မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကောင်းမြင်ဝါဒသည် သင့်ကျန်းမာရေးကို ပိုကောင်းစေနိုင်သလော

အကောင်းမြင်ဝါဒသည် သင့်ကျန်းမာရေးကို ပိုကောင်းစေနိုင်သလော

အကောင်းမြင်​ဝါဒ​သည် သင့်​ကျန်းမာ​ရေး​ကို ပို​ကောင်း​စေနိုင်​သလော

“စိတ်​ရွှင်လန်းခြင်း​သည် ကျန်းမာ​စေ​တတ်၏” ဟူ၍ လွန်ခဲ့သော​အနှစ် ၃,၀၀၀ ခန့်​က ပညာရှိ​ဣသရေလ​ဘုရင် ရှောလမုန်​ရေးသားခဲ့​သည်။ (သု. ၁၇:၂၂) ထို​မှုတ်သွင်းခံ​စကား​များ​မှန်ကန်ကြောင်း​ကို ယနေ့​ဆရာဝန်​များ​က အသိအမှတ်ပြု​ကြသည်။ သို့သော် ကျွန်ုပ်​တို့​အများစု​အတွက်​မူ “စိတ်​ရွှင်လန်းခြင်း” သည် မွေးရာပါ​ဖြစ်​မည်​မဟုတ်​ချေ။

စိတ်​အလိုမကျ​စ​ရာ၊ စိတ်ပျက်​စ​ရာ​များ​ဖြစ်စေ​သော နေ့စဉ်​ဘဝဖိစီးမှု​များနှင့်​လွတ်ကင်း​သူ ရှား​ပါ​သည်။ သို့သော် မကြာသေးမီ​က​ပြုလုပ်​သော လေ့လာမှု​များ​က ပြဿနာ​များ​ရှိသော်လည်း အကောင်းမြင်​ဝါဒ​ကို မွေးမြူ​သင့်​ကြောင်း ဖော်ပြ​သည်။

အကောင်းမြင်​ဝါဒ​ကို “အကောင်း​ကို​မျှော်လင့်​သော​အမြင် သို့​မဟုတ် သဘောထား၊ ရလဒ်ကောင်း​များ​ကို မျှော်လင့်​သော​သဘော” ဟု​ဖော်ပြ​သည်။ အကောင်းမြင်​တတ်​သူ​တစ်ဦး ရှုံးနိမ့်​မှု​နှင့်​ရင်ဆိုင်​ရ​ပါ​က သူ​မည်သို့ ခံစားရ​သနည်း။ ရှုံးနိမ့်​မှု​ကို အမြဲ​ဖြစ်နေ​မည့်​အရာ​အဖြစ် သူ​မယူဆ​ချေ။ ယင်းအစား သူသည် ယင်း​ကိစ္စရပ်​ကို လက်ခံ​၍ ဆန်းစစ်​သည်။ ထို့နောက် အခြေအနေ​က​ခွင့်ပြု​သည့်​အခါ ပြုပြင်​ပြောင်းလဲ​ရန် သို့​မဟုတ် တိုးတက်​ကောင်းမွန်​စေရန် လုပ်ဆောင်​သည်။

သို့သော် အဆိုးမြင်​ဝါဒ​ရှိသူ​တစ်ဦး​သည် အခက်အခဲ​များ​ကြုံ​ရသောအခါ မိမိကိုယ်ကို​သာ အပြစ်တင်​လေ့​ရှိ၏။ အခြေမလှ​မှုများ​သည် ရေရှည်​တည်ရှိ​သွား​မည်​ဟု ထင်မှတ်​ကာ ယင်းသည် မိမိ၏​မိုက်မဲမှု၊ ညံ့ဖျင်း​မှု၊ အကျည်းတန်မှု​ကြောင့်​ဖြစ်​ရသည်​ဟု ထင်မှတ်​သည်။ ရလဒ်​အနေ​နှင့် အရှုံးပေး​လိုက်​တော့​၏။

