မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာရှုထောင့်

ငွေကြေး

ငွေကြေး

ငွေက မကောင်းတာအားလုံးရဲ့ ရင်းမြစ်လား

“ငွေကိုတပ်မက်ခြင်းသည် အကျိုးပျက်စေသောအရာ အမျိုးမျိုး၏ မူလအမြစ်ဖြစ်၏။” —၁ တိမောသေ ၆:၁၀

လူတွေပြောဆိုရာ

မကောင်းတာအားလုံးရဲ့ အဓိကရင်းမြစ်က ငွေပဲ။

သမ္မာကျမ်းစာပြောဆိုရာ

ငွေကိုယ်နှိုက်မဟုတ်ဘဲ “ငွေကိုတပ်မက်ခြင်း” ကသာ “အကျိုးပျက်စေသောအရာအမျိုးမျိုး” ကို ဖြစ်ပွားစေတာပါ။ ချမ်းသာကြွယ်ဝတဲ့ ရှင်ဘုရင်ရှောလမုန်က ငွေမက်တဲ့သူတွေ များသောအားဖြင့် ခံစားရလေ့ရှိတဲ့ အကျိုးဆက်သုံးခုကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ စိုးရိမ်ကြောင့်ကြမှု– “ချမ်းသာကြွယ်ဝသူမူကား ကြွယ်ဝမှုကြောင့် စိုးရိမ်ကြောင့်ကြသဖြင့် အိပ်၍ မပျော်နိုင်။” (ဒေသနာ ၅:၁၂ခမ) ရောင့်ရဲမှုမရှိခြင်း– “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ်တိုးပွားသော်လည်း မရောင့်ရဲနိုင်။” (ဒေသနာ ၅:၁၀) ဥပဒေချိုးဖောက်ခြင်း– “ဖြတ်လမ်းဖြင့် ကြွယ်ဝချမ်းသာရန် ကြိုးစားသူတို့မူကား အပြစ်ဒဏ်စီရင်ခြင်းကို ခံရကြလိမ့်မည်။”—သုတ္တံ ၂၈:၂၀ခမ။

ငွေကြေး အသုံးပြုရတဲ့ ရည်ရွယ်ချက်ကဘာလဲ

“ငွေသည်လည်း ကွယ်ကာတတ်၏။” —ဒေသနာ ၇:၁၂

လူတွေပြောဆိုရာ

ငွေက ပျော်ရွှင်မှုနဲ့ လုံခြုံမှုကို ရစေတယ်။

သမ္မာကျမ်းစာပြောဆိုရာ

ငွေနဲ့ ပျော်ရွှင်မှု၊ လုံခြုံမှုကို ဝယ်လို့ရတယ်ဆိုတာက “စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း” တစ်မျိုး ဖြစ်ပါတယ်။ (မာကု ၄:၁၉) “ငွေမူကား အရာရာကို နိုင်တတ်၏” လို့လည်း ဆိုထားပါတယ်။ (ဒေသနာ ၁၀:၁၉) ဥပမာ၊ အသက်ရှင်ရေးမှာ အရေးပါတဲ့ အစားအစာ၊ ဆေးဝါး စတာတွေကို ငွေနဲ့ ဝယ်နိုင်ပါတယ်။—၂ သက်သာလောနိတ် ၃:၁၂

ငွေက မိသားစုကို စောင့်ရှောက်ရာမှာလည်း ထောက်ကူပေးနိုင်တယ်။ သမ္မာကျမ်းစာမှာ ဒီလိုပြောထားတယ်– “မိမိကြည့်ရှုစောင့်ရှောက်ရမည့်သူတို့ကို၊ အထူးသဖြင့် မိမိ၏အိမ်သူအိမ်သားတို့ကို မထောက်ပံ့သောသူသည် ယုံကြည်ခြင်းတရားကို ငြင်းပယ်၍ မယုံကြည်သောသူထက်ပင် သာ၍ဆိုး၏။”—၁ တိမောသေ ၅:၈

ငွေကို အကျိုးရှိရှိ ဘယ်လိုအသုံးပြုနိုင်မလဲ

“ကုန်ကျမယ့်စရိတ်ကို အရင်တွက်ချက် ဆုံးဖြတ်ရမယ်။”လုကာ ၁၄:၂၈၊ နားလည်လွယ်သော ခေတ်သုံးမြန်မာကျမ်း။

သမ္မာကျမ်းစာပြောဆိုရာ

ဘုရားသခင်ကြိုက်နှစ်သက်တဲ့နည်းလမ်းအတိုင်း ငွေကိုအသုံးပြုပါ။ (လုကာ ၁၆:၉) ငွေကို ရိုးသားဖြောင့်မတ်စွာ၊ ချင့်ချိန်ပြီးသုံးပါ။ (ဟေဗြဲ ၁၃:၁၈) ကိုယ့်ရဲ့ဝင်ငွေထက် ပိုသုံးမိပြီး မလိုလားအပ်တဲ့ ဝန်ထုတ်ဝန်ပိုးတွေမပိအောင် ဒီကျမ်းစာလမ်းညွှန်ချက်ကို လိုက်နာပါ– “သင်တို့သည် ငွေအတွက် အသက်မရှင်နှင့်။ ရှိသမျှဖြင့် ရောင့်ရဲလော့။”—ဟေဗြဲ ၁၃:၅ခမ။

သမ္မာကျမ်းစာက အကြွေးယူခြင်းကို မတားမြစ်ထားပေမဲ့ “ချေးငှားယူသောသူသည် ချေးငှားပေးသောသူ၌ ကျွန်ဖြစ်၏” လို့ သတိပေးထားပါတယ်။ (သုတ္တံ ၂၂:၇) “အလျင်စလိုပြုလုပ်တတ်သူမူကား အစဉ်ချို့တဲ့” မှာဖြစ်တဲ့အတွက် အဲဒီလိုမဖြစ်အောင် စိတ်ကူးပေါက်သလို စျေးဝယ်ခြင်းကို ရှောင်ပါ။ (သုတ္တံ ၂၁:၅ခမ) အဲဒီအစား “မိမိတို့ဥစ္စာအချို့ကို အိမ်တွင် သီးသန့်ဖယ်ထား” ပြီး အရေးပေါ်လာတဲ့အခါသုံးဖို့ စုဆောင်းထားပါ။—၁ ကောရိန္သု ၁၆:၂

သမ္မာကျမ်းစာက “ပေးကမ်းခြင်းကို ကျင့်ယူကြ” ဖို့လည်း အားပေးထားပါတယ်။ (လုကာ ၆:၃၈) “စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင် နှစ်သက်” တဲ့အတွက် ဘုရားသခင်ရဲ့ မျက်နှာသာရလိုသူတွေဟာ ရက်ရက်ရောရော ပေးကမ်းနိုင်ပါတယ်။ (၂ ကောရိန္သု ၉:၇) ဒါကြောင့် ကျမ်းစာမှာ “အချင်းချင်းအား ကျေးဇူးပြုရန်နှင့် ကူညီမစရန် မမေ့ကြနှင့်။ ထိုသို့သောယဇ်များကို ဘုရားသခင် နှစ်သက်တော်မူ၏” လို့ အားပေးထားခြင်းဖြစ်ပါတယ်။ —ဟေဗြဲ ၁၃:၁၆ခမ။