မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဟာရီကိန်းမုန်တိုင်းထက် ပို၍အင်အားကြီးသော ချစ်ခြင်းမေတ္တာ

ဟာရီကိန်းမုန်တိုင်းထက် ပို၍အင်အားကြီးသော ချစ်ခြင်းမေတ္တာ

ဟာရီကိန်းမုန်တိုင်းထက် ပို၍အင်အားကြီးသော ချစ်ခြင်းမေတ္တာ

အမေရိကန်နိုင်ငံ၏ ပင်လယ်ကွေ့ကမ်းရိုးတန်းကို ကက်ထရီနာနှင့် ရီတာဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခဲ့သည့် ၂၀၀၅ ခုနှစ်တွင် ကမ်းရိုးတန်းဒေသတစ်လျှောက်၌ အကြီးအကျယ် ထိခိုက်ပျက်စီးသွားကာ လူပေါင်းများစွာ သေကျေခဲ့ရသည်။ ဘေးဒဏ်ခံရသူတို့တွင် ထောင်နှင့်ချီသော ယေဟောဝါသက်သေများလည်း ပါဝင်ခဲ့သည်။

ယေဟောဝါသက်သေများ၏ အမေရိကန်ဌာနခွဲ၏ ညွှန်ကြားမှုဖြင့် ဘေးဒဏ်ကယ်ဆယ်ရေးကော်မတီများကို ချက်ချင်း ဖွဲ့စည်းခဲ့ကြသည်။ လူဝီဇီယားနားပြည်နယ်တွင် ကယ်ဆယ်ရေးဌာန ၁၃ ခု၊ ကုန်လှောင်ရုံ ၉ ခုနှင့် လောင်စာဆီသိုလှောင်ရုံ ၄ ခုကို ဖွဲ့စည်းတည်ဆောက်ခဲ့ကြသည်။ သူတို့သည် စတုရန်းမိုင် ၃၂,၀၀၀ အတွင်း နေထိုင်သူတို့ကို ကူညီပေးခဲ့ကြသည်။ အမေရိကန်နိုင်ငံတစ်ဝန်းနှင့် အခြားနိုင်ငံ ၁၃ နိုင်ငံမှ သက်သေခံစေတနာ့ဝန်ထမ်း ၁၇,၀၀၀ နီးပါးသည် အရေးပေါ်အကူအညီနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် ရောက်ရှိလာခဲ့ကြသည်။ ခရစ်ယာန်တို့ပြသသော ချစ်ခြင်းမေတ္တာက သဘာဝအင်အားစုများထက် ပို၍အင်အားကြီးမားကြောင်း ရလဒ်များက ဖော်ပြခဲ့၏။—၁ ကောရိန္သု ၁၃:၁-၈

စေတနာ့ဝန်ထမ်းများသည် ယုံကြည်သူချင်းများ၏နေအိမ် အလုံးပေါင်း ၅,၆၀၀ ကျော်နှင့် ယေဟောဝါသက်သေများ၏ အစည်းအဝေးများ ကျင်းပရာနေရာများဖြစ်သော ဝတ်ပြုရာခန်းမ အလုံးပေါင်း ၉၀ ကို ပြုပြင်ဆောက်လုပ်ပေးခဲ့ကြသည်။ ဤကိန်းဂဏန်းများက ပျက်စီးသွားသောအဆောက်အအုံ အားလုံးနီးပါးကို ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း ဖော်ပြသည်။ “ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြ” ရန် ခရစ်ယာန်များအား တိုက်တွန်းထားသည့် ဂလာတိ ၆:၁၀ ပါစကားနှင့်အညီ ယေဟောဝါသက်သေများသည် မယုံကြည်သူတို့ကိုလည်း ကူညီပေးခဲ့ကြပါသည်။

ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်ခြင်းက ကိုယ်ကျိုးစွန့်ခြင်းဖြစ်သော်လည်း ရရှိသည့်အကျိုးကျေးဇူးများမှာ များပြားလှပါသည်။ ယင်းလုပ်ငန်း၏ ကဏ္ဍအမျိုးမျိုးကို ကြီးကြပ်ပေးခဲ့ကြသည့် သက်သေခံခုနစ်ဦး၏ ပြောကြားချက်များကို သုံးသပ်ကြည့်ပါ။

“ကျွန်တော့်ဘဝရဲ့ အမှတ်တရအဖြစ်ဆုံး ဖြစ်ရပ်တစ်ခု”