အကောင်းမြင်​ဝါဒ​သည် ကျွန်ုပ်​တို့၏ ကိုယ်​စိတ်​နှစ်​ဖြာ ကျန်းမာ​ချမ်းသာမှု​အပေါ် အကျိုး​သက်ရောက်မှု​ရှိပါ​သလော။ ရှိပါ​သည်။ အမေရိကန်​နိုင်ငံ၊ မင်နီစိုတာ​ပြည်နယ်၊ ရာ​ချက်​စ​တာ​မြို့ရှိ မေ​ရို​ဆေးခန်း​မှ အနှစ် ၃၀ အတွင်း လူနာ ၈၀၀ ကျော်​ကို​လေ့လာ​ခဲ့​ရာ အကောင်းမြင်​ဝါဒ​သည် ကျန်းမာ​ရေး​ကို​ပို​ကောင်း​စေပြီး အခြားသူများ​ထက် သိသိသာသာ​ပင် အသက်ပိုရှည်​ကြောင်း သိပ္ပံ​ပညာရှင်​များ တွေ့ရှိ​ခဲ့​ကြသည်။ ထို့ ပြင် အကောင်းမြင်​သူများ​သည် စိတ်​ဖိစီးမှုကို ပို​၍​အောင်မြင်စွာ​ကိုင်တွယ်​နိုင်​ပြီး စိတ်ဓာတ်ကျ​မှု​အဖြစ်နည်း​ပုံ​ရသည်ကို သုတေသီ​များ​သတိပြုမိ​ကြသည်။

သို့သော် ပြဿနာ​တိုးများ​လာ​လျက်​ရှိသော ဤ​လောကတွင် အကောင်းမြင်​ဝါဒ​ရှိ​ရန်​မှာ မလွယ်ကူ​လှ​ချေ။ အပြုသဘော​ရှိ​ရှိ စဉ်းစား​တွေးတော​ရန် လူအများ အခက်တွေ့​နေကြ​သည်​မှာ အံ့ဩစရာ​မဟုတ်ပေ။ ဤ​ပြဿနာ​ကို မည်သို့​ဖြေရှင်း​နိုင်​သနည်း။ ပူးတွဲ​ပါ လေးထောင့်ကွက်​တွင် သင့်အတွက် အထောက်အကူ​ဖြစ်စေ​မည့် အကြံပြုချက်​တချို့​ကို တွေ့ရ​ပေမည်။

ရွှင်လန်းသော​စိတ်​သည် အရာရာကို မ​ကုစား​နိုင်​သော်လည်း ယင်းသည် ပို​၍​ကျန်းမာ​စေပြီး ပို​၍​ကျေနပ်​ရောင့်ရဲသော​အသက်တာကို ရရှိ​စေနိုင်​သည်။ သမ္မာကျမ်းစာ​တွင် “ဆင်းရဲ​ငြိုငြင်​သော​သူ၏​နေ့ရက်​ရှိသမျှ​တို့သည် ဆိုးယုတ်​ကြ​၏။ ရွှင်လန်းသော​စိတ်နှလုံး​မူ​ကား အစဉ်အမြဲ​ခံရ​သော​ပွဲ​ဖြစ်၏” ဟု​ဆို​သည်။—သု. ၁၅:၁၅

[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ပို​၍​အကောင်းမြင်​သူ​ဖြစ်စေ သည့် အကြံပြုချက်​အချို့ *

▪ တစ်စုံတစ်ရာ​တွင် သင်​မပျော်​ပိုက်​တော့ သို့​မဟုတ် လုပ်ဆောင်မှု​တစ်ခုခု​တွင် သင်​မအောင်မြင် နိုင်​တော့​ဟု တွေးတော​မိ​သောအခါ ထို​အတွေး​ကို ငြင်းဆန်​ပါ။ ကောင်းမွန်​ရာ​များ​ကို​သာ အာရုံစိုက်ပါ။

▪ သင့်​အလုပ်​တွင် ပျော်မွေ့​ဖို့​ကြိုးစား​ပါ။ မည်သည့်​အလုပ်ကို​ပင် လုပ်​ရ ပါစေ သင့်​အား ကျေနပ်မှု​ပေး​သော​ကဏ္ဍ​များ​ကို ရှာဖွေပါ။

▪ ဘဝ​အပေါ် အပြု​သဘောဖြင့်​ရှုမြင်​သော​မိတ်ဆွေများ​ကို ရှာဖွေပါ။

▪ သင်​ထိန်းချုပ်​နိုင်သော​အခြေအနေ​များ​ကို​သာ ကိုင်တွယ်​ပါ။ သင်​မတတ်နိုင်​ရာ​များ​ကို အသိအမှတ်ပြု​ရန်​ကြိုးစား​ပါ။

▪ သင်၌​ဖြစ်ပျက်​ခဲ့​သည့် ကောင်းသော​အရာ​သုံးခုကို နေ့စဉ်​ရေးမှတ်​ပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 အထက်ပါ​စာရင်း​သည် မေ​ရို​ဆေးခန်း​မှ​ထုတ်ဝေ​သော​စာပေ​၏ တစ်စိတ်​တစ်ပိုင်း​ကို အခြေခံ​သည်။