မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အစောပိုင်းခရစ်ယာန်များနှင့် မောရှေပညတ်

အစောပိုင်းခရစ်ယာန်များနှင့် မောရှေပညတ်

အစောပိုင်း​ခရစ်ယာန်​များနှင့် မောရှေ​ပညတ်

“ပညတ်တရား​သည် ခရစ်တော်​ထံ​သို့ ငါ​တို့ကို​ပို့ဆောင်​၍ ငါ​တို့၏​အထိန်း​ဖြစ်​သတည်း။”—ဂလာတိ ၃:၂၄

၁၊ ၂။ မောရှေ၏​ပညတ်တရား​ကို ဂရုတစိုက်​လိုက်နာ​ကြသော ဣသရေလ​လူမျိုး​တို့​အပေါ် သက်ရောက်​သည့်​အကျိုးကျေးဇူး​အချို့​ကား အဘယ်နည်း။

ယေဟောဝါ​သည် ဣသရေလလူ​တို့အား ပညတ်​ဥပဒေသ​များ​ကို ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်​တွင် ပေး​ခဲ့​သည်။ လူတို့သည် ကိုယ်တော်​၏​စကား​ကို​နားထောင်​မည်​ဆိုလျှင် သူတို့ကို​ကောင်းချီး​ပေး​မည်၊ သူတို့သည် ပျော်ရွှင်​၍ ကျေနပ်​ရောင့်ရဲ​ကြ​ရ​လိမ့်​မည်​ဟု ကိုယ်တော်​မိန့်ဆိုခဲ့​၏။—ထွက်မြောက်ရာ ၁၉:၅၊ ၆

ထို​ပညတ်​ကို မောရှေ​ပညတ် သို့​မဟုတ် “ပညတ်တရား” ဟု ရိုးရိုးလေး​ခေါ်ဆို​ခဲ့​ပြီး ၎င်း​သည် “သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်​ခြင်း​ရှိ၏။” (ရောမ ၇:၁၂) ယင်းက သနား​ကြင်နာ​ခြင်း၊ ရိုးသား​ဖြောင့်မတ်ခြင်း၊ ကိုယ်ကျင့်တရား​ကောင်းမွန်​ခြင်း​နှင့် အိမ်နီးချင်း​ကောင်း​ပီသ​ခြင်း​တို့​ကဲ့သို့​သော မွန်မြတ်​သည့်​အကျင့်​များ​ကို တိုးပွား​စေ​သည်။ (ထွက်မြောက်ရာ ၂၃:၄၊ ၅; ဝတ်ပြုရာ ၁၉:၁၄; တရားဟောရာ ၁၅:၁၃-၁၅; ၂၂:၁၀၊ ၂၂) ပညတ်တရား​က ဂျူး​လူမျိုး​ကို အချင်းချင်းချစ်​စေ​သည်။ (ဝတ်ပြုရာ ၁၉:၁၈) ထို့​ပြင် သူတို့သည် ပညတ်တရား​အောက်​၌​မရှိသော တစ်ပါး​အမျိုးသား​တို့​နှင့် မ​ရောနှော​ရ၊ စုံဖက်​ခြင်း​မပြုရ​ချေ။ (တရားဟောရာ ၇:၃၊ ၄) မောရှေ​ပညတ်​သည် ဘုရားသခင့်​လူမျိုး​ကို အယူမှား​သူတို့၏​အတွေးအခေါ်​နှင့် အကျင့်ဓလေ့​များ​ဖြင့် ညစ်ညူး​မသွား​စေရန် ဂျူး​တို့​နှင့် တစ်ပါး​အမျိုးသား​တို့​စပ်ကြား “အုတ်တံတိုင်း​နံရံ” သဖွယ်​တည်ရှိ​ခဲ့​သည်။—ဧဖက် ၂:၁၄၊ ၁၅; ယောဟန် ၁၈:၂၈

၃။ မည်သူ​တစ်ဦး​တစ်ယောက်မျှ ပညတ်တရား​ကို အပြည့်အဝ​မလိုက်နာ​နိုင်သော​ကြောင့် အဘယ်​အကျိုး​သက်ရောက်​ခဲ့​သနည်း။

သို့သော် ဘုရားသခင့်​ပညတ်တရား​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်လျှောက်​သူ​ဂျူး​များ​ပင်​လျှင် ၎င်းကို အပြည့်အဝ​မလိုက်နာ​နိုင်​ပေ။ ယေဟောဝါ​သည် သူတို့​ထံ​မှ အလွန်အမင်း​တောင်းဆို​နေခြင်း​လော။ မဟုတ်ပါ။ ဣသရေလလူ​တို့ကို ပညတ်တရား​ပေး​ရသည့်​အကြောင်း​တစ်ခု​မှာ ‘အပြစ်​ဒုစရိုက်​များ​၏​သဘောကို ထုတ်ဖော်​ပြသ​ရန်’ ဖြစ်သည်။ (ဂလာတိ ၃:၁၉သတင်းကောင်း) ပညတ်တရား​က မိမိတို့ကို​ရွေးနုတ်​ရန် အရှင်​တစ်ပါး အလွန်​လိုအပ်​နေကြောင်း စိတ်ရင်းမှန်​သော​ဂျူးတို့ကို သတိပြု​စေ​သည်။ ထို​အရှင်သခင်​ရောက်လာသော​အခါ တည်ကြည်သော​ဂျူး​များသည် ဝမ်းမြောက်​ခဲ့​ကြသည်။ အပြစ်​နှင့် သေခြင်း​၏​ကျိန်စာ​မှ သူတို့​လွတ်မြောက်ခြင်း​သည် လက်တစ်ကမ်း​တွင်​ရှိသည်​တကား!—ယောဟန် ၁:၂၉

၄။ ပညတ်တရား​သည် အဘယ်​သဘော​မျိုး​ဖြင့် ‘ခရစ်တော်​ထံ​သို့ ပို့ဆောင်သော​အထိန်း’ ဖြစ်​ခဲ့​သနည်း။