ရောဘတ်– ဘေးဒဏ်ကယ်ဆယ်ရေးကော်မတီတစ်ခုမှာ အမှုဆောင်ရတာဟာ ကျွန်တော့်ဘဝရဲ့ အမှတ်တရအဖြစ်ဆုံး ဖြစ်ရပ်တစ်ခုပါပဲ။ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ကျွန်တော်ဟာ အဲဒီကော်မတီမှာ အသက်အကြီးဆုံးအဖွဲ့ဝင်ပါ။ အသင်းတော်မှာ တက်တက်ကြွကြွ ပါဝင်နေပြီး ဝိညာဉ်ရေးစိတ်ဓာတ်အပြည့်ရှိတဲ့ လူငယ်သက်သေခံတွေ အများကြီးပါဝင်တဲ့ အုပ်စုတစ်စုမှာ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့တယ်။ ယေဟောဝါနဲ့ ခရစ်ယာန်ချင်းတွေအတွက် ကိုယ်ကျိုးစွန့်မေတ္တာပြကြတဲ့ အဲလိုလူငယ်တွေကို တွေ့ရတာ အရမ်းအားရှိတယ်။

ကျွန်တော့်ဇနီး ဗရော်နီကာဟာ အရမ်းကောင်းတဲ့ ကူဖော်လောင်ဖက်ပါ။ ကယ်ဆယ်ရေးလုပ်ငန်းမှာ ကျွန်တော်တို့ အကူအညီပေးနိုင်အောင် အနှစ် ၄၀ ကျော် လုပ်လာခဲ့တဲ့ အလုပ်ကနေထွက်လိုက်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တာကို သူ သဘောတူခဲ့တယ်။ အခု ရုံးတွေကို တစ်ပတ်မှာ တစ်ည ကျွန်တော်တို့ သန့်ရှင်းရေးလုပ်ပေးနေတယ်။ ငွေကြေးနည်းနည်းနဲ့ ရိုးရိုးရှင်းရှင်းနေထိုင်ဖို့ ကျွန်တော်တို့ သင်ယူခဲ့ကြတယ်။ ကျွန်တော်တို့ လုပ်အားပေးနေတဲ့ ဝိညာဉ်ရေးစိတ်ဓာတ်လွှမ်းမိုးတဲ့ ဝန်းကျင်က ဘဝမှာ ဘုရားသခင့်နိုင်ငံတော်ကို ပိုပြီးဦးစားထားလိုတဲ့ စိတ်ဖြစ်ပေါ်စေခဲ့တယ်။ (မဿဲ ၆:၃၃) မိမိလူမျိုးတော်ကို ယေဟောဝါ ကောင်းကောင်း ဂရုစိုက်နေတယ်ဆိုတာ ကျွန်တော်တို့ ထပ်ခါတလဲလဲ တွေ့မြင်ခဲ့ရတယ်။

ဖရန့်ခ်– ဘတ်တန်ရုဇ်ကယ်ဆယ်ရေးဌာနက အစားအသောက်ဝေငှရေးဌာနမှာ ကြီးကြပ်မှူးအဖြစ် ကျွန်တော် တာဝန်ထမ်းဆောင်ပါတယ်။ လုပ်ငန်းအစပိုင်းမှာ စေတနာ့ဝန်ထမ်းတွေကို ကျွေးမွေးဖို့ တစ်ပတ်မှာ ခုနစ်ရက်၊ တစ်ရက်ကို ၁၀ နာရီနဲ့ ၁၂ နာရီအကြား အလုပ်လုပ်ရတယ်။ ဒါပေမဲ့ ခရစ်ယာန်တွေပြသတဲ့ ချစ်ခြင်းမေတ္တာရဲ့အစွမ်းတန်ခိုးကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ပြီး ကောင်းချီးတွေ အများကြီး ခံစားခဲ့ရတယ်။

အစားအသောက်ဌာနမှာ တစ်ပတ် ဒါမှမဟုတ် အဲဒီထက်မက ကူညီပေးခဲ့ကြတဲ့ စေတနာ့ဝန်ထမ်းတွေဟာ ထပ်လာကူညီပေးလို့ရမလားဆိုပြီး တောင်းဆိုခဲ့ကြတယ်။ စေတနာ့ဝန်ထမ်းတချို့ဆိုရင် ကူညီပေးခွင့်ရလို့ အရမ်းကျေးဇူးတင်ကြောင်း ပို့စကတ်တွေ၊ ဖုန်းတွေနဲ့ ပြောပြခဲ့ကြတယ်။ ဒီလိုကိုယ်ကျိုးစွန့်စိတ်ဓာတ်ကြောင့် ကျွန်တော့်ဇနီး ဗရော်နီကာနဲ့ ကျွန်တော်တို့ တကယ်ပဲ စိတ်စွဲမှတ်ခဲ့ရတယ်။

