မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ​ကို ယုံကြည်​စိတ်ချ​ရသည့် အကြောင်းရင်း​များ

၅။ ပရောဖက်ပြုချက်​ကို ပြည့်စုံ​စေ

၅။ ပရောဖက်ပြုချက်​ကို ပြည့်စုံ​စေ

မိုးလေဝသ​နှင့်​ပတ်သက်​၍ အမြဲလိုလို မှန်ကန်​စွာ ခန့်မှန်း​နိုင်​သူ​တစ်ဦး​ကို စဉ်းစား​ကြည့်​လိုက်ပါ။ မိုးရွာ​မည်​ဟု သူ ကြိုပြော​သည့်​အခါ သင် ထီး​ဆောင်ထား​မည်​လော။

သမ္မာကျမ်းစာ​သည် တင်ကူး​ဟောကြားချက်​များ သို့​မဟုတ် ပရောဖက်ပြုချက်​များ​ဖြင့် ပြည့်နေ​ပါ​သည်။ * ယင်း​တို့ကို သမိုင်း​ဆိုင်ရာ​မှတ်တမ်းများ​အတိုင်း တိကျ​ရှင်းလင်းစွာ မှတ်တမ်း​တင်ထား​၏။ သမ္မာကျမ်းစာ​ပ​ရော​ပြုချက်​သည် အမြဲ​ပင် တိကျ​မှန်ကန်​ပါ​သည်။

ထူးခြားချက်​များ​ကို ပိုင်းခြား​သိမြင်ခြင်း။

သမ္မာကျမ်းစာ​ပရောဖက်ပြုချက်​များသည် အတိအကျ​ဖြစ်လေ့​ရှိပြီး အသေးငယ်ဆုံး​သော အချက်အလက်​မှ​စ၍ ပြည့်စုံ​လာ​ခဲ့ပြီ။ ယင်း​တို့​တွင် အများအားဖြင့် အလွန်​အရေးကြီးသော​ကိစ္စရပ်​များ​ပါဝင်​ပြီး ကျမ်းစာ​ရေးသားချိန်​တွင် အသက်ရှင်ခဲ့​ကြ​သူတို့ မျှော်လင့်​ထား​ရာ​နှင့် ဆန့်ကျင်​စွာ ကြို​ဟောထား​သည်။

ထူးခြားသော​နမူနာ​တစ်ခု။

ယူဖရေးတီး​မြစ်​အပေါ် မဟာ​ဗျူဟာမြောက်​စွာ ခွ၍​တည်ဆောက်​ထားသော ရှေး​ဗာဗုလုန်​မြို့ကို “ရှေးခေတ်​အရှေ့တိုင်း​ဒေသ​၏ နိုင်ငံရေး၊ ဘာသာရေး​နှင့် ယဉ်ကျေးမှု​တို့​ဆုံစည်း​ရာ​ဗဟို​ဌာန” ဟူ၍​ခေါ်ဆို​ခဲ့​ကြသည်။ ဘီစီ ၇၃၂ ခန့်​တွင် ပရောဖက်​ဟေရှာယ​က ဗာဗုလုန်​ပြိုလဲ​မည်​ဟူသော ကြောက်မက်​ဖွယ်​ပရောဖက်ပြုချက်​ကို ရေးသားခဲ့​၏။ “ကုရု” အမည်​ရှိသော ခေါင်းဆောင်​တစ်ဦး​က အောင်နိုင်သူ​ဖြစ်​မည်၊ အကာအကွယ်​ပေး​သော ယူဖရေးတီး​မြစ်ရေ​သည် “ခန်းခြောက်” မည်၊ မြို့တံခါး​များ​ကို “မ​ပိတ်” ဘဲ​နေ​မည်​ဟူ၍ ဟေရှာယ​က အတိအကျ​ဖော်ပြ​ခဲ့​၏။ (ဟေရှာယ ၄၄:၂၇–၄၅:၃) အနှစ် ၂၀၀ နီးပါး​ကြာ​သည့်​နောက် ဘီစီ ၅၃၉၊ အောက်တိုဘာ ၅ ရက်​နေ့တွင် အဆိုပါ​ပရောဖက်ပြုချက် အသေးစိတ်​ပြည့်စုံ​ခဲ့​သည်။ ဂရိ​သမိုင်း​ပညာရှင် ဟီရိုဒိုးတပ်စ် (ဘီစီ ငါး​ရာစု) က ဗာဗုလုန်​ကျဆုံးသွား​ပုံ​ကို အတည်ပြု​ထောက်ခံ​ခဲ့​၏။ *