မောရှေ​ပညတ်​သည် ယာယီ​အစီအစဉ်​တစ်ခု​မျှ​ဖြစ်​ခဲ့​သည်။ ခရစ်ယာန်​ချင်း​တို့​ထံ တမန်​တော်​ပေါလု​စာရေး​ရာ​တွင် ယင်းကို သူက ‘ခရစ်တော်​ထံ​သို့ ပို့ဆောင်သော​အထိန်း’ ဟု​ဖော်ပြ​ခဲ့​သည်။ (ဂလာတိ ၃:၂၄) ရှေးခေတ်​က အထိန်း​တစ်ဦး​သည် ကလေး​တို့ကို ကျောင်း​ကြို​ပို့ပေး​ရသည်။ သူသည် အများအားဖြင့် ဆရာမ​ဟုတ်​ဘဲ၊ ဆရာ​ထံ​သို့ ကလေး​တို့ကို ပို့ဆောင်​ပေး​သူ​တစ်ဦး​သာ​ဖြစ်သည်။ ထို​နည်း​ထပ်တူ မောရှေ​ပညတ်​သည် ဘုရားသခင်​ကို​ကြောက်ရွံ့​သော ဂျူး​တို့အား ခရစ်တော်​ထံ​သို့ ပို့ဆောင်​ပေး​ရန်ဖြစ်​၏။ ယေရှုသည် မိမိ​နောက်လိုက်​တို့​နှင့်အတူ ‘ကပ်ကမ္ဘာ​ကုန်သည်​တိုင်အောင် အစဉ်မပြတ်​ရှိ’ လိမ့်​မည်​ဟု ကိုယ်တော်​ကတိပြု​ခဲ့​၏။ (မဿဲ ၂၈:၂၀) ထို့​ကြောင့် ခရစ်ယာန်​အသင်းတော်​တည်ထောင်​သည်​နှင့် “အထိန်း” ဖြစ်သော “ပညတ်တရား” တည်ရှိ​စ​ရာ​အကြောင်း မရှိတော့​ချေ။ (ရောမ ၁၀:၄; ဂလာတိ ၃:၂၅) သို့သော် ဂျူး​ခရစ်ယာန်​အချို့​သည် အရေးပါသော ဤ​အမှန်တရားကို ချက်ချင်း​သဘောမပေါက်​နိုင်​ခဲ့​ချေ။ ယင်းကြောင့် ယေရှု​ရှင်ပြန်ထမြောက်​ပြီး​နောက်​၌​ပင် ပညတ်တရား​တောင်းဆို​သည့်​အတိုင်း သူတို့​ဆက်​ပြုလုပ်​နေခဲ့​ကြသည်။ သို့သော် အခြားသူ​တို့​မူ သူတို့၏​အတွေးအခေါ်ကို ပြုပြင်​ပြောင်းလဲ​ခဲ့​ကြ​၏။ ထိုသို့​ပြု​ရာ​တွင် သူတို့သည် ယနေ့ ကျွန်ုပ်​တို့အတွက် စံနမူနာ​ကောင်း​ချမှတ်​ပေး​၏။ မည်သို့​ဖြစ်​ကြောင်း ကြည့်​ကြပါစို့။

ခရစ်ယာန်​အယူဝါဒ​၌ စိတ်​လှုပ်ရှား​ဖွယ်​တိုးတက်မှု​များ

၅။ အမြင်​အာရုံ​တစ်ခု​တွင် အဘယ်​ညွှန်ကြားချက်​များ​ကို ပေတရု​ရရှိခဲ့​သနည်း၊ အဘယ်ကြောင့် သူ​ထိတ်လန့်​တုန်လှုပ်​ခဲ့​သနည်း။

စီ.အီး. ၃၆ ခုနှစ်​တွင် ခရစ်ယာန်​တမန်​တော်​ပေတရု​သည် ထူးခြားသော​အမြင်​အာရုံ​တစ်ခု​ရရှိခဲ့သည်။ ထို​အချိန်တွင် ကောင်းကင်​မှ​အသံ​တစ်ခု​က ပညတ်တရား​၌ မသန့်ရှင်း​ဟု​သတ်မှတ်​ထားသော ငှက်​များနှင့် တိရစ္ဆာန်​များ​ကို သတ်​စားဖို့​အမိန့်ပေး​ခဲ့​သည်။ ထို​အခါ ပေတရု ထိတ်လန့်​သွား​၏! သူသည် “ညစ်ညူး​သော​အရာ​နှင့် မစင်ကြယ်​သော​အရာ​ကို” တစ်ခါမျှ​မစား​ခဲ့​ဖူး​ချေ။ သို့သော် ထို​အသံ​က “ဘုရားသခင်​စင်ကြယ်​စေတော်မူ​သော​အရာ​ကို ညစ်ညူး​သည်​မထင်​နှင့်” ဟု​သူ့ကို​မိန့်မှာ​၏။ (တမန်​တော် ၁၀:၉-၁၅) ထို​ကြောင့် ပေတရု​သည် ပညတ်တရား​ကို အတင်းအကျပ်​ဆုပ်ကိုင်​ထား​မည့်​အစား သူ၏​ရှုမြင်ပုံကို ပြုပြင်​ပြောင်းလဲ​ခဲ့​သည်။ ထို့နောက် သူသည် ဘုရားသခင့်​ရည်ရွယ်ချက်များ​နှင့်​ပတ်သက်​၍ အံ့ဖွယ်ရာများ​သိရှိ​လာ​ခဲ့​သည်။

၆၊ ၇။ ယခု တစ်ပါး​အမျိုးသား​တို့ကို ဟောပြောနိုင်​ကြောင်း အဘယ်အရာက ပေတရု​အား ကောက်ချက်​ချ​စေ​ခဲ့​သနည်း၊ နောက်ထပ် အဘယ်​ကောက်ချက်​များ ချ​ခဲ့​သေး​သနည်း။

ဤသို့​ဖြစ်ပျက်​ခဲ့​သည်။ ပေတရု​တည်းခို​နေသော​အိမ်​သို့ အမျိုးသား​သုံးဦး​ရောက်လာ​ရာ သူတို့နှင့်​အတူ ဘုရားသခင်​ကို​ကြောက်ရွံ့​သည့် ကော်နေလိ​အမည်​ရှိသူ အရေဖျားလှီး​ခြင်း​မခံ​ထားသော တစ်ပါး​အမျိုးသား​တစ်ဦး​အိမ်​သို့ လိုက်ပါ​ရန် သူ့ကို တောင်းဆို​၏။ ထို​သူတို့ကို ပေတရု​အိမ်ထဲ​ခေါ်​၍ ဧည့်ဝတ်ပြု​လေ​သည်။ ဤ​အမြင်​အာရုံ​၏ အထူး​အနက်​အဓိပ္ပာယ်​ကို ပေတရု​နားလည်​သွားပြီး နောက်​တစ်နေ့​တွင်​ပင် ကော်နေလိ​၏​အိမ်​သို့ သူတို့နှင့်​အတူ လိုက်သွား​လေ​သည်။ ထို​တွင် ပေတရု​သည် ယေရှု​ခရစ်​အကြောင်း ပြည့်ပြည့်စုံစုံ​သက်သေခံ​ခဲ့​သည်။ ထို​အချိန်တွင်​ပေတရု​က ဤသို့​ပြော​ခဲ့​သည်– “အကယ်စင်စစ် ဘုရားသခင်​သည် လူ​မျက်နှာကို​မှတ်​တော်​မ​မူ။ လူအမျိုးမျိုး​တို့​တွင် ဘုရားသခင်​ကို​ကြောက်ရွံ့​၍ တရား​သဖြင့်​ကျင့်ဆောင်​သော​သူသည် အထံတော်​၌​မျက်နှာ​ရသည်ကို ငါ​သိမြင်​၏။” ကော်နေလိ​တစ်ဦးတည်း​သာမက သူ၏​ဆွေမျိုး​များနှင့် မိတ်ဆွေ​အရင်း​အ​ချာ​တို့​ပါ ယေရှုကို​ယုံကြည်​ကြ​သဖြင့် “ကြားနာ​ရသော​သူအပေါင်း​တို့​အပေါ်​သို့ သန့်ရှင်းသော​ဝိညာဉ်တော်သည် သက်ရောက်​တော်​မူ​၏။” အဆိုပါ​ကိစ္စ​နှင့်​ပတ်သက်​၍ ယေဟောဝါ​၏​လက်တော်ကို အသိအမှတ်ပြု​ကာ ပေတရု​သည် “သခင်​ဘုရား [ယေရှု​ခရစ်] ၏​နာမ၌ ဗတ္တိဇံ​ကို​ခံစေ​မည်​အကြောင်း စီရင်​လေ​၏။”—တမန်​တော် ၁၀:၁၇-၄၈