ကြက်သီးထခဲ့တယ်

ဂရက်ဂရီ– ကျွန်တော့်ဇနီး ကက်သီနဲ့ ကျွန်တော်တို့ဟာ နီဗားဒါးပြည်နယ်၊ လပ်စ်ဗေးဂပ်စ်က ကျွန်တော်တို့ရဲ့နေအိမ်ကို ရောင်းလိုက်ပြီး ထရပ်ကားလေးတစ်စီးနဲ့ ကျွန်တော်တို့ရဲ့နေအိမ်ဖြစ်လာတဲ့ နောက်တွဲယာဉ်တစ်စီး ဝယ်လိုက်တယ်။ ကျွန်တော်တို့ရဲ့ဘဝကို ရိုးရှင်းစေခဲ့တဲ့အတွက် လူဝီဇီယားနားမှာရှိတဲ့ ကယ်ဆယ်ရေးလုပ်ငန်းမှာ နှစ်နှစ်ကျော် ပါဝင်နိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ဘဝမှာ တစ်ကြိမ်တစ်ခါနဲ့မှမတူအောင် မာလခိ ၃:၁၀ [သမ္မာ] မှာဖော်ပြထားတဲ့ ဒီစကားတွေ မှန်ကန်တယ်ဆိုတာ တွေ့ ကြုံခံစားရပါတယ်– ‘ “ငါသည် မိုးကောင်းကင် ပြတင်းပေါက်များကိုဖွင့်၍ လိုလျက်မနေရအောင် ကောင်းချီးမင်္ဂလာသွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို ထိုသို့စုံစမ်းကြလော့” ဟုဗိုလ်ခြေတို့၏အရှင် ယေဟောဝါမိန့်တော်မူ၏။’

“တကယ့်ကို ကိုယ်ကျိုးစွန့်ကြတာပဲ” လို့လူတွေ ပြောကြတဲ့အခါ ကျွန်တော်တို့ ပီတိဖြစ်ရတာ မကြာခဏပဲ။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က ကက်သီနဲ့ကျွန်တော်တို့ အမေရိကန်ဌာနခွဲရုံးမှာ အမှုဆောင်ချင်ခဲ့ကြပေမဲ့ ကျွန်တော်တို့မှာ ကျွေးမွေးပြုစုရမယ့် သားသမီးတွေရှိလာတယ်။ ကယ်ဆယ်ရေးလုပ်ငန်းက ဘုရားသခင့်လုပ်ငန်းတော်မှာ ပိုပြီးအမှုဆောင်ချင်တဲ့ ကျွန်တော်တို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တယ်။ နောက်အခွင့်ထူးတစ်ခုက သက်သေခံချင်းတွေနဲ့ အနီးကပ် အလုပ်လုပ်ခွင့်ရခဲ့တယ်၊ အဲဒီအထဲက တချို့ဆိုရင် အထူးနားလည်တတ်ကျွမ်းတဲ့သူတွေဖြစ်တယ်။ ဥပမာပြောရရင်၊ ကျွန်တော်တို့ကို ချက်ပြုတ်ပေးတဲ့ ညီအစ်ကိုတစ်ယောက်က နာမည်ကြီးစားသောက်ဆိုင်တစ်ဆိုင်မှာ စားဖိုမှူးလုပ်ခဲ့ပြီး နောက်ညီအစ်ကိုတစ်ယောက်က အမေရိကန်သမ္မတနှစ်ယောက်ကို ချက်ပြုတ်ကျွေးမွေးခဲ့တယ်။

