မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

မိတ်ဆွေကောင်းဖြစ်နိုင်ပုံ

မိတ်ဆွေကောင်းဖြစ်နိုင်ပုံ

ဗြိတိန်နိုင်ငံက အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ သူ့ကိုယ်သူ သတ်သေတော့မယ်လို့ ၂၀၁၀၊ ဒီဇင်ဘာ ၂၅ ရက်မှာ လူမှုဆက်သွယ်ရေးကွန်ရက် ဝက်ဘ်ဆိုက်တစ်ခုပေါ် တင်ခဲ့တယ်။ ဒီလိုတင်ရတာက သူ အကူအညီ သိပ်လိုအပ်နေလို့ပဲ။ အင်တာနက်ဝက်ဘ်ဆိုက်ပေါ်မှာ “သူငယ်ချင်း” တစ်ထောင်ကျော်လောက် သူ့မှာရှိပေမဲ့ တစ်ယောက်မှ သူ့ကို လာမကူညီဘူး။ နောက်တစ်နေ့မှာ ဆေးသောက်ပြီးသေနေတဲ့ သူ့အလောင်းကို ရဲတွေ တွေ့ရှိသွားတယ်။

ဒီနေ့၊ ခေတ်သစ်နည်းပညာကြောင့် အင်တာနက်ဝက်ဘ်ဆိုက်ပေါ်မှာ “သူငယ်ချင်း” ရာချီ၊ ထောင်ချီ ထားနိုင်တယ်။ “သူငယ်ချင်း နာမည်စာရင်း” ကနေ တစ်ယောက်ယောက်ကို ဖျက်လိုက်ချင်ရင်လည်း လွယ်လွယ်လေးပဲ။ ဗြိတိန်နိုင်ငံကအမျိုးသမီးရဲ့ စိတ်မကောင်းစရာဖြစ်ရပ်အရ စစ်မှန်တဲ့မိတ်ဆွေမရှိသလောက် ဖြစ်တယ်ဆိုတာ ထင်ရှားနေတယ်။ တကယ်တော့ ကျွန်ုပ်တို့မှာ အပေါင်းအသင်းအများကြီးရှိနေပေမဲ့ ချစ်ခင်ရင်းနှီးရတဲ့မိတ်ဆွေစစ် အရမ်းရှားတယ်လို့ မကြာသေးမီက လေ့လာမှုတစ်ရပ်အရ သိရတယ်။

မိတ်ဆွေကောင်းရှိဖို့လိုတယ်လို့ လူအများသဘောတူသလို သင်လည်း သဘောတူမှာပါ။ ကွန်ပျူတာမှာ၊ ဖုန်းမှာ ခလုတ်တစ်ချက် နှိပ်ပြီး ဆက်သွယ်ရုံနဲ့ မိတ်ဆွေကောင်းရပြီလို့ မထင်လိုက်ပါနဲ့။ ဒါဆိုရင် မိတ်ဆွေကောင်းဆီကနေ ဘာမျှော်လင့်သလဲ။ မိတ်ဆွေကောင်းတစ်ယောက် ဘယ်လိုဖြစ်နိုင်သလဲ။ မိတ်ဆွေနှောင်ကြိုးကို ဘာက ခိုင်မြဲစေမလဲ။

အောက်ပါအကြံပြုချက် လေးခုကို သုံးသပ်ကြည့်ပါ။ ကိုယ်ကိုယ် တိုင်က သူများခင်မင်ချင်တဲ့ မိတ်ဆွေတစ်ယောက်ဖြစ်အောင် ကျမ်းစာကနေ ဘယ်လိုအကြံဉာဏ်ရနိုင်မလဲဆိုတာ လေ့လာကြည့်ပါ။

၁။ စိတ်ရင်းမှန်နဲ့ ဂရုစိုက်ပေးပါ

မိတ်ဆွေကောင်းဆိုရင် အပြန်အလှန်တာဝန်သိတတ်ပြီး အချင်းချင်း ဂရုစိုက်ပေးတတ်တယ်။ တစ်ယောက်ကို တစ်ယောက် အနစ်နာခံပေးတတ်တယ်။ အဲဒီလိုလုပ်တာက လုပ်ရကျိုးနပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဒီလို မေးကြည့်ပါ– “သူငယ်ချင်းအတွက် အချိန်ပေးပြီး အနွံတာခံဖို့ ငါ လိုလိုလားလား ရှိသလား။” ကိုယ့်မှာ သူငယ်ချင်းကောင်းရှိဖို့ ကိုယ်က သူငယ်ချင်းကောင်း အရင်ဖြစ်ရမယ်။