မောရှေ​ပညတ်တရား​အောက်​မရှိခဲ့​ကြ​သည့် တစ်ပါး​အမျိုးသား​တို့သည် ယခု ယေရှု​ခရစ်​နောက်လိုက်​များ​ဖြစ်လာ​နိုင်​ကြောင်း အဘယ်အရာက ပေတရု​အား ကောက်ချက်​ချ​စေ​သနည်း။ ဝိညာဉ်​ရေး​အရ ပိုင်းခြား​သိမြင်​နိုင်​ခြင်း​ကြောင့်​ဖြစ်သည်။ အရေဖျားလှီး​ခြင်း​မခံ​သော​တစ်ပါး​အမျိုးသား​တို့​အပေါ် ဘုရားသခင်​သည် ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို သွန်းလောင်းခဲ့​ရာ မျက်နှာသာတော်​နှင့်​တွေ့​ကြောင်း ကိုယ်တော်​ဖော်ပြ​ခဲ့​သဖြင့် သူတို့ကို နှစ်ခြင်း​ပေး​နိုင်​ကြောင်း ပေတရု​သိမြင်​လာ​သည်။ တစ်ချိန်တည်း​တွင် နှစ်ခြင်း​ခံယူ​နိုင်​ရန် တစ်ပါး​အမျိုးသား​ခရစ်ယာန်​များသည် မောရှေ​ပညတ်တရား​ကို​လိုက်လျှောက်ဖို့ ဘုရားသခင်​မတောင်းဆို​ကြောင်း ပေတရု​သဘောပေါက်​သည်​မှာ ထင်ရှား​၏။ အသင်​သည် ထို​အချိန်​က အသက်ရှင်ခဲ့​မည်​ဆိုလျှင် သင်၏​ရှုမြင်ပုံကို ပြုပြင်​ပြောင်းလဲ​ရန် ပေတရု​ကဲ့သို့ တလိုတလား​ရှိ​လိမ့်​မည်​လော။

အချို့​သူတို့ “အထိန်း” နောက်ဆက်​လိုက်နေ​ခဲ့

၈။ အရေဖျားလှီး​ခြင်း​နှင့်​ပတ်သက်​၍ ပေတရု​၏​ရှုမြင်ချက်​နှင့်​မတူ​သော အဘယ်​ရှုမြင်ချက်​ကို ယေရုရှလင်​မြို့ရှိ ခရစ်ယာန်​အချို့​က အားပေး​အား​မြှောက်​ပြု​ခဲ့​သနည်း၊ အဘယ်ကြောင့်​နည်း။

ကော်နေလိ​၏​အိမ်​မှ ထွက်​လာပြီး​နောက် ယေရုရှလင်​မြို့​သို့ ပေတရု​သွားခဲ့သည်။ အရေဖျားလှီး​ခြင်း​မခံ​သော​တစ်ပါး​အမျိုးသား​တို့သည် “ဘုရားသခင်​၏​နှုတ် [မြွက်] တရားတော်​ကို​ခံယူ​ကြသည်” ဟူသော​သတင်းကို ထို​တွင်​ရှိ အသင်းတော်​ကြားသိ​ပြီး​နောက် ဂျူး​တပည့်​အချို့​သည် ယင်းကို မကြိုက်​မနှစ်သက်​ခဲ့​ကြ​ချေ။ (တမန်​တော် ၁၁:၁-၃) တစ်ပါး​အမျိုးသား​တို့သည် ယေရှု၏​နောက်လိုက်​များ​ဖြစ်လာ​နိုင်​ကြောင်း ဤသူတို့ အသိအမှတ်ပြု​ကြသော်လည်း “အရေဖျားလှီး​ခြင်း​ကို​ခံ​သော​သူတို့က” ဂျူး​လူမျိုး​မဟုတ်သော ထို​သူတို့သည် ကယ်တင်ခြင်း​ရ​ရန် ပညတ်တရား​ကို လိုက်လျှောက်​ကြ​ရမည်ဟု အခိုင်အမာ​ပြောဆို​သည်။ အခြား​တစ်ဖက်​တွင်​မူ ဂျူး​ခရစ်ယာန်​အနည်းငယ်​သာ​ရှိသော တစ်ပါး​အမျိုးသားများ​သော​ဒေသ​တို့​တွင် အရေဖျားလှီး​ခြင်း​ကိစ္စ​သည် အငြင်းပွား​စ​ရာ​ကိစ္စ​တစ်ခု မဟုတ်​ခဲ့​ချေ။ ထို​ရှုမြင်ချက်​နှစ်ခု​သည် ၁၃ နှစ်​တိုင် မသဲမကွဲ​တည်ရှိ​နေခဲ့​သည်။ (၁ ကောရိန္သု ၁:၁၀) အစောပိုင်း​ခရစ်ယာန်​များ၊ အထူးသဖြင့် ဂျူး​လူမျိုး​တို့၏​နယ်မြေ​တွင်​နေထိုင်​သော တစ်ပါး​အမျိုးသားများ​အတွက် ယင်းသည် တကယ်​စမ်းသပ်မှု​တစ်ခု​ဖြစ်​ခဲ့​မည်​တကား!