ဘေးဒဏ်ကယ်ဆယ်ရေးလုပ်ငန်းဟာ စေတနာ့ဝန်ထမ်း အတော်များများရဲ့ဘဝကို အကြီးအကျယ်ပြောင်းလဲစေခဲ့တဲ့ အတွေ့အကြုံတစ်ခုဖြစ်တယ်။ အသက် ၅၇ နှစ်အရွယ် လူကြီးတစ်ယောက်ဟာ ဟာရီကိန်းမုန်တိုင်းဒဏ်ခံရတဲ့သူတွေနဲ့အတူ အလုပ်လုပ်ခဲ့တဲ့အကြောင်းကို ပြောပြတဲ့အခါ စိတ်လှုပ်ရှားလွန်းလို့ ကြက်သီးထခဲ့တယ်။ လုပ်အားပေးဖို့ မရောက်လာနိုင်တဲ့ သက်သေခံတချို့ဆီကတောင် အားပေးမှုရရှိခဲ့ကြတယ်။ ဥပမာ၊ ရေညှိတွေကို ဖယ်ရှားပေးတဲ့ စေတနာ့ဝန်ထမ်းနှစ်ယောက်က သူတို့နေထိုင်တဲ့ နီဗရာစကာပြည်နယ်က အသင်းတော်သုံးခုမှာရှိတဲ့သူအားလုံး ကလေးတွေအပါအဝင် လက်မှတ်ထိုးထားကြတဲ့ နဖူးစည်းစာတန်းကြီးတစ်ခု ကျွန်တော်တို့ကို ပေးခဲ့တယ်။

‘ဆင်းရဲဝေဒနာ ခံစားနေရတဲ့သူတွေကို ဘုရားသခင် ဂရုစိုက်တယ်ဆိုတာ ကျွန်တော်တို့ တွေ့ မြင်ခဲ့ရတယ်’

ဝင်ဒဲလ်– ကက်ထရီနာမုန်တိုင်းတိုက်ပြီး နောက်တစ်နေ့မှာ လူဝီဇီယားနားပြည်နယ်နဲ့ မစ္စစ္စပီပြည်နယ်က ယေဟောဝါသက်သေတွေရဲ့ နေအိမ်တွေနဲ့ ဝတ်ပြုရာခန်းမတွေရဲ့ အပျက်အစီးကို ခန့်မှန်းပေးဖို့ အမေရိကန်ဌာနခွဲက ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တယ်။ ဒါနဲ့ တာဝန်ကိုလက်ခံလိုက်ပြီး ခရီးထွက်လာခဲ့တယ်။ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ အများကြီးလိုအပ်တဲ့ဒေသတစ်ခုမှာ ၃၂ နှစ်ကြာ နေထိုင်ခဲ့တဲ့ ကျွန်တော့်ဇနီး ဂျနင်းနဲ့ ကျွန်တော်တို့ဟာ မိမိလူမျိုးတော်ကို ယေဟောဝါဂရုစိုက်တာကို ရှင်းရှင်းလင်းလင်း တွေ့ခဲ့ရတယ်။ ဒါပေမဲ့ အခုတော့ ပိုပြီးကြီးမားတဲ့အတိုင်းအတာနဲ့ ဘုရားသခင် ဂရုစိုက်နေတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါပြီ။

ဘက်တန်ရုဇ်မှာရှိတဲ့ ဘေးဒဏ်ကယ်ဆယ်ရေးကော်မတီမှာ သဘာပတိအဖြစ် တာဝန်ထမ်းဆောင်ရတဲ့အခွင့်ထူးကို ကျွန်တော်ရရှိခဲ့တယ်။ စိန်ခေါ်ချက်တွေရှိပေမဲ့လည်း ဒီတာဝန်က စိတ်ကျေနပ်မှု အများကြီးပေးခဲ့ပါတယ်။ တကယ်တော့ ဒီကယ်ဆယ်ရေးလုပ်ငန်းအတွင်းမှာ မေတ္တာပြည့်ဝပြီး အတိုင်းအဆမဲ့တန်ခိုးရှင် ခမည်းတော်တစ်ပါးတည်းသာ တတ်နိုင်တဲ့နည်းတွေနဲ့ ပြဿနာတွေကို ဖြေရှင်းပေးတာ၊ အခွင့်အရေးတွေ ဖန်တီးပေးတာ၊ ဆင်းရဲဝေဒနာ ခံစားနေရတဲ့သူတွေကို ဂရုစိုက်တာတွေကို အကြိမ်ပေါင်းရာနဲ့ချီပြီး ကျွန်တော်တို့ကော်မတီအဖွဲ့ တွေ့မြင်ခဲ့ရတယ်။

လူတွေက “နှစ်နှစ်ကျော်ကြာပြီးတဲ့နောက် ဒီကယ်ဆယ်ရေးလုပ်ငန်းမှာ ခင်ဗျားနဲ့ ခင်ဗျားရဲ့ဇနီး ဘယ်လိုလုပ် ပါဝင်နိုင်သေးတာလဲ” လို့မေးကြတယ်။ အမြဲတမ်းတော့ မလွယ်ကူခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ဘဝမှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ခဲ့ရတယ်။ ဒါပေမဲ့ အပြုသဘောနဲ့ကြည့်ရင် ကျွန်တော်တို့ ‘ရိုးရှင်းတဲ့မျက်စိ’ ထားခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိရှိခဲ့ရတယ်။—မဿဲ ၆:၂၂ကဘ။