ရဲရင့်​သော ဟောကိန်း​တစ်ခု။

ဟေရှာယ​သည် ဗာဗုလုန်​နှင့်​စပ်လျဉ်း၍ ‘ထို​မြို့၌ အဘယ်သူမျှ​မနေ​ရ’ ဟူသော နောက်ထပ်​တုန်လှုပ်​ဖွယ် ပရောဖက်ပြုချက်​တစ်ခု​ကို ကြို​ဟောခဲ့​၏။ (ဟေရှာယ ၁၃:၁၉၊ ၂၀) အချက်အချာ​ကျ​ကျ တည်ရှိ​နေသည့် ပြန့်ကျဲ​နေသော​မြို့ ထာဝစဉ်​ပျက်​သု​ဉ်း​သွား​မည့်​အကြောင်း ကြို​ဟောခြင်း​က အမှန်ပင် ရဲရင့်​လှပေစွ။ ယင်း​သို့​သော​မြို့​တစ်မြို့​သည် ပျက်စီး​သွားပါ​က ပြန်​တည်​၍​ရမည်ဟု သင်ယူ​မှတ်​ပေမည်။ ဗာဗုလုန်​သည် ကာလ​အတန်ကြာ​အောင် အောင်မြင်မှု​သရဖူ​ဆောင်း​ခဲ့​သော်လည်း ဟေရှာယ​၏​စကား​များ​မှာ တဖြည်းဖြည်း မှန်ကန်​လာ​ခဲ့​၏။ ယနေ့ ရှေး​ဗာဗုလုန်​၏​တည်နေရာ​မှာ “ပြန့်ပြူး​၍ ပူပြင်း​ခြောက်သွေ့​ကာ ဖုန်​ထူ​လျက်​ရှိ၏” ဟု Smithsonian မဂ္ဂဇင်းက​ဆို​သည်။

ဟေရှာယ​ပရောဖက်ပြုချက်​၏ အရေးပါမှု​ကို စေ့စေ့​ဆင်ခြင်ခြင်း​က စိုးရွံ့​ထိတ်လန့်ဖွယ်​ကောင်း​လှ​သည်။ ဟေရှာယ​ကြိုပြော​ခဲ့​ရာ​သည် နယူးယောက် သို့​မဟုတ် လန်ဒန်​ကဲ့သို့​သော ခေတ်​သစ်​မြို့တော်ကြီး​တစ်မြို့​သည် ယခု​မှ​စ၍ နောင်​အနှစ် ၂၀၀ တွင် ဖျက်ဆီး​ခံရ​ပြီး ဘယ်တော့​မျှ လူနေထိုင်ရာ​အရပ် ပြန်​ဖြစ်လာ​မည်​မဟုတ်​ဟု လေးလေးနက်နက် ကြိုတင်​ဟောကိန်းထုတ်​ခြင်း​နှင့်​တူ​၏။ မှတ်သားဖွယ်​အဖြစ်​ဆုံး​မှာ ဟေရှာယ​ပရောဖက်ပြုချက်​သည် အမှန်​ဖြစ်ပျက်​လာ​သည်​ဟူသော​အချက်​ပင်။ *

ကုရု​အမည်​ရှိသော ခေါင်းဆောင်​တစ်ဦး​သည် အင်အားကြီး​မား​သော ဗာဗုလုန်​ကို အောင်နိုင်​လိမ့်​မည်​ဟု သမ္မာကျမ်းစာ​က တိကျ​မှန်ကန်​စွာ ကြို​ဟောခဲ့

ဤ​အခန်းဆက်​ဆောင်းပါး​များ​တွင် သမ္မာကျမ်းစာ​သည် ယုံကြည်​စိတ်ချ​ထိုက်​သည်​ဟု သန်းပေါင်း​များစွာသော​သူတို့ ယုံကြည်​လက်ခံခဲ့​ကြ​သည့် သာဓက​အချို့​ကို သုံးသပ်​ခဲ့​ပြီး​ဖြစ်သည်။ ထို့​ကြောင့် သမ္မာကျမ်းစာ​ကို ယုံကြည်​စိတ်ချ​ရသော​လမ်းညွှန်​အဖြစ် သူတို့​လက်ခံ​ကြ​၏။ သင်သည်​လည်း ယုံကြည်​လက်ခံ​နိုင်​မ​နိုင် ကိုယ်တိုင်​ဆုံးဖြတ်​နိုင်​ရန် သမ္မာကျမ်းစာ​အကြောင်း ပိုမို​သိရှိအောင် လေ့လာ​ပါ​လေ။

^ အပိုဒ်၊ 4 မိုးလေဝသ​ကြိုတင်​ခန့်မှန်းချက်​များသည် ဖြစ်လာ​နိုင်​သည့် အခြေအနေ​များ​သာ​ဖြစ်၏။ ဖြစ်ရပ်​များ​ကို မိမိ​အလိုရှိ​သည့်​အတိုင်း စီမံ​ကိုင်တွယ်​နိုင်​တော်​မူ​သော ဘုရားသခင်​သည် သမ္မာကျမ်းစာ​ပရောဖက်ပြုချက်​ကို မှုတ်သွင်း​တော်​မူ​ခဲ့​သည်။

^ အပိုဒ်၊ 6 ဟေရှာယ​ပရောဖက်ပြုချက် ပြည့်စုံမှု​နှင့်​စပ်လျဉ်း၍ ထပ်ဆင့်​အချက်အလက်​များ​အတွက် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော လူ​ခပ်သိမ်း​အတွက် စာအုပ်​တစ်အုပ် ဘရိုရှာ၊ စာမျက်နှာ ၂၇-၂၉ ကို​ရှု။

^ အပိုဒ်၊ 8 သမ္မာကျမ်းစာ​ပရောဖက်ပြုချက်​များနှင့် ယင်း​တို့ ပြည့်စုံ​လာ​ကြောင်း မှတ်တမ်းတင်​ဖော်ပြ​ထား​သည့် သမိုင်း​ဆိုင်ရာ​ဖြစ်ရပ်မှန်များ​နှင့်​ပတ်သက်​၍ ထပ်ဆင့်​နမူနာ​များ​အတွက် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော သမ္မာကျမ်းစာ—ဘုရားသခင့်​နှုတ်မြွက်​လော၊ လူ့​နှုတ်ထွက်​လော စာအုပ်​၏ စာမျက်နှာ ၁၁၇-၃၃ ကို​ရှု။