၉။ အရေဖျားလှီး​ခြင်း​ကိစ္စ​ကို ဖြေရှင်း​ပေး​ရန် အဘယ်ကြောင့်​အရေးကြီး​ခဲ့​သနည်း။

နောက်ဆုံး စီ.အီး. ၄၉ ခုနှစ်​တွင် ပေါလု​ဟောပြောနေ​သော ရှုရိ​ပြည်​အန္တိအုတ်မြို့​သို့ ယေရုရှလင်​မြို့မှ ခရစ်ယာန်​များ​ရောက်လာ​ကြသောအခါ အဆိုပါ​ကိစ္စ​သည် ရှင်းလင်း​စ​ရာ​ကိစ္စ​ဖြစ်လာ​လေ​သည်။ သူတို့က ဘာသာ​ပြောင်း​ဝင်​လာသော​တစ်ပါး​အမျိုးသား​တို့သည် ပညတ်တရား​အရ အရေဖျားလှီး​ခြင်း​ခံရ​မည်​ဟု စ​တင်၍​သွန်သင်​နေကြ၏။ ထို့နောက် သူတို့နှင့် ပေါလု၊ ဗာနဗ​တို့​စပ်ကြား စကား​များ​၍ ဆွေးနွေး​ငြင်းခုံ​ခဲ့​ကြ​လေ​သည်! အဆိုပါ​ကိစ္စ​ကို​မဖြေရှင်း​ခဲ့​ပါ​မူ ဂျူး​ဖြစ်စေ၊ တစ်ပါး​အမျိုးသား​နောက်ခံ​ရှိ ခရစ်ယာန်​များ​ဖြစ်စေ အမှန်ပင်​ထိမိ​လဲ​ကြ​တော့​မည်​ဖြစ်သည်။ သို့ဖြင့် ပေါလု​နှင့် အခြားသူ​အချို့​သည် အဆိုပါ​ကိစ္စ​ကို ခရစ်ယာန်​အုပ်ချုပ်ရေး​အဖွဲ့​အား အပြီးသတ်​ဆုံးဖြတ်​ပေး​စေရန် ယေရုရှလင်​မြို့​သို့ သွားခဲ့​ကြသည်။—တမန်​တော် ၁၅:၁၊ ၂၊ ၂၄

စိတ်ရင်းမှန်​ဖြင့် သဘောထား​မ​တိုက်ဆိုင်​ခဲ့​ကြ —ထို့နောက် စည်းလုံး​ညီညွတ်မှု​ရ

၁၀။ တစ်ပါး​အမျိုးသား​တို့၏​အခြေအနေ​နှင့်​ပတ်သက်​၍ ဆုံးဖြတ်ချက်​မချ​မီ အုပ်ချုပ်ရေး​အဖွဲ့ ထည့်သွင်း​စဉ်းစား​ခဲ့​သည့် အချက်​အချို့​ကား အဘယ်နည်း။

၁၀ ထို​စုဝေး​ခဲ့​ကြသော​အစည်းအဝေး​တွင် အချို့​သူတို့က အရေဖျားလှီး​ခြင်း​ကို အထင်အရှား​လိုလား​ကြ​ပြီး အခြားသူ​တို့​က ဆန့်ကျင်ဘက်​ရှုမြင်ချက်​ကို အမှန်​တင်ပြ​ခဲ့​ကြ​မည်။ သို့သော် ထို​နေ့ရက်​တွင် စိတ်​လှုပ်ရှားမှု မကြီးစိုး​ခဲ့​ချေ။ အကြီးအကျယ်​ငြင်းခုံ​ကြ​ပြီး​နောက် တမန်​တော်​ပေတရု​နှင့် ပေါလု​တို့​က အရေဖျားလှီး​ခြင်း​မခံ​သူတို့နှင့်​ပတ်သက်​၍ ယေဟောဝါ​ပြုလုပ်​တော်​မူ​ခဲ့​သည့် နိမိတ်​လက္ခဏာများ​ကို တင်ပြ​ပြောဆို​ခဲ့​သည်။ ဘုရားသခင်​သည် အရေဖျားလှီး​ခြင်း​မခံ​သော​တစ်ပါး​အမျိုးသား​တို့​အပေါ် သန့်ရှင်းသော​ဝိညာဉ်​တော်​သွန်းလောင်းခဲ့​ကြောင်း သူတို့​ရှင်းပြ​ခဲ့​သည်။ တစ်နည်း​အားဖြင့် သူတို့က ‘ဘုရားသခင်​လက်ခံခဲ့​သူတို့ကို ခရစ်ယာန်​အသင်းတော်က သင့်လျော်​စွာ​ငြင်းဆန်​နိုင်​သလော’ ဟု မေးမြန်းခဲ့​ခြင်း​ဖြစ်သည်။ ထို့နောက် တပည့်​ယာကုပ်​သည် ဤ​ကိစ္စ​တွင် တက်ရောက်သူ​အားလုံး ယေဟောဝါ​၏​အလိုတော်ကို ပိုင်းခြား​သိမြင်​စေရန် ကျမ်းစာ​ပိုဒ်​တစ်​ပိုဒ်​ကို ဖတ်ပြ​ခဲ့​၏။—တမန်​တော် ၁၅:၄-၁၇

၁၁။ အရေဖျားလှီး​ခြင်း​နှင့်​ပတ်သက်​၍ ဆုံးဖြတ်ချက်​ချ​ရာ​တွင် အဘယ်​အခြေခံ​အကြောင်း မပါဝင်​ခဲ့​သနည်း၊ ထို​ဆုံးဖြတ်ချက်​ကို ယေဟောဝါ​ကောင်းချီး​ပေး​ကြောင်း အဘယ်အရာက ဖော်ပြ​သနည်း။

၁၁ ယခု အုပ်ချုပ်ရေးအဖွဲ့ကို အားလုံး​အာရုံစိုက်​နေကြ​သည်။ သူတို့၏​ဂျူး​နောက်ခံ​က အရေဖျားလှီး​ခြင်း​ကို အလေးသာ​စေမည်​လော။ လုံးဝ​မဟုတ်ပါ။ ဤ​တည်ကြည်သော​အမျိုးသား​တို့သည် သမ္မာကျမ်းစာ​နှင့် ဘုရားသခင်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​၏ ဦးဆောင်မှု​ကို​လိုက်လျှောက်ရန် စိတ်ပိုင်းဖြတ်​ထား​ကြသည်။ အကျုံးဝင်​သော​ထွက်ဆိုချက်​မှန်သမျှကို ကြားနာ​ပြီး​နောက် တစ်ပါး​အမျိုးသား​ခရစ်ယာန်​များသည် အရေဖျားလှီး​ခြင်း​ခံ​ပြီး မောရှေ​ပညတ်တရား​အောက်​ရောက်​စ​ရာ လုံးဝ​မလို​ကြောင်း အုပ်ချုပ်ရေး​အဖွဲ့က တစ်စိတ်​တစ်​ဝမ်း​တစ်သဘောတည်း ဆုံးဖြတ်​လေ​သည်။ ထို​သတင်းကို ညီအစ်ကို​များကြား​သောအခါ သူတို့​ဝမ်းမြောက်​ကြ​ပြီး အသင်းတော်များ​သည် စ​တင်၍ “အရေအတွက်​အားဖြင့် တစ်နေ့​ထက်​တစ်နေ့​တိုးပွား​များပြား” လာ​လေ​သည်။ ရှင်းလင်း​ပြတ်သား​သော သီအိုကရက်တစ်​လမ်းညွှန်မှုကို လိုက်နာ​ခဲ့​သော​ခရစ်ယာန်​များသည် ယုံကြည်​စိတ်ချ​လောက်​သော သမ္မာကျမ်းစာ​အဖြေကို​ရ​၍ ကောင်းချီး​ခံစား​ခဲ့​ရသည်။ (တမန်​တော် ၁၅:၁၉-၂၃၊ ၂၈၊ ၂၉; ၁၆:၁-၅) သို့​တိုင် အရေးပါသော​မေးခွန်း​တစ်ခု​ကို ဖြေဆို​ရန်လို​အပ်​နေသည်။