နယူးအော်လင်းမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ စဖွဲ့တော့ ကျွန်တော်တို့ မနားရဘူး။ အဲဒီမြို့ဟာ မာရှယ်လောအောက်မှာမရှိပေမဲ့ လမ်းမတွေပေါ်မှာ ဝရုန်းသုန်းကားဖြစ်နေလို့ စစ်တပ်ကနေ လာထိန်းရတဲ့အထိဖြစ်ခဲ့တယ်။ ပြီးမြောက်ရမယ့်အလုပ်တွေက အရမ်းများလွန်းလို့ ဖိစီးမှု အလွယ်တကူ ဖြစ်လာခဲ့တယ်။

ဆုံးရှုံးမှုတွေကြုံလိုက်ရတဲ့ သက်သေခံ ထောင်ပေါင်းများစွာနဲ့ ကျွန်တော်တို့ တွေ့ဆုံခဲ့ကြတယ်။ သူတို့နဲ့အတူ ဆုတောင်းပြီး ကြိုးစားနှစ်သိမ့်ပေးခဲ့ကြတယ်။ အဲဒီနောက် ယေဟောဝါရဲ့အကူအညီနဲ့ လုပ်ငန်းစတင်ခဲ့ကြတယ်။ ကျွန်တော်တွေ့ မြင်ခဲ့ရတာတွေကြောင့် နှစ်နှစ်အတွင်းမှာ ဘဝနှစ်မျိုးနဲ့ အသက်ရှင်ခဲ့ရသလို ခံစားရတယ်။

မကြာခဏဆိုသလိုပဲ ကာယပိုင်းနဲ့ စိတ်ပိုင်းကန့်သတ်မှုတွေကြောင့် အရမ်းမောပန်းတယ်လို့ ကျွန်တော်ခံစားရတဲ့အခါ စေတနာ့ဝန်ထမ်းအသစ်တွေ ထပ်ရောက်လာတယ်၊ တချို့ဆိုရင် လအတော်ကြာ၊ တချို့ကျတော့ အချိန်အကန့်အသတ်မရှိဖြစ်တယ်။ လူငယ်တွေအပါအဝင် ပျော်တတ်ပြီး တလိုတလားရှိတဲ့ ကူညီပေးသူတွေအများကြီး တွေ့ရတဲ့အတွက် ဆက်လက်လုပ်ဆောင်ဖို့ ကျွန်တော်တို့ ခွန်အားရခဲ့ကြတယ်။

ယေဟောဝါ ကျွန်တော်တို့ကို ကယ်မခဲ့တာ မကြာခဏပဲ။ ဥပမာ၊ ကျွန်တော်တို့ ရောက်လာခါစက ကျွန်တော်တို့ညီအစ်ကိုတွေရဲ့နေအိမ် အလုံးပေါင်း ၁,၀၀၀ ကျော်အပေါ် သစ်ပင်တွေ လဲကျနေတာကို တွေ့ခဲ့ရတယ်။ သစ်ပင်တွေဖယ်ရှားဖို့ဆိုတဲ့ အန္တရာယ်များတဲ့အလုပ်ကို လုပ်ဆောင်ဖို့ ကျွန်တော်တို့မှာ ပစ္စည်းကိရိယာလည်းမရှိ၊ လူအင်အားလည်းမရှိတာကြောင့် ကျွန်တော်တို့ကော်မတီက ဒီကိစ္စနဲ့ပတ်သက်ပြီး ဆုတောင်းခဲ့ကြတယ်။ နောက်တစ်နေ့ရောက်တော့ ညီအစ်ကိုတစ်ယောက်ဟာ ကျွန်တော်တို့လိုအပ်နေတဲ့ ပစ္စည်းကိရိယာအပြည့်အစုံ တင်ဆောင်ထားတဲ့ ထရပ်ကားတစ်စီးနဲ့ရောက်လာပြီး ကူညီပေးဖို့ ကမ်းလှမ်းခဲ့တယ်။ ဆုတောင်းခဲ့တဲ့ နောက်ဖြစ်ရပ်တစ်ခုကတော့ ၁၅ မိနစ်အတွင်း ဖြေကြားခံရတယ်၊ ပစ္စည်းကိရိယာတွေနဲ့ပတ်သက်ပြီး ဆုတောင်းခဲ့တဲ့ နောက်ဖြစ်ရပ်တစ်ခုကတော့ အာမင်မချခင်မှာပဲ ပစ္စည်းတွေက လမ်းမှာ ရောက်နေပြီ။ မှန်ပါတယ်၊ ယေဟောဝါဟာ ‘ဆုတောင်းချက်ကို နားထောင်တော်မူသောအရှင်’ ဖြစ်တယ်ဆိုတာ သက်သေထူခဲ့တယ်။—ဆာလံ ၆၅:၂

