခေါ်ပြီး ကျွန်တော်တို့နဲ့အတူ ဆုတောင်းဖို့ တောင်းဆိုတယ်။ အဲဒါက ကျွန်တော်တို့ကို နှစ်သိမ့်မှုနဲ့ စိတ်ငြိမ်သက်မှု ရရှိစေတယ်။ မိသားစုဝင်တွေနဲ့ ယုံကြည်သူချင်းတွေရဲ့ ထောက်မမှုကြောင့် တကယ့်အချိန်တိုလေးအတွင်းမှာပဲ ကျွန်တော်တို့ရဲ့ အပျက်သဘောထား ခံစားချက်တွေကို ထိန်းချုပ်နိုင်ခဲ့ကြတယ်။ မေတ္တာရှိပြီး ဂရုစိုက်တဲ့ ဒီလိုမိတ်ဆွေတွေရှိတာ အရမ်းကျေးဇူးတင်လေးမြတ်ဖို့ကောင်းပါတယ်။

အခက်အခဲဒုက္ခရောက်ချိန်မှာ အကူအညီဖြစ်စေတဲ့ နောက်အရာတစ်ခုက သန့်ရှင်းသောစွမ်းအားတော်ဖြစ်တယ်။ ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော်ဟာ “ဆုကျေးဇူး” ဖြစ်တယ်လို့ တမန်တော်ပေတရု ပြောခဲ့တယ်။ (တ. ၂:၃၈) အဲဒါက အေဒီ ၃၃ ပင်တေကုတ္တေပွဲနေ့မှာ လူများစွာကို ဘိသိက်ပေးခဲ့ချိန်မှာ တကယ်မှန်ကန်ခဲ့တယ်။ ပေတရုက ဘိသိက်ခံတွေကို ရည်စူးပြီးပြောတာဖြစ်ပေမဲ့ ကျွန်ုပ်တို့အားလုံးလည်း သန့်ရှင်းသောစွမ်းအားတော် ရရှိနိုင်ပါတယ်။ အဲဒါက အလျှံပယ်ရရှိနိုင်တဲ့ ဆုကျေးဇူးဖြစ်လို့ များများသာ တောင်းပါ။—ဟေရှာ. ၄၀:၂၈-၃၁

အခက်အခဲကြုံနေရသူတွေကို စိတ်ဝင်စားမှုပြပါ

တမန်တော်ပေါလုဟာ အခက်အခဲများစွာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးသူဖြစ်တယ်၊ တစ်ခါတလေ အသက်အန္တရာယ်နဲ့တောင် ကြုံရတယ်။ (၂ ကော. ၁:၈-၁၀) ဒါပေမဲ့ ပေါလုဟာ သေဘေးနဲ့တွေ့မှာကို အလွန်အမင်း ကြောက်လန့်မနေဘူး။ ဘုရားသခင် ထောက်မပေးနေတယ်ဆိုတာ သိလို့ သူ စိတ်သက်သာရာရခဲ့တယ်။ ‘ငါတို့၏သခင် ယေရှုခရစ်၏ခမည်းတော် ဘုရားသခင်၊ သနားကြင်နာတတ်သည့်အဖ၊ နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်သည် ချီးမွမ်းခံရပါစေ။ ဘုရားသခင်သည် ဆင်းရဲဒုက္ခရှိသမျှ၌ ငါတို့ကို နှစ်သိမ့်ပေးတော်မူ၏’ လို့ သူရေးခဲ့တယ်။ (၂ ကော. ၁:၃၊ ၄) ပေါလုဟာ ကိုယ့်ကိုယ်ကိုပဲ သနားမနေဘူး။ အဲဒီအစား သူခံရပ်ခဲ့တဲ့ ဆင်းရဲဒုက္ခတွေက တခြားသူတွေကို ကိုယ်ချင်းစာတတ်ဖို့ ထောက်ကူပေးတယ်၊ ဒါကြောင့် တခြားသူတွေ နှစ်သိမ့်မှုလိုအပ်နေချိန်မှာ ပေါလု ကောင်းကောင်း နှစ်သိမ့်ပေးနိုင်ခဲ့တယ်။

