မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ အဘယ်ကြောင့် ဤနေရာတွင် ရောက်ရှိနေရသနည်း

ကျွန်ုပ်တို့ အဘယ်ကြောင့် ဤနေရာတွင် ရောက်ရှိနေရသနည်း

ကျွန်ုပ်တို့ အဘယ်ကြောင့် ဤနေရာတွင် ရောက်ရှိနေရသနည်း

ဘဝ၏အဓိပ္ပာယ်ကား အဘယ်နည်း

လူတို့သည် အထက်ပါမေးခွန်းများကို မေးလေ့ရှိကြ၏။ အဆိုပါမေးခွန်းများနှင့် အလွန်နီးစပ်သော နောက်မေးခွန်းတစ်ခုမှာ ဤသို့ဖြစ်သည်– ကျွန်ုပ်တို့သည် အသက် ၇၀၊ ၈၀ မျှသာအသက်ရှင်ပြီး ယင်းနောက် သေဆုံးသွားဖို့လော။—ဆာလံ ၉၀:၉၊ ၁၀

ကျွန်ုပ်တို့၏အသက်တာသည် အမှန်ပင် တိုတောင်းကြောင်း သိမြင်လာသည့်အခါ ယင်းသို့သောမေးခွန်းများကို ခံစားချက်ပြင်းပြစွာ မေးခဲ့ဖူးပေမည်။ ကျွန်ုပ်တို့ အဘယ်ကြောင့် ဤနေရာတွင် ရောက်ရှိနေရသနည်းဟူသည်ကို မေးမြန်းရန် သေရေးရှင်ရေးကာလကို ဖြတ်သန်းစရာမလိုသည်မှာတော့ မှန်ပါသည်။ အမှန်အတိုင်းသိမြင်လာခြင်းကြောင့်လည်း ယင်းမေးခွန်းကို မေးနိုင်သည်။ လူတချို့သည် မိမိတို့၏ဘဝပုံစံကို အလေးအနက်ဆင်ခြင်သုံးသပ်မိသည့်အခါ ယင်းမေးခွန်းကို မေးကြသည်။

ဒေ့ဗ်တွင် ဝင်ငွေကောင်းသောအလုပ်ရှိပြီး တိုက်ခန်းကောင်းကောင်းတွင်နေထိုင်ကာ မိတ်ဆွေအပေါင်းအသင်းများနှင့် အချိန်ဖြုန်းရသည်ကို သူနှစ်သက်၏။ သူဤသို့ပြန်ပြောပြသည်– “ပါတီပွဲတစ်ခုကနေ အိမ်ကို ညဉ့်နက်မှပြန်လာတဲ့ ညတစ်ညမှာ ‘ဘဝဆိုတာ ဒါပဲလား၊ တစ်ခဏပဲ အသက်ရှင်ပြီး သေသွားဖို့လား။ ဒါမှမဟုတ် တခြားအရာတစ်ခုခုများ ရှိသေးသလား’ ဆိုပြီး ရုတ်တရက် အတွေးဝင်လာခဲ့တယ်။ ကျွန်တော့်ကို စိတ်အနှောင့်အယှက်ပေးတဲ့အရာကတော့ အဲဒီအချိန်တုန်းက ကျွန်တော့်ဘဝဟာ အဓိပ္ပာယ်မရှိဘူးဆိုတာပဲ။”

မီးလောင်တိုက်သွင်းခြင်းတွင် မိမိနှင့်အတူ အသက်ရှင်ကျန်ရစ်ခဲ့သူတချို့သည် ချွေးတပ်စခန်းများမှ လွတ်မြောက်လာပြီးနောက် ယင်းသို့သောမေးခွန်းကို မေးခဲ့ကြကြောင်း ဗစ်တာဖရန်ကယ်လ်က ၎င်း၏စာအုပ်တစ်အုပ် (Man’s Search for Meaning) တွင်ဖော်ပြထား၏။ အချို့တို့သည် အိမ်သို့ပြန်ရောက်သောအခါ မိမိတို့ချစ်မြတ်နိုးရသူများ သေဆုံးသွားကြပြီကို တွေ့လိုက်ရ၏။ ဖရန်ကယ်လ် ဤသို့ရေးသားခဲ့သည်– “နောက်ဆုံးတွင် သူတို့မျှော်လင့်ထားသည့်နေ့ ရောက်ရှိလာပြီး ဘဝဟူသည် မျှော်လင့်ထားရာနှင့် တခြားစီဖြစ်ကြောင်း တွေ့မြင်ကြရသောအခါ သူတို့အတွက် အလွန်စိတ်ပျက်စရာကောင်းလှသည်တကား။”

ယင်းမေးခွန်းကို သူတို့မေးခဲ့ကြ

ကျွန်ုပ်တို့ အဘယ်ကြောင့် ဤနေရာတွင် ရောက်ရှိနေရသနည်းဟူသောမေးခွန်းကို လူမျိုးဆက်တိုင်းမှ လူတို့ မေးမြန်းခဲ့ကြ၏။ ဘဝရည်ရွယ်ချက်ကို သိလိုခဲ့ကြသူတို့၏အကြောင်းကို သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။ ယောဘသည် စည်းစိမ်ဥစ္စာနှင့် သားသမီးများကို ဆုံးရှုံးလိုက်ရပြီးနောက် နာကျင်သောရောဂါဝေဒနာကို ခံစားနေရစဉ်တွင် ဤသို့မေးမြန်းခဲ့၏– “ငါသည် မွေးစက အဘယ်ကြောင့် မသေသနည်း။ အမိဝမ်းထဲမှထွက်စက အဘယ်ကြောင့် အသက်မချုပ်သနည်း။”—ယောဘ ၃:၁၁