ဂျူး​ခရစ်ယာန်​များ​ကော အသို့နည်း

၁၂။ အဘယ်​မေးခွန်း​ကို မဖြေ​ဘဲ​ချန်​ထားခဲ့​သနည်း။

၁၂ တစ်ပါး​အမျိုးသား​ခရစ်ယာန်​တို့သည် အရေဖျားလှီး​ခြင်း​ခံ​စ​ရာ​မလို​ကြောင်း အုပ်ချုပ်ရေး​အဖွဲ့က အထင်အရှား​ဖော်ပြ​ခဲ့​၏။ သို့သော် ဂျူး​ခရစ်ယာန်​များ​ကော အသို့နည်း။ အုပ်ချုပ်ရေး​အဖွဲ့​၏​ဆုံးဖြတ်ချက်​က အဆိုပါ​မေးခွန်း​၏​ထို​အပိုင်း​ကို အတိအကျ​မဖော်​ပြ​ခဲ့​ချေ။

၁၃။ ကယ်တင်ခြင်း​ရဖို့ မော​ရှု​ပညတ်တရား​ကို​လိုက်လျှောက်ရန်​လို​၏​ဟု အခိုင်အမာ​ဆို​ခြင်း​သည် အဘယ်ကြောင့်​မှား​သနည်း။

၁၃ “ပညတ်တရား​ဘက်၌ စိတ်အားကြီး​သော” ဂျူး​ခရစ်ယာန်​အချို့​က သူတို့၏​သားသမီး​များ​ကို ဆက်၍​အရေဖျားလှီး​ပေး​ပြီး ပညတ်​အချို့​ကို လိုက်လျှောက်​နေဆဲ​ဖြစ်သည်။ (တမန်​တော် ၂၁:၂၀) ထို​ထက်မက အခြားသူ​တို့​မှာ​မူ ဂျူး​များ​ကယ်တင်ခြင်း​ရဖို့ ပညတ်တရား​လိုက်လျှောက်ရန်​လို​သည်​ဟု အခိုင်အမာ​ပြောဆို​ကြသည်။ ဤ​ကိစ္စ​တွင် သူတို့သည် အလွန်​လွဲမှား​နေကြ၏။ ဥပမာ၊ အဘယ်​ခရစ်ယာန်​မဆို အပြစ်ဖြေ​ရန် တိရစ္ဆာန်​ယဇ်ကို မည်သို့​ပူဇော်​နိုင်​မည်​နည်း။ ခရစ်တော်​၏​ပူဇော်ရာ​ယဇ်​က ထိုသို့​သော​ပူဇော်ရာ​ယဇ်များ​ကို ခေတ်​ကုန်​သွား​စေ​ခဲ့ပြီ။ ပညတ်တရား​အရ ဂျူး​တို့သည် တစ်ပါး​အမျိုးသား​တို့​နှင့် တရင်းတနှီး​မဆက်ဆံ​ရ​ဟူသော ပညတ်​နှင့်​ပတ်သက်​၍​ကော အသို့နည်း။ သို့​ဖြစ်​လျှင် စိတ်အား​ထက်သန်​သော​ဧဝံဂေလိ​ဟောပြောသူများ​အတွက် ဤ​ကန့်သတ်ချက်​များ​ကို​လိုက်နာ​ပြီး တစ်ချိန်တည်း​တွင် ယေရှု​သွန်သင်​ပေး​ခဲ့​သမျှ​ကို တစ်ပါး​အမျိုးသားများ​အား သွန်သင်​ပေးဖို့​တာဝန်​ကို ထမ်းဆောင်​ရန် အလွန်​ပင် အခက်တွေ့​စေ​ပေ​လိမ့်​မည်။ (မဿဲ ၂၈:၁၉၊ ၂၀; တမန်​တော် ၁:၈; ၁၀:၂၈) * အုပ်ချုပ်ရေး​အဖွဲ့​၏​အစည်းအဝေး​တစ်ခု​၌ ဤ​ကိစ္စ​ကို ဖြေရှင်း​ခဲ့​သည်​ဟု သက်သေ​သာဓက​မရှိ​ချေ။ သို့​တိုင် အသင်းတော်သည် အကူအညီ​မရဘဲ ပစ်ထား​မခံခဲ့​ရ​ချေ။

၁၄။ ပညတ်တရား​နှင့်​ပတ်သက်​၍ ပေါလု​၏​မှုတ်သွင်းခံ​စာစောင်​များ​က အဘယ်​လမ်းညွှန်ချက်​ပေး​ခဲ့​သနည်း။

၁၄ ထို​အခါ အုပ်ချုပ်ရေး​အဖွဲ့​မှ​လာသော စာ​ပုံစံ​မဟုတ်ဘဲ တမန်​တော်​များ​ရေးသားခဲ့​သော နောက်ထပ်​မှုတ်သွင်းခံ​စာစောင်​များ​မှ ညွှန်ကြားချက်​များ ရရှိ​လေ​သည်။ ဥပမာ၊ တမန်​တော်​ပေါလု​က ရောမ​ပြည်​တွင်​နေထိုင်​သော ဂျူး​များနှင့် တစ်ပါး​အမျိုးသား​တို့​ထံ တိကျ​ပြတ်သား​သော​သတင်း​တစ်ရပ်​ကို ပေး​ပို့​ခဲ့​၏။ သူတို့​ထံ​ရေး​သော​စာ​တွင် ပေါလု​က ဂျူး​အစစ်အမှန်​သည် ‘အတွင်း​အားဖြင့်​ဖြစ်၏၊ သူ၏​အရေဖျားလှီး​ခြင်း​သည် ဝိညာဉ်​တော်​အားဖြင့် စိတ်နှလုံး​တွင်​ဖြစ်၏’ ဟု​ရှင်းပြ​ခဲ့​သည်။ (ရောမ ၂:၂၈၊ ၂၉) ထို​စာ​တွင်​ပင် ပေါလု​က ခရစ်ယာန်​တို့သည် ပညတ်တရား​အောက်​၌​မရှိတော့​ကြောင်း သက်သေထူ​ရန် ပုံ​ဥပမာတစ်ခု​ကို အသုံးပြု​ခဲ့​၏။ အမျိုးသမီး​တစ်ဦး​သည် အမျိုးသား​နှစ်ဦး​ကို တစ်ပြိုင်တည်း လက်​ထပ်၍​မရနိုင်​ကြောင်း သူ​ဆင်ခြင်​စေ​ခဲ့​သည်။ သို့သော် ခင်ပွန်း​သေဆုံး​သွား​လျှင် သူသည် လွတ်လပ်​စွာ​နောက်​အိမ်ထောင်ပြု​နိုင်၏။ ထို့နောက် ပေါလု​က အဆိုပါ​ပုံ​ဥပမာ​ကို​အသုံးပြု၍ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် မောရှေ​ပညတ်တရား​အောက်​ဆက်နေ​စဉ် တစ်ချိန်တည်း​တွင် ခရစ်တော်​နှင့်​မစပ်ဆိုင်​နိုင်​ကြောင်း ရှင်းပြ​ခဲ့​သည်။ သူတို့သည် ‘ပညတ်တရား​တွင်​အသေ’ ဖြစ်​မှ ခရစ်တော်​နှင့် တစ်လုံးတစ်ဝတည်း​ဖြစ်​နိုင်​ကြ​မည်။—ရောမ ၇:၁-၅