မိတ်ဆွေတစ်ယောက်ဆီကနေ ဘာမျှော်လင့်သလဲ

အီရေနာက ဒီလိုပြောတယ်။ “မိတ်ဆွေဖွဲ့တာက ပန်းဥယျာဉ်စိုက်သလို အချိန်အများကြီးပေးပြီး ဂရုစိုက်ဖို့လိုတယ်။ ကိုယ်ကိုယ်တိုင် သူငယ်ချင်းကောင်း အရင်ဖြစ်ပေးရမယ်။ ကိုယ်က တစ်ဖက်သားကို စိတ်ဝင်စားပြီးကြင်နာမှုအများကြီးပြရမယ်။ လိုအပ်ရင် အချိန်ပေးပေါင်းသင်းရမယ်။”

“အခုခေတ် လူ့အဖွဲ့အစည်းက တခြားသူထက် ကိုယ့်အတွက်ပဲစဉ်းစားစေတယ်။ အဲဒါကြောင့် တစ်ယောက်ယောက်က ကိုယ်ကျိုးမရှာဘဲ ကိုယ့်ကို ဂရုစိုက်တယ်ဆိုရင် သူက မိတ်ဆွေစစ်ပဲ” လို့ လူအီ အယ်ဖွန်ဆိုက ပြောတယ်။

သမ္မာကျမ်းစာပြောဆိုရာ

“သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။ ပေးကမ်းခြင်းကို ကျင့်ယူကြလော့။ သို့ပြုလျှင် သင်တို့အား ပေးကမ်းကြလိမ့်မည်။” (လုကာ ၆:၃၁၊ ၃၈) ယေရှုက တစ်ကိုယ်ကောင်းမဆန်ဘဲ ရက်ရောဖို့ အားပေးနေတာဖြစ်တယ်။ ဒီလို ရက်ရောမယ်ဆိုရင် မိတ်ဆွေကောင်းတွေ အများကြီးရလာမယ်။ မိတ်ဆွေတွေဆီကနေ ဘာမှ မမျှော်လင့်ဘဲ ကူညီပေးမယ်ဆိုရင် သူတို့က ကိုယ့်ကို ပိုပြီးခင်မင်ရင်နှီးလာလိမ့်မယ်။

၂။ အမြဲပြောဆိုဆက်သွယ်နေပါ

မိတ်ဆွေကောင်းက အဆက်အသွယ်မလုပ်ဘဲ မနေဘူး။ သူ့အကြိုက်၊ ကိုယ့်အကြိုက်တွေကိုလည်း အချင်းချင်း ပြောဆိုပါ။ သူငယ်ချင်းပြောတာတွေကို နားထောင်ပေးပြီး သူ့ရဲ့အမြင်ကိုလည်း လေးစားပါ။ သူ့ကို ချီးမွမ်းဖို့၊ အားပေးဖို့လည်း မမေ့ပါနဲ့။ တစ်ခါတလေ မိတ်ဆွေကို အကြံဉာဏ်ပေးဖို့၊ ဆုံးမပေးဖို့ လိုလိမ့်မယ်။ အဲဒီလို လုပ်ဖို့ သိပ်တော့မလွယ်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုတကယ်ချစ်ခင်တဲ့ သူငယ်ချင်းဆိုရင် ကိုယ့်အမှားကို ထောက်ပြဖို့ သတ္တိရှိမယ်၊ အလိမ္မာသုံးပြီး တည့်မတ်ပေးလိမ့်မယ်။

မိတ်ဆွေတစ်ယောက်ဆီကနေ ဘာမျှော်လင့်သလဲ

“မိတ်ဆွေကောင်းတစ်ယောက်ဟာ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောဆိုလိမ့်မယ်။ ကိုယ်က သဘောမတူနိုင်ရင်တောင် သူ စိတ်ဆိုးမှာ မဟုတ်ဘူး” လို့ ယွမ်က ပြောတယ်။