“ယေဟောဝါသက်သေတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူတယ်”

မက်သရူး– ကက်ထရီနာမုန်တိုင်းတိုက်ပြီး နောက်တစ်နေ့မှာ ပျက်စီးသွားတဲ့ဒေသအတွက် ၁၅ တန်ရှိတဲ့ လှူဒါန်းထားတဲ့ အစားအစာ၊ သောက်ရေနဲ့ တခြားလိုအပ်တာတွေကို ပေးဝေဖို့ စနစ်တကျ စီစဉ်နိုင်ခဲ့တယ်။ ယေဟောဝါရဲ့လူမျိုးတော်ဟာ အရမ်းရက်ရောတယ်ဆိုတာ သက်သေပြခဲ့ကြတယ်။

ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် ကျွန်တော့်ဇနီး ဒါလင်းနဲ့ ကျွန်တော်တို့ ထိခိုက်သွားတဲ့ဒေသကို နှစ်နာရီအတွင်းရောက်အောင် မောင်းသွားလို့ရတဲ့နေရာကို ပြောင်းရွှေ့ခဲ့ကြတယ်။ ဒေသခံသက်သေခံတစ်ယောက်က ကျွန်တော်တို့ကို အချိန်ပိုင်းအလုပ်ပေးတဲ့အတွက် ကျွန်တော်တို့ရဲ့အချိန်အများစုကို ကယ်ဆယ်ရေးလုပ်ငန်းမှာ အသုံးပြုနိုင်ခဲ့ကြတယ်။ နောက်သက်သေခံတစ်ယောက်က ကျွန်တော်တို့ကို တိုက်ခန်းတစ်ခန်း စီစဉ်ပေးခဲ့တယ်။ ဒီလိုမေတ္တာပြည့်ဝတဲ့ ညီအစ်ကိုအသင်းအပင်းအဝင်ဖြစ်ရတဲ့အတွက် ကျေးဇူးတင်လေးမြတ်တဲ့စိတ် တဖွားဖွားပေါ်လာပြီး ယေဟောဝါသက်သေတစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူတယ်။

တက်ဒ်– ကက်ထရီနာမုန်တိုင်းတိုက်ပြီးလို့ သိပ်မကြာခင်ပဲ ကျွန်တော့်ဇနီး ဒက်ဘီနဲ့ ကျွန်တော်တို့ ကယ်ဆယ်ရေးလုပ်ငန်းမှာ လုပ်အားပေးခဲ့ကြတယ်။ ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ရဲ့ထရပ်ကား ဆွဲသွားနိုင်လောက်အောင် ပေါ့ပါးတဲ့ အရှည် ၂၈ ပေရှိတဲ့ နောက်တွဲယာဉ်ဟောင်းတစ်စီးကို ဝယ်ယူအသုံးပြုနိုင်ခဲ့တယ်။ အဲဒီယာဉ်ရဲ့ဈေးနှုန်းကလည်း ကျွန်တော်တို့ လျာထားတဲ့ဘတ်ဂျက်ရဲ့ တစ်ဝက်လောက်ပဲရှိပြီး ကျွန်တော်တို့ဆုတောင်းချက်ရဲ့ အဖြေလည်းဖြစ်တယ်။ အဲဒီယာဉ်ဟာ နှစ်နှစ်ကျော်ကြာ ကျွန်တော်တို့ရဲ့နေအိမ်ဖြစ်ခဲ့တယ်။