လိုရင်းချက် နားလည်​ရန် နှေးကွေး

၁၅၊ ၁၆။ ဂျူး​ခရစ်ယာန်​အချို့​သည် ပညတ်တရား​၏​လိုရင်းချက်​ကို အဘယ်ကြောင့်​နားမလည်​သနည်း၊ ယင်းက ဝိညာဉ်​ရေး​အရ နိုးနိုးကြားကြား​ရှိနေ​ဖို့​လို​ကြောင်း​နှင့်​ပတ်သက်​၍ အဘယ်အရာကို​ဖော်ပြ​သနည်း။

၁၅ ပညတ်တရား​နှင့်​ပတ်သက်​၍ ပေါလု​၏​ကျိုးကြောင်း​ဆင်ခြင်မှု​ကို မငြင်းခုံ​နိုင်​ချေ။ သို့​ဖြစ်​လျှင် ဂျူး​ခရစ်ယာန်​အချို့​သည် လိုရင်းချက်​ကို အဘယ်ကြောင့်​နားမလည်​ခဲ့​ရသနည်း။ အကြောင်း​တစ်ခု​မှာ သူတို့သည် ဝိညာဉ်​ရေးထိုး​ထွင်း​သိမြင်မှု မရှိသော​ကြောင့်​ဖြစ်သည်။ ဥပမာ၊ သူတို့သည် ကြေ​ခဲ​သော​ဝိညာဉ်​အစာကို မ​မှီဝဲ​ခဲ့​ကြ​ချေ။ (ဟေဗြဲ ၅:၁၁-၁၄) ထို့​ပြင် ခရစ်ယာန်​အစည်းအဝေး​များ​ကို သူတို့ မှန်မှန်​မ​တက်​ခဲ့​ကြ​ချေ။ (ဟေဗြဲ ၁၀:၂၃-၂၅) လိုရင်းချက်​ကို အချို့​နားမလည်​နိုင်​သည့် အခြား​အကြောင်း​တစ်ခု​မှာ ပညတ်တရား​သဘောသဘာဝ​ကိုယ်နှိုက်​ကြောင့်​ဖြစ်​ပေမည်။ ပညတ်တရား​သည် ဝတ်ပြုရာ​အိမ်တော်၊ ယဇ်ပုရောဟိတ်မင်း​အစ​ရှိသော မြင်တွေ့​နိုင်၊ ထိတွေ့​ခံစား​နိုင်သော​အရာများ​အပေါ် အခြေပြု​သည်။ ဝိညာဉ်​ရေး​စိတ်ထား​မရှိသူ​တစ်ဦး​အတွက် မမြင်​ရသော​အရာများ​အပေါ်​အခြေပြု​သည့် ခရစ်ယာန်​ဘာသာ​တရား​၏ သာ၍​နက်နဲ​သော​မူဝါဒ​များ​ကို လက်ခံ​ယုံကြည်ဖို့​ထက် ပညတ်တရား​ကို​လက်ခံဖို့ သာ၍​လွယ်ကူ​သည်။—၂ ကောရိန္သု ၄:၁၈

၁၆ ခရစ်ယာန်​အမည်ခံ​သူ​အချို့​သည် ပညတ်တရား​ကို​လိုက်နာ​ရန် စိတ်အား​ထက်သန်​ခဲ့​ရခြင်း​အကြောင်း နောက်တစ်ခု​ကို ဂလာတိ​အသင်းတော်​ထံ ပေါလု​ရေး​သော​စာစောင်​တွင် အကြမ်းဖျင်း​ဖော်ပြ​ထား​၏။ ဤ​သူတို့သည် ဂုဏ်​အသရေရှိသော​သူ၊ ပင်မ​ဘာသာ​တရား​၏​အဖွဲ့ဝင်​များ​အဖြစ် ရှုမြင်​ခံ​လို​၍​ဖြစ်​ကြောင်း သူ​ရှင်းပြ​ခဲ့​သည်။ ရပ်ကွက်​ထဲ​တွင် သိသာ​စေ​မည့်​အစား ရပ်ကွက်​နှင့်​အဆင်ပြေပြေ ရောနှော​နေသွား​နိုင်​ဖို့ မည်သို့​ပင်​လိုက်လျော​ရ​ပါစေ၊ လိုက်လျော​ဖို့​အသင့်ရှိ​သူများ​ဖြစ်သည်။ ဘုရားသခင့်​မျက်နှာသာတော်​ရဖို့​ထက် လူတို့၏​မျက်နှာ​ရဖို့ သူတို့​သာ၍​စိတ်ဝင်စား​ခဲ့​ကြသည်။—ဂလာတိ ၆:၁၂

၁၇။ ပညတ်တရား​ကို​လိုက်လျှောက်ခြင်း​နှင့်​ဆိုင်​သည့် လျောက်ပတ်​သော​ရှုမြင်ချက်​ကို အဘယ်​အချိန်​အခါ​၌ လုံးဝ​ရှင်းလင်းစွာ​ရရှိခဲ့​သနည်း။