ယူနစ္စ ကျတော့ ဒီလိုပြောတယ်။ “ကျွန်မကို အချိန်ပေးမယ့် သူငယ်ချင်းတွေ၊ ကျွန်မရဲ့ပြဿနာတွေကို ပြောပြတဲ့အခါ နားထောင်ပေးမယ့်သူငယ်ချင်းတွေကို သိပ်ချစ်တယ်။”

ဆေလ်ဗီနာက “မိတ်ဆွေစစ်တွေဟာ ကျွန်မစိတ်ဆိုး မယ်လို့ထင်ရင်တောင် အရှိကိုအရှိအတိုင်း ပြောလိမ့်မယ်။ ဒါက ကျွန်မကို ဂရုစိုက်လို့ပေါ့” ဆိုပြီး ပြောတယ်။

သမ္မာကျမ်းစာပြောဆိုရာ

“လူတိုင်းသည် နားထောင်ခြင်း၌ လျင်မြန်ရမည်။ စကားပြောခြင်းနှင့် အမျက်ထွက်ခြင်း၌ နှေးရမည်။” (ယာကုပ် ၁:၁၉) မိတ်ဆွေကောင်းတွေက တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်နားထောင်ပေးတတ်ကြတယ်။ ကိုယ်ကချည်းပဲ စကားပြောနေမယ်ဆိုရင် သူ့အမြင်ထက် ကိုယ့်အမြင်က ပိုသာတယ်လို့ ပြောရာရောက်တယ်။ ဒါကြောင့် ကိုယ့်မိတ်ဆွေက ပြောစရာတွေရှိမယ်ဆိုရင် ဂရုစိုက်နားထောင်ပေးလိုက်ပါ။ အကယ်၍ ကိုယ့်ရဲ့အားနည်းချက်ကို သူ ထောက်ပြလာရင်တောင် စိတ်မဆိုးပါနဲ့။ “အဆွေခင်ပွန်းက မိမိအား နာကျင်အောင်ပြုမူပြောဆိုသောအခါ စိတ်ကောင်းစေတနာကောင်းနှင့် ပြခြင်းဖြစ်၏” ဆိုပြီး ကျမ်းစာက ဆိုတယ်။—သုတ္တံ ၂၇:၆ခမ။

၃။ အရှိကိုအရှိအတိုင်း မြင်တတ်ပါ

မိတ်ဆွေနဲ့ ပိုရင်းနှီးလာလေ သူ့အမှားတွေ တွေ့လာလေပဲ။ မိတ်ဆွေဟာ ကိုယ့်လိုပဲ ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ခင်မင်တဲ့သူဟာ လုံးဝအပြစ်ကင်းရမယ်လို့ မထင်ပါနဲ့။ အဲဒီအစား သူ့ရဲ့ ကောင်းကွက်လေးတွေကို အသိအမှတ်ပြုပါ။ သူ့အမှားတွေကိုလည်း သည်းခံလိုက်ပါ။

မိတ်ဆွေတစ်ယောက်ဆီကနေ ဘာမျှော်လင့်သလဲ

ဆမ်ရယ်လ်က ဒီလိုပြောပြတယ်။ “ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်တော့ သက်ညှာပြီး သူများကိုတော့ တရားလွန်တောင်းဆိုတတ်ကြတယ်။ ကိုယ့်ရဲ့အမှားကိုသိပြီး သူများက ကိုယ့်ကိုခွင့်လွှတ်ပေးဖို့လိုတယ်ဆိုတာ အသိအမှတ်ပြုမယ်ဆိုရင် သူများကိုလည်း ခွင့်လွှတ်ပေးတတ်လာလိမ့်မယ်။”

“မိတ်ဆွေတွေလည်း မှားတတ်တယ်ဆိုတာ သိထားပါ။ ပြဿနာပေါ်လာရင် ချက်ချင်းဖြေရှင်းလိုက်ပါ၊ ပြီးတော့ မေ့ပျောက်နိုင်ဖို့ ကြိုးစားပါ” လို့ သန်ရယ်လ် ပြောတယ်။

