မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

ခြေကုန်လက်ပန်းကျတာကို ဘယ်လို ဖြေရှင်းနိုင်မလဲ

ခြေကုန်လက်ပန်းကျတာကို ဘယ်လို ဖြေရှင်းနိုင်မလဲ

အနီးလ်က ဂုဏ်ရှိပြီး ဝင်ငွေပိုကောင်းတဲ့ အလုပ်တစ်ခု ရတယ်။ ဒီအလုပ်မှာ ညဉ့်နက်တဲ့အထိလုပ်ရတဲ့အပြင် စနေ၊ တနင်္ဂနွေရက်တွေမှာတောင် အလုပ်ဆင်းနေရတယ်။ တစ်ခါတလေ တစ်ပတ်ကို နာရီ ၈၀ အထိ အလုပ်ဆင်းနေရလို့ အရမ်းပင်ပန်းနေတယ်။ “လုပ်ငန်းခွင်က ပရမ်းပတာဖြစ်၊ တာဝန်တွေကလည်း ကျွန်တော့် ခေါင်းပေါ်မှာဆိုတော့ ‘ငါ ဘာတွေ ဖြစ်နေတာလဲ၊ အလုပ်မပြောင်းရင်တော့ ငါ သေမှာပဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြောမိတယ်။” အနီးလ်ဟာ ခြေကုန်လက်ပန်း ကျလုမတတ် ဖြစ်နေပြီ။

လုပ်ငန်းခွင်မှာ ခြေကုန်လက်ပန်းကျခြင်းက အလုပ်မှာ မောပန်းတာ၊ နေ့စဉ်နဲ့အမျှ ဖိစီးမှုဒဏ်ခံရတာထက်မက ပိုဆိုးတယ်။ ခြေကုန်လက်ပန်းကျတယ်ဆိုတာ အမြဲတမ်း မောပန်းနေတာ၊ အားမလိုအားမရ အမြဲဖြစ်နေတာ၊ ဘာမှ မတတ်နိုင်ဘူးဆိုတဲ့ ခံစားချက်တွေ ရှိနေတာကို ဆိုလိုတယ်။ ခြေကုန်လက်ပန်းကျနေတဲ့သူတွေက အလုပ်ကို စိတ်ပါလက်ပါမလုပ်၊ တက်တက်ကြွကြွမရှိ၊ အလုပ်ကို တွင်တွင်ကျယ်ကျယ်မလုပ်နိုင်ကြတော့ဘူး။ ခြေကုန်လက်ပန်းကျခြင်းက စိတ်ပိုင်း၊ ကိုယ်ကာယပိုင်း ကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ လေ့လာချက်တွေအရ သိရတယ်။

ဘာက ခြေကုန်လက်ပန်းကျစေသလဲ။ အကြောင်းတစ်ခုကတော့ အလုပ်များလွန်းလို့ ဖြစ်တယ်။ စီးပွားရေးကျပ်တည်းတာကြောင့် အလုပ်ရှင်တချို့က အလုပ်သမားတွေကို အလုပ်များများလုပ်ခိုင်းပြီး လုပ်ခ နည်းနည်းပဲ ပေးကြတယ်။ ဒီနေ့ခေတ် နည်းပညာတွေကြောင့် အလုပ်နဲ့အမြဲ ဆက်သွယ်နေရလို့ အနားယူချိန် နည်းလာတယ်။ အလုပ်မမြဲမှာကို စိုးရိမ်တာ၊ အလုပ်ကို ကောင်းကောင်းမလုပ်တတ်တာ၊ အလုပ်မှာ မတရားဆက်ဆံခံရတာ၊ ဘာကို ဦးစားထားလုပ်ရမှန်း မသိတာ၊ အလုပ်ဖော်တွေနဲ့ မတည့်တာတွေကလည်း ခြေကုန်လက်ပန်းကျစေတယ်။

