မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၃

စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်နိုင်ပုံ

စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်နိုင်ပုံ

စိတ်ဓာတ်​ကြံ့ခိုင်​ခြင်း​ဆိုတာ ဘာလဲ

စိတ်ဓာတ်​ကြံ့ခိုင်​သူဟာ အတားအဆီး​တွေ၊ စိတ်ပျက်စရာတွေကို တွန်းလှန်​တတ်တယ်။ ဒီ​အရည်အချင်းကို အတွေ့အကြုံ​ကနေ ရလာတယ်။ ကလေးဟာ ခဏခဏ လဲကျ​ပြီးမှ လမ်းလျှောက်​တတ်လာ​သလိုပဲ အခက်အခဲ​တွေ ကြုံ​မှ ဘဝမှာ အောင်မြင်​နိုင်မယ်။

စိတ်ဓာတ်​ကြံ့ခိုင်​ခြင်း​ဟာ ဘာကြောင့် အရေးကြီး​သလဲ

ရှုံးနိမ့်​မှု၊ ဝေဖန်မှု၊ အခက်အခဲ​တွေ ကြုံရတဲ့အခါ ကလေးတချို့ စိတ်ဓာတ်ကျ​တတ်ကြတယ်။ တချို့ကတော့ လုံးဝ အရှုံးပေးလိုက်​ကြတယ်။ ဒါပေမဲ့ အောက်ပါ​အချက်တွေကို နားလည်​ထားဖို့ လိုတယ်–

စိတ်ဓာတ်​ကြံ့ခိုင်​ရင် ဘဝ​ပြဿနာတွေကို ယုံကြည်ချက်​အပြည့်​နဲ့ ရင်ဆိုင်​နိုင်မယ်။

စိတ်ဓာတ်​ကြံ့ခိုင်​အောင် သင်ပေး​နိုင်ပုံ

သင့်​ကလေး မအောင်မြင်တဲ့​အခါ။

ကျမ်းစာ အခြေခံ​မူ။ “ဖြောင့်မတ်​သူက ခုနစ်ကြိမ် လဲ​ရင်တောင် ပြန်ထ​လိမ့်မယ်။”—ပညာအလိမ္မာ ၂၄:၁၆

သင့်​ကလေးကို လက်တွေ့ကျကျ ရှုမြင်​တတ်အောင် ကူညီ​ပေးပါ။ ဥပမာ၊ စာမေးပွဲ ကျရင် ဘာလုပ်မလဲ။ “ဘာမှ မတတ်​နိုင်ဘူး” လို့​ပြောပြီး အရှုံးပေး​လိုက်​မလား။

စိတ်ဓာတ်​ကြံ့ခိုင်​အောင် သင်ပေးဖို့ တိုးတက်​နိုင်မယ့်​နည်းကို သိမြင်စေပါ။ ဒါဆိုရင် ပြဿနာ​ကြောင့် မထိခိုက်​ဘဲ ပြဿနာကို ဖြေရှင်း​တတ်လာမယ်။

တစ်ချိန်တည်းမှာ ကလေးရဲ့ ပြဿနာကို ဖြေရှင်း​မပေး​ပါ​နဲ့။ ကိုယ်တိုင် ဖြေရှင်းတတ်အောင် ကူညီ​ပေးပါ။ “ဒီ​သင်ခန်းစာ​ကို နားလည်ဖို့ ဘာ​လုပ်နိုင်သလဲ” လို့ မေး​နိုင်တယ်။

အခက်အခဲ ကြုံရတဲ့​အခါ။

ကျမ်းစာ အခြေခံ​မူ။ “မနက်ဖြန် ဘာဖြစ်​လာမယ်​မှန်း ခင်ဗျားတို့ သိ​တာ​မှ မဟုတ်တာ။”—ယာကုပ် ၄:၁၄

ဘဝ​ဆိုတာ ခန့်မှန်းရခက်​တယ်။ ဒီနေ့ ချမ်းသာ​ပေမဲ့ မနက်ဖြန် ဆင်းရဲ​သွားနိုင်တယ်။ ဒီနေ့ ကျန်းမာ​ပေမဲ့ မနက်ဖြန် ဖျားနာ​နိုင်တယ်။ “အပြေးသန်တယ်​ဆိုတိုင်း ပြေးပွဲ​မှာ အမြဲ​အနိုင်ရ​တာ မဟုတ်ဘူး။ အင်အားကြီး​တယ်​ဆိုတိုင်း စစ်ပွဲမှာ အမြဲ​အနိုင်ရ​တာ မဟုတ်ဘူး။ . . . လူ​အားလုံးဟာ မျှော်လင့်​မထားတဲ့ အချိန်မှာ မျှော်လင့်​မထားတဲ့ ဖြစ်ရပ်တွေ ကြုံရ​တတ်​လို့​ပဲ” လို့ ကျမ်းစာက ဆိုတယ်။—ဒေသနာ ၉:၁၁