အလုပ်နားနေစဉ်အတွင်းမှာ ကျွန်တော်တို့ရဲ့အိမ်နဲ့ ပိုင်ဆိုင်ရာအများစုကို ရောင်းလိုက်တဲ့အတွက် နယူးအော်လင်းမှာ နောက်လုပ်ရမည့် အလုပ်အတွက် ကျွန်တော်တို့လွတ်လပ်သွားတယ်။ အဲဒီမှာ ကျွန်တော် စီမံကိန်းညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့တွေ့ ကြုံမှုမှာ ပေါ်လွင်တဲ့အချက်တစ်ချက်က မိမိရဲ့ဝတ်ပြုသူတွေအတွက် “နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်” ဖြစ်ကြောင်း ယေဟောဝါသက်သေထူခဲ့ပုံကို မြင်တွေ့ရခြင်းဖြစ်တယ်။ လူအတော်များများဟာ သူတို့ရဲ့အိမ်တွေကိုရော ဝတ်ပြုရာခန်းမတွေကိုပါ ဆုံးရှုံးခဲ့ရတာမဟုတ်ဘူး၊ ပြောင်းရွှေ့သွားရတဲ့အတွက်ကြောင့် သူတို့ရဲ့အသင်းတော်တွေ၊ သတင်းကောင်းဟောပြောခဲ့တဲ့ ရပ်ကွက်တစ်ခုလုံးကိုလည်း ဆုံးရှုံးခဲ့ရတယ်။—၂ ကောရိန္သု ၁:၃ကဘ။

‘သူတို့ရဲ့ယုံကြည်ခြင်းက ကျွန်တော်တို့ရဲ့နှလုံးကို ထိမိစေခဲ့တယ်’

ဂျက်စတင်– ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလမှာ ပင်လယ်ကွေ့ကမ်းရိုးတန်းအတွက် ကယ်ဆယ်ရေးလုပ်ငန်းမှာ ကူညီပေးဖို့ စေတနာ့ဝန်ထမ်းတွေကို တောင်းဆိုခဲ့ကြတယ်။ ကျွန်တော့်ဇနီး တစ်ဖနီနဲ့ ကျွန်တော်တို့ ချက်ချင်းပဲ လျှောက်လွှာဖြည့်လိုက်ကြပြီး ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ နယူးအော်လင်းအနားက ကဲန်နာကယ်ဆယ်ရေးဌာနမှာ အခြေစိုက်တဲ့ အိမ်အမိုးမိုးတဲ့အဖွဲ့မှာ အကူအညီပေးဖို့ ဖိတ်ခေါ်ခံရတယ်။

တစ်နေ့ကို တစ်အိမ်စီလုပ်ပေးသွားပြီး ဒေသခံသက်သေခံတွေနဲ့ တွေ့ဆုံကြတယ်၊ သူတို့ရဲ့ယုံကြည်ခြင်းနဲ့ ဘုရားသခင်အပေါ် မှီခိုအားထားမှုက ကျွန်တော်တို့ရဲ့နှလုံးကို ထိမိစေခဲ့တယ်။ ရုပ်ပစ္စည်းတွေအပေါ် အားကိုးအားထားပြုခြင်းက မိုက်မဲရာကျတယ်ဆိုတဲ့ သက်သေသာဓကတွေကို ကျွန်တော်တို့ နေ့တိုင်း တွေ့ခဲ့ရတယ်။ လုပ်ငန်းတွေပြီးမြောက်ဖို့ မိမိလူမျိုးတော်ကို ယေဟောဝါ စွမ်းဆောင်နိုင်စေခဲ့တဲ့အရာကို တွေ့ မြင်ရခြင်းနဲ့ ခရစ်ယာန်ချင်းတွေကို ကူညီပေးရခြင်းကနေ မဖော်ပြနိုင်လောက်အောင် ဝမ်းမြောက်မိပါတယ်။

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ကယ်ဆယ်ရေးဌာနတွင် တစ်နေ့တာ

ကယ်ဆယ်ရေးဌာနတစ်ခု၏ ချက်ပြုတ်ရေးအဖွဲ့သည် မနက် ၄:၃၀ ခန့်တွင် အလုပ်စကြသည်။ မနက် ၇:၀၀ နာရီတွင် တစ်ဖွဲ့လုံး နံနက်စာမစားမီ ကျမ်းချက်တစ်ချက်ကို ဆယ်မိနစ်ကြာ ဆွေးနွေးသုံးသပ်ရန် စားသောက်သည့်နေရာတွင် စုဝေးကြ၏။ ထို့အပြင် ဤအချိန်တွင် သဘာပတိသည် ထပ်မံရောက်ရှိလာသော လူသစ်များကို ကြိုဆိုပြီး အားရှိစရာ တွေ့ ကြုံမှုများဝေမျှပေမည်။