ကိုယ်ကိုယ်တိုင်ကြောင့်လည်း ခြေကုန်လက်ပန်းကျနိုင်တယ်။ ရည်မှန်းချက်ကြီးတာ၊ ဝင်ငွေပိုရချင်တာတွေကြောင့်လည်း ကိုယ့်ရဲ့ဘဝကို အလုပ်ထဲမှာပဲ နှစ်မြုပ်ထားလိုက်ကြတယ်။ အဲဒီလို လူတွေက မနိုင်ဝန်ထမ်းကြတဲ့အတွက် ခြေကုန်လက်ပန်းကျစရာအကြောင်း ပိုများတယ်။

လုပ်ငန်းခွင်မှာ ခြေကုန်လက်ပန်းကျနေမယ်ဆိုရင် ဘယ်လို ပြန်နာလန်ထူနိုင်မလဲ။ ကိုယ့်ရဲ့ အခြေအနေက ဘေးကျပ်နံကျပ်အခြေအနေဖြစ်နေပြီဆိုရင် အပြောင်းအလဲလုပ်လို့ မရနိုင်ဘူးလို့ ထင်မှာပဲ။ ခြေကုန်လက်ပန်းကျတာကို ဖြေရှင်းနိုင်မယ့် အကြံပြုချက်လေးခုကို ဆွေးနွေးသွားပါမယ်။ ကိုယ်ထင်ထားတာထက် ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။

၁။ ဦးစားထားရာတွေကို ထည့်တွက်ပါ။

သင့်အတွက် ဘာက အရေးကြီးဆုံးလဲ။ လူအတော်များများက အိမ်ထောင်ရေး၊ ကျန်းမာရေးကို ဦးစားထားကြတယ်။ တကယ်လို့ ခြေကုန်လက်ပန်းကျနေမယ်ဆိုရင်တော့ အဲဒါတွေကို ထိခိုက်သွားဖို့အကြောင်းများတယ်။

ဦးစားထားရမယ့်အရာတွေကို ရှင်းရှင်းလင်းလင်း သိထားမယ်ဆိုရင် ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေကိုတောင် ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဥပမာ၊ ကိုယ့်ရဲ့အလုပ်ကြောင့် ခြေကုန်လက်ပန်းကျတော့မယ့် အရိပ်အယောင်ပြနေပြီ ဆိုပါစို့။ တစ်ချိန်တည်းမှာ ‘ငါ အလုပ်ပြောင်းလို့ မရဘူး၊ လျှော့လုပ်လို့လည်း မရဘူး။ ဝင်ငွေရှိမှ ဖြစ်မယ်’ ဆိုပြီး စဉ်းစားမိနိုင်တယ်။ ဒါပေမဲ့ ကိုယ်တန်ဖိုးထားတဲ့အရာတွေကို ဝင်ငွေရဖို့အတွက်ပဲကြည့်ပြီး အဆုံးၡုံးခံမလား။

တခြားသူတွေ ဦးစားထားနေတဲ့အရာတွေကို ကိုယ် ဦးစားမထားမိအောင် သတိထားပါ။ ကိုယ့်အလုပ်ရှင် ဦးစားထားတာတွေက ကိုယ်ဦးစားထားတာနဲ့ တူမှာ မဟုတ်ဘူး။ တခြားသူတွေက အလုပ်ကို ဦးစားထားတိုင်း ကိုယ်က အဲဒီလို လိုက်လုပ်စရာ မလိုပါဘူး။

ကျမ်းစာအကြံပြုချက်– “လူတစ်ဦးသည် စည်းစိမ်ကြွယ်ဝသော်လည်း သူ၏စည်းစိမ်၌ အသက်မတည်။”—လုကာ ၁၂:၁၅

၂။ ရိုးရိုးရှင်းရှင်းနေပါ။

ဖိစီးမှုလျော့နည်းသွားစေဖို့၊ ကိုယ်တန်ဖိုးထားရာအတွက် အချိန်ပေးဖို့ အလုပ်လုပ်တဲ့အချိန်ကို လျှော့ဖို့ စဉ်းစားပါ။ အလုပ်ရှင်ကို သွားတွေ့ပြီး အလုပ်ချိန်လျှော့ပေးဖို့ ဆွေးနွေးပါ။ ဒါမှမဟုတ် အလုပ်ပြောင်းဖို့ ဆုံးဖြတ်နိုင်တယ်။ ဘာကိုပဲဆုံးဖြတ်ဆုံးဖြတ် ဝင်ငွေ၊ ထွက်ငွေမျှအောင်လုပ်ဖို့နဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ လိုပါလိမ့်မယ်။ ဒီလိုလုပ်နိုင်ဖို့ ကိုယ်ထင်ထားသလောက် ခက်မှာမဟုတ်ဘူး။