သမ္မာကျမ်းစာပြောဆိုရာ

ခွင့်လွှတ်လိုစိတ်ရှိသလား။ —ကောလောသဲ ၃:၁၃၊ ၁၄

“ငါတို့ရှိသမျှသည် ကြိမ်ဖန်များစွာ မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိလျှင် ထိုသူသည် စုံလင်သောသူ၊ တစ်ကိုယ်လုံးကိုလည်း ထိန်းနိုင်သောသူဖြစ်၏။” (ယာကုပ် ၃:၂) ဒါကို လက်ခံမယ်ဆိုရင် မိတ်ဆွေတွေကို နားလည်ပေးနိုင်လိမ့်မယ်။ အဲဒီလိုဆိုရင် သူတို့ရဲ့အသေးအဖွဲအမှားလေးတွေကို သည်းခံပေးနိုင်မယ်။ ကျမ်းစာက ဒီလိုပြောတယ်။ “တစ်ဦးနှင့် တစ်ဦး မကျေနပ်စရာအကြောင်းရှိလျှင် အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်ကြလော့။ . . . ထိုအရာများအပြင် ချစ်ခြင်းမေတ္တာကိုလည်း ဝတ်ဆင်ကြလော့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် စည်းလုံးခြင်းအတွက် ခိုင်မြဲသော နှောင်ကြိုးဖြစ်၏။”—ကောလောသဲ ၃:၁၃၊ ၁၄

၄။ မိတ်ဆွေအသိုင်းအဝိုင်း တိုးချဲ့ပါ

မိတ်ဆွေ ရွေးပေါင်းဖို့ လိုတယ်ဆိုတာတော့ အမှန်ပဲ။ ဒါပေမဲ့ သက်တူရွယ်တူ၊ နောက်ခံချင်းတူတဲ့သူတွေနဲ့ပဲ ပေါင်းသင်းရမယ်လို့ မဆိုလိုဘူး။ လူကြီးလူငယ်၊ နောက်ခံအမျိုးမျိုးကလူတွေ၊ လူမျိုးမတူသူတွေနဲ့ မိတ်ဆွေဖွဲ့ ခြင်းက ဘဝကိုပိုစိုပြေစေနိုင်တယ်။

မိတ်ဆွေတစ်ယောက်ဆီကနေ ဘာမျှော်လင့်သလဲ

“သက်တူရွယ်တူ၊ အကြိုက်ချင်းတူသူတွေနဲ့ပဲ ပေါင်းသင်းနေတာက ကိုယ်ကြိုက်တဲ့အရောင်ကိုပဲ တစ်ချိန်လုံး ဝတ်နေတာနဲ့ တူတယ်။ အဲဒီအရောင်ကို ဘယ်လောက်ပဲကြိုက်ကြိုက် တစ်ချိန်ကျရင် ငြီးငွေ့သွားမှာပဲ” လို့ ဦအိုင် ပြောတယ်။

ဖန်ကီက ဒီလိုပြောတယ်။ “မိတ်ဆွေအသိုင်းအဝိုင်းကို တိုးချဲ့လိုက်လို့ ကျွန်မ ပိုရင့်ကျက်လာတယ်။ လူကြီးလူငယ်၊ နောက်ခံအမျိုးမျိုးကလူတွေနဲ့ ကျွန်မ ပေါင်းတတ်လာပြီး လူပေါင်းဆံ့လာတယ်။ မိတ်ဆွေတွေကလည်း အဲဒါကို သဘောကျတယ်။”

အသက်အရွယ်မရွေး၊ နောက်ခံမရွေးဘဲ မိတ်ဆွေဖွဲ့နိုင်မလား။ —၂ ကောရိန္သု ၆:၁၃

သမ္မာကျမ်းစာပြောဆိုရာ

“သင်တို့၏စိတ်နှလုံးကို ကျယ်ဝန်းစေကြလော့။ ထိုသို့ ဆိုသော် သားသမီးတို့ကို ပြောဆိုသကဲ့သို့ ငါဆို၏။” (၂ ကောရိန္သု ၆:၁၃) လူအမျိုးမျိုးနဲ့မိတ်ဆွေဖွဲ့ဖို့ သမ္မာကျမ်းစာက အားပေးထားတယ်။ အလွှာစုံ၊ အရွယ်စုံမိတ်ဆွေတွေရှိခြင်းက ဘဝကိုပျော်ရွှင်စရာဖြစ်စေတဲ့အပြင် လူချစ်လူခင်ပေါများ လာစေမယ်။