၁၇ ပေါလု​နှင့်​အခြား​သူတို့၏ ဘုရားသခင့်​မှုတ်သွင်းခံ​စာစောင်​များ​ကို ဂရုတစိုက်​လေ့လာ​ခဲ့​ကြသော ပိုင်းခြား​သိမြင်မှု​ရှိ ခရစ်ယာန်​များသည် ပညတ်တရား​နှင့်​ပတ်သက်​၍ တိကျ​မှန်ကန်သော​ကောက်ချက်​များ​ချ​ခဲ့​ကြသည်။ သို့သော် စီ.အီး. ၇၀ ခုနှစ်​မှ​သာ မောရှေ​ပညတ်တရား​အပေါ် လျောက်ပတ်​သော​ရှုမြင်ချက်​ကို ဂျူး​ခရစ်ယာန်​အားလုံး​ရရှိခဲ့​ကြောင်း ထင်ရှား​သည်။ ဘုရားသခင်​သည် ယေရုရှလင်​မြို့၊ ၎င်း​၏​ဝတ်ပြုရာ​အိမ်တော်​နှင့် ယင်း​၏​ယဇ်ပုရောဟိတ်​အစီအစဉ်​ဆိုင်ရာ​မှတ်တမ်းများ​ကို ပျက်စီး​စေ​ခဲ့​သောအခါ ထို​အမှု​ဖြစ်ပျက်​ခဲ့​သည်။ ဤသို့​ဖြစ်ပျက်​ပြီး​နောက် ပညတ်တရား​၏​အပိုင်းကဏ္ဍ​အားလုံး​ကို မည်သူမျှ​မလိုက်လျှောက်​နိုင်​တော့​ချေ။

ယနေ့ သင်ခန်းစာ​ကျင့်သုံး​ခြင်း

၁၈၊ ၁၉။ (က) ဝိညာဉ်​ရေး​ကျန်းမာ​သန်စွမ်း​နေနိုင်​ရန် အဘယ်​သဘောထားများကို မွေးမြူ၍ အဘယ်​သဘောထားများကို ရှောင်ရှား​ရမည်​နည်း။ (ခ) တာဝန်ခံ​ညီအစ်ကို​များ​၏ ညွှန်ကြားချက်​ကို​လိုက်နာခြင်း​နှင့်​ပတ်သက်​၍ ပေါလု​၏​ပုံ​ဥပမာ​က မည်သို့​သွန်သင်ပေး​သနည်း။ (စာမျက်နှာ ၂၄ ရှိ လေးထောင့်ကွက်​ရှု။)

၁၈ ရှေး​လွန်​လေ​ပြီး​သော ဤ​ဖြစ်ရပ်​များ​ကို သုံးသပ်​ပြီး​နောက် သင်သည် ဤသို့​စဉ်းစား​နေ​ပေ​လိမ့်​မည်– ‘အဲဒီ​အချိန်တုန်းက ငါ​အသက်ရှင်ခဲ့​ရင် ဘုရားသခင့်​အလိုတော် အဆင့်ဆင့်​ထင်ရှား​လာတာကို ငါ​ဘယ်လို​တုံ့ပြန်​မလဲ။ အစဉ်အလာ​ကိုပဲ ငါ​ဆက်​ကိုင်စွဲ​ထား​မှာ​လား။ ဒါမှ​မဟုတ် အမှန်​ကို​ရှင်းရှင်းလင်းလင်း​နားလည်​မယ့်​အချိန်အထိ စိတ်ရှည်ရှည်​နဲ့​စောင့်နေ​မလား။ အဲ့ဒီ​လို​ရှင်း​လာတဲ့အခါ စိတ်နှလုံး​အပြည့်​နဲ့ ငါ​ထောက်ခံ​ပါ့​မလား။’

၁၉ ထို​စဉ်​အချိန်​က ကျွန်ုပ်​တို့​အသက်ရှင်ခဲ့​မည်​ဆိုလျှင် မည်သို့​တုံ့ပြန်​ခဲ့​ကြလိမ့်မည်​ကို တပ်အပ်​မပြော​နိုင်​ချေ။ သို့သော် ကျွန်ုပ်​တို့​ကိုယ်ကို ဤသို့​မေးမြန်း​နိုင်​သည်– ‘ယနေ့ ကျမ်းစာ​ရှင်းပြချက်တွေကို တင်ဆက်​ဖော်ပြ​တဲ့​အခါ ငါ​ဘယ်လို​တုံ့ပြန်​သလဲ။ (မဿဲ ၂၄:၄၅) ကျမ်း​ဆိုင်ရာ​ညွှန်ကြားချက်​ရတဲ့အခါ အဲ့​ဒါကို ကျင့်သုံး​ဖို့​ကြိုးစား​သလား၊ ပညတ်​ရဲ့​စာသား​ကို​သာ​မဟုတ်ဘဲ ယင်း​၏ ဆိုလိုရင်း​ကို​ကျင့်သုံး​သလား။ (၁ ကောရိန္သု ၁၄:၂၀) မေးခွန်း​တချို့​ရဲ့​အဖြေကို​ရဖို့ ကြန့်ကြာ​နေ​ပုံ​ရှိမယ်ဆိုရင် ယေဟောဝါ​ကို ငါ​စိတ်ရှည်ရှည်​နဲ့​စောင့်ဆိုင်း​တတ်​သလား။’ ယနေ့ ကျွန်ုပ်​တို့​ရရှိနိုင်​ကြသော​ဝိညာဉ်​အစာကို ကောင်းစွာ​အသုံးပြု​ကြ​ခြင်း​ဖြင့် “မ​ရွေ့​မသွား​မည်​အကြောင်း” အရေးကြီး​လှ​သည်။ (ဟေဗြဲ ၂:၁သမ္မာ) ယေဟောဝါ​သည် ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်၊ ဝိညာဉ်​တော်​နှင့် မြေကြီးဆိုင်ရာ​အဖွဲ့အစည်း​အားဖြင့် ညွှန်ကြား​ပေး​သောအခါ ဂရုစိုက်​နားထောင်​ကြ​စို့။ ထိုသို့​ပြု​မည်​ဆိုလျှင် ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို ထာဝစဉ်​ပျော်ရွှင်​၍ ကျေနပ်ဖွယ်​အသက်တာ​မျိုး​ဖြင့် ကောင်းချီး​ပေး​ပါ​လိမ့်​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 ရှုရိ​ပြည်​အန္တိအုတ်မြို့​သို့ ပေတရု​လည်ပတ်​ခဲ့​သောအခါ တစ်ပါး​အမျိုးသား​ယုံကြည်သူ​တို့​နှင့် ရင်းနှီး​စွာ​ပေါင်းသင်း​ခဲ့​သည်။ သို့သော် ယေရုရှလင်​မြို့မှ ဂျူး​ခရစ်ယာန်​များ​ရောက်လာသော​အခါ ပေတရု​သည် “အရေဖျားလှီး​ခြင်း​ကို​ခံ​သော​သူတို့၏​မျက်နှာကို​ထောက်၍ တစ်ပါး​အမျိုးသား​တို့​နှင့်​မ​ပေါင်း​ဝံ့။ တစ်ယောက်​တခြား​စီ​နေ​၏။” ရိုသေ​လေးစား​ရသော​တမန်​တော်​က ဘာသာ​ပြောင်း​ဝင်လာ​သော တစ်ပါး​အမျိုးသား​တို့​နှင့် မစား​မ​သောက်​တော့​သည့်​အခါ သူတို့​မည်မျှ​ဝမ်းနည်း​မည်​ကို စဉ်းစား​ကြည့်​နိုင်​သည်။—ဂလာတိ ၂:၁၁-၁၃