နေရာအများစုမှာ လူတွေက ဝင်ငွေကောင်းမှ၊ ပစ္စည်းဥစ္စာရှိမှ ပျော်ရွှင်မယ်လို့ ယူမှတ်ကြတယ်။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ ရိုးရှင်းတဲ့ဘဝပုံစံက ပိုလွတ်လပ်စေတယ်၊ ကျေနပ်မှုပိုရစေတယ်။ အဲဒီလိုဘဝပုံစံမျိုးအတွက် အသုံးစရိတ်တွေလျှော့ပြီး ငွေစုထားဖို့ လိုတယ်။ အကြွေးမတင်စေနဲ့။ အဲဒီလိုနေနိုင်ဖို့ မိသားစုနဲ့ တိုင်ပင်ပြီး အတူတကွလုပ်ဆောင်ပါ။

ကျမ်းစာအကြံပြုချက်– “ငါတို့သည် စားစရာ၊ ဝတ်စရာ၊ နေစရာရှိသမျှနှင့် ကျေနပ်ရောင့်ရဲနေကြရမည်။” —၁ တိမောသေ ၆:၈

၃။ မလုပ်နိုင်ရင် မလုပ်နိုင်ဘူးလို့ ပြောပါ။

အလုပ်ဝန်ပိနေရင်၊ အလုပ်ခွင်မှာ ပြဿနာတစ်ခုရှိမြဲရှိ နေမယ်ဆိုရင် အဲဒီအခြေအနေကို အလုပ်ရှင်နဲ့ ဆွေးနွေးတိုင်ပင်ပါ။ ဖြစ်နိုင်တဲ့အခါတိုင်း ကိုယ့်အတွက်ရော၊ ကိုယ့်အလုပ်ရှင်အတွက်ပါ အဆင်ပြေမယ့် ဖြေရှင်းနည်းတွေကို ပြောပြပါ။ ကတိပေးထားတဲ့အတိုင်း အလုပ်ကို တာဝန်ကျေပွန်အောင် လုပ်မယ်ဆိုတာ အလုပ်ရှင်ကို ယုံကြည် စိတ်ချစေပါ။ ဒါပေမဲ့ ကိုယ်မလုပ်နိုင်တာကို မလုပ်နိုင်ဘူးလို့ ပြတ်ပြတ်သားသားပြောထားပါ။

အမြော်အမြင်ရှိပါ။ ဖြစ်နိုင်တာကိုပဲ လုပ်ပါ။ ကိုယ်က အလုပ်ကို လျှော့လုပ်ချင်တယ်ဆိုရင် အလုပ်ရှင်ကလည်း လုပ်ခကိုလျှော့ပေးမှာ ဖြစ်တယ်။ အလုပ်ပြုတ်နိုင်တယ်လို့ ကြိုတွက်ထားပြီး ဖြေရှင်းနည်းကို စဉ်းစားထားပါ။ အလုပ်ရှိနေတုန်း တခြားအလုပ်တစ်ခုရှာဖို့ဆိုတာ ပိုလွယ်တယ်။

အလုပ်ရှင်နဲ့ နှစ်ဦးသဘောတူ အလုပ်ကိစ္စအကြောင်း ဆွေးနွေးပြီးရင်တောင် အချိန်ပိုလုပ်ရင်လုပ်ရနိုင်တယ်ဆိုတာ ကြိုတွက်ထားပါ။ ကိုယ်ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်နိုင်ဖို့ ဘာက အကူအညီပေးမလဲ။ အစက သဘောတူထားတဲ့အတိုင်းပဲ ဆက်လုပ်ဖို့ ကြိုးစားပါ။ အဲဒီလို လုပ်မယ်ဆိုရင် အလုပ်ရှင်ကလည်း ကိုယ်တောင်းဆိုတာကို ပေးပါလိမ့်မယ်။ အလုပ်ရှင်က သဘောတူထားတဲ့အတိုင်းပဲ အလုပ်ကို လုပ်ခိုင်းပါလိမ့်မယ်။