ဆုတောင်းပြီးနောက် အားလုံး အာဟာရရှိသော နံနက်စာကို စားသုံးကြသည်၊ ထို့နောက် မိမိတို့တာဝန်ကျရာ လုပ်ငန်းခွင်သို့ ထွက်ခွာသွားကြ၏။ တချို့က ဌာနတွင် နေခဲ့ကြ၏၊ ရုံးခန်းများ၊ လျှော်ဖွပ်ရေး သို့မဟုတ် ချက်ပြုတ်ရေးတွင် အလုပ်လုပ်ရန်ဖြစ်ပေမည်။ မွန်းလွဲပိုင်းတွင် လုပ်ငန်းခွင်တစ်ခုစီမှ ကိုယ်စားလှယ်တစ်ဦးစီ နေ့လယ်စာ လာယူသည့်အခါ အဆင်သင့်ဖြစ်နေရန် ချက်ပြုတ်ရေးသမားများက ပြင်ဆင်ပေးကြသည်။

တနင်္လာနေ့ညတိုင်း စေတနာ့ဝန်ထမ်းများသည် ယေဟောဝါသက်သေများထုတ်ဝေသော ကင်းမျှော်စင်  မဂ္ဂဇင်းထဲမှ ဆောင်းပါးတစ်ပုဒ်ကို အခြေခံ၍ ကျမ်းစာလေ့လာကြသည်။ ယင်းသို့သောလေ့လာမှုများက ရွှင်လန်းမှုဖြင့် ခံနိုင်ရည်ရှိခြင်း၊ တစ်ဦးတစ်ယောက်၏ လုပ်ဆောင်မှုအပေါ် အမြင်မှန်ထားရှိခြင်းတို့၏ လျှို့ဝှက်ချက်ဖြစ်သော ဘုရားသခင်နှင့်၎င်းတို့၏ ဆက်ဆံရေးကို ဆက်၍ခိုင်မြဲစေသည်။—မဿဲ ၄:၄; ၅:၃

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]

“ရှင်တို့ကို ကျွန်မ အထင်လွဲခဲ့မိတယ်”

နယူးအော်လင်းစ်မြို့ရှိ အမျိုးသမီးတစ်ဦးသည် “ယေဟောဝါသက်သေများ—တံခါးမခေါက်ရ” ဟူသောဆိုင်းဘုတ်ကို ၎င်း၏ အိမ်တံခါးပေါက်တွင် ချိတ်ဆွဲထား၏။ တစ်နေ့တွင် ၎င်းအိမ်၏ လမ်းတစ်ဖက်ရှိ ဟာရီကိန်းမုန်တိုင်းကြောင့် ပျက်စီးသွားသော အိမ်တစ်အိမ်ကို စေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲ့က စတင်ပြုပြင်ပေးခဲ့ကြသည်။ တစ်ရက်ပြီးတစ်ရက် စေတနာ့ဝန်ထမ်းများ၏ နွေးထွေးပြီး ဖော်ရွေသည့်စိတ်ဓာတ်ကို သူအကဲခတ်မိ၏။ သူသည် သိလိုစိတ်ပြင်းပြလာပြီး သူတို့လုပ်ဆောင်နေသည့်အရာကို သွားကြည့်ခဲ့သည်။ စေတနာ့ဝန်ထမ်းများမှာ ယေဟောဝါသက်သေများဖြစ်ကြောင်း သိမြင်သွားသဖြင့် သူက ဟာရီကိန်းမုန်တိုင်းတိုက်ပြီးကတည်းက မိမိ၏ချာ့ခ်ျမှ လူများသည် မိမိထံ ဖုန်းဆက်ဖော်ပင်မရကြောင်း ပြောပြခဲ့၏။ “ရှင်တို့ကို ကျွန်မ တကယ်အထင်လွဲခဲ့မိတယ်” ဟုသူကဆိုခဲ့၏။ ရလဒ်ကား အဘယ်နည်း။ ၎င်း၏အိမ်တံခါးဝမှ ဆိုင်းဘုတ်ကို ဖယ်ရှားလိုက်ပြီး သက်သေခံများအား သူ့ထံ လာလည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ရောဘတ်နှင့် ဗရော်နီကာ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဖရန့်ခ်နှင့် ဗရော်နီကာ

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ဂရက်ဂရီနှင့် ကက်သီ

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ဝင်ဒဲလ်နှင့် ဂျနင်း

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

မက်သရူးနှင့် ဒါလင်း

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

တက်ဒ်နှင့် ဒက်ဘီ

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ဂျက်စတင်နှင့် တစ်ဖနီ