အန်တိုနီယိုဟာ နေပြန်ကောင်းလာပြီး နယ်လှည့်ကြီးကြပ်မှူးအဖြစ် ပြန်အမှုဆောင်နိုင်ခဲ့တယ်။ အခါတိုင်းတော့ သူဟာ ယုံကြည်သူချင်းတွေကို စိတ်ဝင်စားမှု ပြခဲ့ပေမဲ့ အခုတော့ အထူးသဖြင့် ဖျားနာနေတဲ့သူတွေထံ လည်ပတ်ပြီး အားပေးဖို့ ကြိုးစားအားထုတ်တယ်။ ဥပမာ၊ အတော့်ကိုနေမကောင်းဖြစ်နေတဲ့ ညီအစ်ကိုတစ်ယောက်ဆီ လည်ပတ်တဲ့အခါမှာ ဒီညီအစ်ကိုဟာ စည်းဝေးတွေမတက်ချင်ဘူးဆိုတာကို အန်တိုနီယို သိလိုက်ရတယ်။ “သူ အဲဒီလိုဖြစ်တာ ယေဟောဝါနဲ့ ညီအစ်ကိုတွေကို မချစ်လို့မဟုတ်ဘူး၊ နေမကောင်းဖြစ်နေလို့ သူ့ကိုယ်သူ အသုံးမဝင်ဘူးလို့ ခံစားနေရတာ” လို့ အန်တိုနီယိုက ပြောပြတယ်။

အန်တိုနီယိုဟာ နေမကောင်းဖြစ်နေတဲ့ ဒီညီအစ်ကို,ကို အားပေးမှုဖြစ်စေဖို့ မကြာသေးခင်ကပြုလုပ်တဲ့ တွေ့ဆုံပေါင်းသင်းမှုတစ်ခုမှာ အဲဒီညီအစ်ကို,ကိုပဲ ဆုတောင်းခိုင်းလိုက်တယ်။ အဲဒီညီအစ်ကိုက သူမလုပ်နိုင်ဘူးလို့ ထင်နေပေမဲ့ ဆုတောင်းပေးဖို့ သဘောတူလိုက်တယ်။ “အဲဒီညီအစ်ကိုဟာ တကယ့်ကိုလှပတဲ့စကားလုံးတွေနဲ့ ဆုတောင်းခဲ့တယ်၊ အဲဒီနောက်မှာတော့ ဒီညီအစ်ကိုဟာ တခြားလူတစ်ယောက်လိုဖြစ်သွားပြီး သူ့ကိုယ်သူ တန်ဖိုးရှိတယ်လို့ ပြန်ခံစားလာရတယ်” လို့ အန်တိုနီယိုက ပြောပြတယ်။

ကျွန်ုပ်တို့အားလုံးဟာ အနည်းနဲ့အများဆိုသလို ဆင်းရဲခက်ခဲမှုတစ်မျိုးမျိုးကို ခံစားနေကြရတာ အမှန်ပါပဲ။ ဒါပေမဲ့ ပေါလုပြောခဲ့သလိုပဲ ဒီလိုခံစားရတာတွေက တခြားသူတွေလိုအပ်ချိန်မှာ ကူညီပေးနိုင်ဖို့ ကျွန်ုပ်တို့ကို အသင့်ဖြစ်စေတယ်။ ဒါကြောင့် အခက်အခဲဒုက္ခတွေ ခံစားနေရတဲ့ ညီအစ်ကိုညီအစ်မတွေကို မျက်စိရှင်ရှင်ထားပြီး သူတို့ကို နှစ်သိမ့်ပေးခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ဘုရားသခင် ယေဟောဝါကို တုပကြစို့။