ကျမ်းစာအကြံပြုချက်– “သင်တို့၏စကားမှာ အဟုတ်ကို အဟုတ်၊ မဟုတ်ကို မဟုတ်ဖြစ်စေကြလော့။”—မဿဲ ၅:၃၇

၄။ လန်းဆန်းမှုရှိဖို့ အနားယူပါ။

ကိုယ့်ရဲ့အလုပ်မှာ ပြဿနာအကြီးအကျယ်မရှိရင်တောင် ဖိစီးမှုတွေ၊ ဆက်ဆံရခက်တဲ့သူတွေ၊ အဆင်မပြေမှုတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် အနားယူ၊ အပန်းဖြေဖို့ လိုတယ်။ ကိုယ်နဲ့ ကိုယ့်မိသားစုအပန်းဖြေဖို့ ငွေကြေးအများကြီး အကုန်ကျခံစရာ မလိုပါဘူး။

ကိုယ်စိတ်၀င်စားရာတွေကို လုပ်ပါ။ ကိုယ့်အလုပ်ခွင်ကမဟုတ်တဲ့ သူတွေနဲ့လည်း မိတ်ဆွေဖွဲ့ပါ။ အလုပ်တစ်ခုခုရှိနေ၊ လုပ်နေမှ လူရာဝင်မယ်ဆိုတဲ့ သဘောထားမျိုး အဝင်မခံပါနဲ့။ ဘာကြောင့် အဲဒီလို လုပ်သင့်သလဲ။ သင့်ငွေလော၊ သင့်အသက်လော စာအုပ်က ဒီလိုဆိုတယ်– “လုပ်နေတဲ့ အလုပ်ထက် လူက ပိုပြီးတန်ဖိုးရှိတယ်။” ကိုယ်က တန်ဖိုးရှိသူဖြစ်နေတာက အလုပ်ကြောင့်လို့ ခံစားနေရတယ်ဆိုရင် ကိုယ့်ရဲ့အလုပ်ကို လျှော့ချဖို့ လွယ်မှာမဟုတ်ဘူး။

ကျမ်းစာအကြံပြုချက်– “ငြိမ်သက်ခြင်းနှင့်ယှဉ်လျက် လက်တစ်ဆုပ်တည်းသောဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေကိုကျက်စားခြင်းနှင့်ယှဉ်လျက် လက်နှစ်ဖက်၌ပြည့်သောဥစ္စာထက် သာ၍ကောင်း၏။”—ဒေသနာ ၄:၆

ခြေကုန်လက်ပန်းကျတာကို ဖြေရှင်းနိုင်ဖို့ လိုအပ်သလို ပြောင်းလဲနိုင်မလား။ ဆောင်းပါးအစက အနီးလ် ပြောင်းလဲနိုင်ခဲ့သလို ဘယ်သူမဆို ပြောင်းလဲနိုင်ပါတယ်။ သူဒီလို ပြောပြတယ်– “အရင်တုန်းက အလုပ်ရှင်ဆီ သွားပြီး ကျွန်တော် အလုပ်ပြန်ရနိုင်မလား လို့မေးတော့ အလုပ်ပြန်ခန့်တယ်။ ဝင်ငွေပိုကောင်းတဲ့ အလုပ်သွားလုပ်မယ်လို့ ပြောပြီး အလုပ်ထွက်ခဲ့တဲ့ ကျွန်တော်က အရင် အလုပ်ဖော်တွေရှေ့မှာ မျက်နှာပူရတယ်ဗျာ။ လစာလည်း အများကြီးလျော့သွားတယ်။ ဒါပေမဲ့ စိတ်ချမ်းသာတယ်၊ မိသားစုအတွက်၊ ကျွန်တော်တကယ်တန်ဖိုးထားတဲ့ အရာတွေအတွက် အချိန်ပိုပေးနိုင်ခဲ့တယ်။”