ပရောဖက်ဧလိယလည်း အလားတူ ခံစားခဲ့ရ၏။ မိမိတစ်ဦးတည်းသာ ဘုရားသခင်အား ဝတ်ပြုနေသည်ဟု သူခံစားရသောအခါ ဤသို့မြည်တမ်းခဲ့သည်– ‘အိုယေဟောဝါ၊ ယခုတန်ပါ၏။ အကျွန်ုပ်အသက်ကို သိမ်းယူတော်မူပါ။’ (၃ ဓမ္မရာဇဝင် ၁၉:၄) လူအတော်များများတွင် ယင်းသို့သောခံစားချက် ရှိကြပါသည်။ အမှန်မှာ ဧလိယသည် ကျွန်ုပ်တို့ကဲ့သို့ပင် “ခံစားချက်ရှိသောသူဖြစ်၏” ဟုသမ္မာကျမ်းစာက ဖော်ပြသည်။—ယာကုပ် ၅:၁၇ကဘ။

အောင်မြင်သော ဘဝခရီး

ဘဝကို ခရီးတစ်ခုနှင့် နှိုင်းယှဉ်လေ့ရှိ၏။ ပန်းတိုင်မရှိသောခရီးတစ်ခုကို စတင်နိုင်သကဲ့သို့ သင့်ဘဝတွင် စစ်မှန်သောရည်ရွယ်ချက်ကို ကွဲကွဲပြားပြားမသိဘဲ အသက်ရှင်နေနိုင်ပါသည်။ ထိုသို့သင် အသက်ရှင်သည်ဆိုလျှင် “ဗျာများသောဘဝ” ဟု စာရေးဆရာတစ်ဦးခေါ်ဆိုသည့် ဘဝတွင် သင် ကျော့မိခံရနိုင်ဖွယ်ရှိပါသည်။ “ရရှိသောအောင်မြင်မှုထက် ပေးဆက်ရသောအဖိုးအခမှာ ပို၍တန်ဖိုးကြီးမားကြောင်း ရုတ်တရက် သိမြင်နားလည်လာကြသူတို့က မိမိတို့ရရှိထားသည့် အောင်မြင်မှုသည် အချည်းနှီးဖြစ်သည်ကို တွေ့ရှိ” ခဲ့ကြသူတို့အကြောင်း ယင်းစာရေးဆရာ ရေးသားခဲ့၏။

ကျွန်ုပ်တို့သည် ခရီးတစ်ခုကို အရှိန်တိုးမြှင့်၍သွားသော်လည်း လမ်းကြောင်းမှန်မဟုတ်ပါက အကျိုးမရှိကြောင်း သင်သဘောမတူပေလော။ အလားတူ၊ ဘဝတွင် တိုး၍ဗျာများနေခြင်းဖြင့် ဘဝအဓိပ္ပာယ်ကိုရှာဖွေခြင်းသည် စစ်မှန်သောကျေနပ်ရောင့်ရဲမှုကိုမရရှိစေဘဲ အချည်းနှီးသက်သက်သာ ဖြစ်ပါလိမ့်မည်။

ကျွန်ုပ်တို့ အဘယ်ကြောင့် ဤနေရာတွင် ရောက်ရှိနေရကြောင်းကို သိလိုသည့်ဆန္ဒသည် အသက်အရွယ်မရွေး၊ ယဉ်ကျေးမှုအသီးသီးမှ လူတို့တွင် ဖြစ်ပေါ်တတ်ပါသည်။ ယင်းဆန္ဒသည် ကျွန်ုပ်တို့အားလုံးတွင် ရှိထားကြသည့် လိုအပ်ချက်တစ်ခုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်၏၊ ယင်းမှာ ကျွန်ုပ်တို့သည် ရုပ်ပိုင်းဆိုင်ရာလိုအပ်ရာများ ဖြည့်ဆည်းခံရပြီးနောက်၌ပင် တင်းတိမ်နိုင်ဦးမည်မဟုတ်သည့် ကိုယ်တွင်းဆန္ဒတစ်ခုဖြစ်ပေသည်။ အချို့သောသူတို့သည် ဘဝရည်ရွယ်ချက်ကို ရှာဖွေရာတွင် ယင်းလိုအပ်ချက်ကို မည်သို့ ကြိုးစားဖြည့်ဆည်းခဲ့ကြပုံကို သုံးသပ်ကြည့်ပါလေ။

[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]

ဘဝတွင် တိုး၍ဗျာများနေခြင်းဖြင့် ဘဝအဓိပ္ပာယ်ကိုရှာဖွေခြင်းသည် စစ်မှန်သောကျေနပ်ရောင့်ရဲမှုကိုမရရှိစေဘဲ အချည်းနှီးသက်သက်သာ ဖြစ်စေပါလိမ့်မည်

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

မိမိအဘယ်ကြောင့် မွေးဖွားလာရကြောင်းကို ယောဘ မေးခွန်းထုတ်ခဲ့

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ဧလိယသည် ကျွန်ုပ်တို့ကဲ့သို့ပင် “ခံစားချက်ရှိ”ခဲ့