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ပညတ်တရား​သည် အဘယ်​သဘော​မျိုး​ဖြင့် ‘ခရစ်တော်​ထံ​သို့ ပို့ဆောင်သော​အထိန်း’ ဖြစ်သနည်း။

• အမှန်တရားကို သိ​နားလည်ပုံ​နှင့်​ပတ်သက်​၍ ပြုပြင်​ပြောင်းလဲချက်​များ​ကို ပေတရု​နှင့် “အရေဖျားလှီး​ခြင်း​ကို​ခံ​သော​သူတို့” ၏​တုံ့ပြန်​ပုံ​များ ကွာခြား​ခြင်း​ကို သင်​မည်သို့ ရှင်းပြ​မည်​နည်း။

• ယနေ့ အမှန်တရားကို ယေဟောဝါ ဖော်ပြ​ပေး​ပုံ​နှင့်​ပတ်သက်​၍ သင် အဘယ်အရာကို သိရှိ​လာ​ခဲ့ပြီ​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

စမ်းသပ်မှု​တစ်ခု​ကို ပေါလု နှိမ့်ချစွာ​တုံ့ပြန်​ပုံ

ပေါလု​သည် သာသနာပြု​ခရီးစဉ်​တစ်ခု​မှ အောင်မြင်စွာ​ပြန်လာ​ပြီး​နောက် စီ.အီး. ၅၆ ခုနှစ်​တွင် ယေရုရှလင်​မြို့​သို့ ရောက်လာ​၏။ ထို​တွင် သူ့ကို စမ်းသပ်မှု​တစ်ခု​က စောင့်ကြို​နေ​၏။ ပညတ်တရား​ကို ဖယ်ရှား​လိုက်ပြီ​ဟု ပေါလု​သွန်သင်​နေကြောင်း အသင်းတော်​ထံ သတင်း​ရောက်နေ​သည်။ အသက်ကြီးသူတို့​က ပညတ်တရား​အကြောင်း ပွင့်လင်း​စွာ ပေါလု​ပြောဆို​သော​စကား​များ​ကြောင့် ဘာသာ​ပြောင်း​ဝင်လာ​ခါ​စ ဂျူး​ခရစ်ယာန်​များ ထိမိ​လဲသွား​မည်​ကို​သာမက ခရစ်ယာန်​များသည် ယေဟောဝါ​၏​အစီအစဉ်များ​ကို မလေးစား​ကြ​ဟု ထင်မှတ်​သွား​ကြ​မည်​ကို စိုးရိမ်​နေကြ​သည်။ အသင်းတော်တွင် နာဇရိ​ကတိကဝတ်​ဖြစ်​နိုင်​သည့် ကတိကဝတ်​တစ်ခု​ပြု​ထား​သူ ဂျူး​ခရစ်ယာန်​လေးဦး​ရှိ၏။ ထို​သူတို့သည် ၎င်း​ကတိကဝတ်​အတိုင်း ပြုမူ​ဆောင်ရွက်ရန် ဝတ်ပြုရာ​အိမ်တော်​သို့ သွား​ကြ​ရမည်​ဖြစ်သည်။

အသက်ကြီးသူတို့​က ပေါလု​အား ဝတ်ပြုရာ​အိမ်တော်​သို့ ထို​သူတို့နှင့်​အတူ လိုက်ပါ​သွားပြီး သူတို့၏​စရိတ်​စ​က​များ​ကို​ခံ​ပေး​ရန် တောင်းဆို​လေ​သည်။ ပေါလု​သည် ကယ်တင်ခြင်း​ရဖို့ ပညတ်တရား​ကို​လိုက်လျှောက်စရာ​မလိုဟု ကျိုးကြောင်း​ဆင်ခြင်​၍ ဖော်ပြ​ရေးသား​ထား​သည့် မှုတ်သွင်းခံစာ အနည်းဆုံး​နှစ်စောင်​ရေးသားခဲ့​ပြီ၊ သို့သော် သူသည် အခြား​သူတို့၏​သိစိတ်ကို ထောက်စာ​ပေး​ပါ​သည်။ ယခင်​က သူ​ဤသို့​ရေးသားခဲ့​သည်– ငါသည် “ပညတ်တရား​ကို​ဆည်းကပ်​သော​သူတို့ကို​ရခြင်း​အလို​ငှာ၊ ပညတ်တရား​ကို​ဆည်းကပ်​သော​သူတို့၌ ပညတ်တရား​ကို​ကျင့်​သော​သူ​ကဲ့သို့​ဖြစ်၏။” (၁ ကောရိန္သု ၉:၂၀-၂၃) ပေါလု​သည် အရေးပါသော​ကျမ်းစာမူ​များနှင့်​ပတ်သက်​လျှင် ဘယ်​သောအခါ​မျှ အလျှော့ပေး​လိုက်လျော​ခြင်း​မပြု​သော်လည်း အသက်ကြီးသူတို့ အကြံပြု​တောင်းဆို​သည့်​အတိုင်း ပြုလုပ်​နိုင်၏​ဟု သူ​ယူဆ​သည်။ (တမန်​တော် ၂၁:၁၅-၂၆) ထိုသို့​ပြုမူခြင်း​သည် မမှား​ချေ။ ကတိကဝတ်​များ​ပြုခြင်း​အစီအစဉ်​နှင့်​ပတ်သက်​၍ ကျမ်းစာ​နှင့်​မညီညွတ်​ချက်​ကို မ​တွေ့ရ​ချေ၊ ဝတ်ပြုရာ​အိမ်တော်ကို ရုပ်ပုံ​ကိုးကွယ်​မှု​အတွက်​မဟုတ်ဘဲ စစ်မှန်သော​ဝတ်ပြုရေး​အတွက် အသုံးပြု​ခဲ့​ကြသည်။ ထို​အကြောင်း​၌ ထိမိ​မလဲ​စေရန် ပေါလု​သည် အသက်ကြီးသူ​များ​တောင်းဆို​သည့်​အတိုင်း ပြုမူ​ဆောင်ရွက်​ခဲ့​၏။ (၁ ကောရိန္သု ၈:၁၃) ယင်း​သို့​ပြု​ရန် ပေါလု​ဘက်​မှ အတော်အတန်​နှိမ့်ချမှု​ပြ​ခဲ့​ရမည်​မှာ မလွဲဧကန်​ဖြစ်သည်၊ ယင်းက သူ့​အပေါ်​လေးစားမှု​တိုးပွား​စေ​သည်။

[စာမျက်နှာ ၂၂၊ ၂၃ ပါ ရုပ်ပုံ]

ခရစ်ယာန်​များ​အကြား​တွင် မောရှေ​ပညတ်​အပေါ် ခြားနား​သော​ရှုမြင်ချက် နှစ်​အတန်ကြာ​ရှိခဲ့