မိဘ​အနေနဲ့ သင့်​ကလေး အန္တရာယ်​မကြုံ​ရအောင် အတတ်နိုင်ဆုံး ကာကွယ်​ပေးတယ်။ ဒါပေမဲ့ ဘဝပြဿနာ​အားလုံး​ကနေ ကာကွယ်ပေး​နိုင်မှာ မဟုတ်ဘူး။

အလုပ်ပြုတ်​တာ၊ ငွေကြေး အခက်အခဲ ကြုံ​ရတာကို​တော့ သင့်​ကလေး ကြုံရဦး​မှာ မဟုတ်ဘူး။ ဒါပေမဲ့ မိတ်ပျက်​ခြင်း၊ မိသားစုဝင် သေဆုံးခြင်း​စတဲ့ တခြား​ပြဿနာတွေကို​တော့ ရင်ဆိုင်​နိုင်အောင် ကူညီပေး​နိုင်ပါတယ်။ *

သင့်​ကလေး အပြုသဘော ဝေဖန်​ခံရတဲ့​အခါ။

ကျမ်းစာ အခြေခံ​မူ။ “အကြံ​ပေးတာကို နားထောင်ပါ။ . . . ဒါမှ နောက်ပိုင်းမှာ ဉာဏ်ပညာ​ရှိလာမယ်။”—ပညာအလိမ္မာ ၁၉:၂၀

အပြုသဘော​ဝေဖန်ခြင်း​က အနိုင်ကျင့်ခြင်း မဟုတ်ဘူး။ ပြောင်းလဲဖို့ လိုအပ်တဲ့ လုပ်ရပ်၊ သဘောထားကို ဖော်ပြတဲ့ လမ်းညွှန် ဖြစ်တယ်။

ဆုံးမ​ပဲ့ပြင်မှု​ကို လက်ခံ​တတ်အောင် သင့်​ကလေးကို သင်​ပေးရင် နှစ်ဦးနှစ်ဖက် အကျိုး​ခံစားရ​မယ်။ “အမှား​ကို မပြု​ပြင်ပေး​ရင် ဘယ်တော့မှ သင်ယူ​တတ်​မှာ မဟုတ်ဘူး။ ကလေးတွေ ပြဿနာ ပို​ကြုံ​လာ​ရမယ်။ မိဘတွေကလည်း တချိန်လုံး လိုက်​ဖြေရှင်း​ပေးနေ​ရမယ်။ မိဘတွေ​အတွက်ရော ကလေး​အတွက်ရော စိတ်မချမ်းသာစရာ ဖြစ်မယ်” လို့ ဂျွန်​ဆိုတဲ့ ဖခင် ပြောတယ်။

အပြုသဘော​ဝေဖန်မှု​တွေ​ကနေ အကျိုး​ခံစား​နိုင်အောင် သင့်​ကလေးကို ဘယ်လို ကူညီ​ပေးနိုင်​သလဲ။ ကျောင်းမှာ​ဖြစ်ဖြစ်၊ တခြား​နေရာမှာ​ဖြစ်ဖြစ် အပြုသဘော ဝေဖန်​ခံရတဲ့​အခါ မတရား​ဘူးလို့ မပြော​နဲ့။ ဒီလို မေးပါ–

  • “ဘာကြောင့် ဆုံးမ​ပဲ့ပြင်​တယ်လို့ ထင်သလဲ။”

  • “ဘယ်လို တိုးတက်​နိုင်မလဲ။”

  • “နောက်​တစ်ကြိမ် ဒါမျိုး​ကြုံ​လာ​ရင် ဘယ်လို လုပ်မလဲ။”

အပြုသဘော ဝေဖန်မှု​က သင့်​ကလေးကို အခုရော လူကြီး​ဘဝမှာ​ပါ အကျိုးပြု​မယ်။

^ အပိုဒ်၊ 21 ၂၀၀၈၊ ဇူလိုင် ၁၊ ကင်းမျှော်စင်​ပါ “ဝမ်းနည်းပူဆွေးမှု​ကို ရင်ဆိုင်​ခံရပ်နိုင်​ရန် သင့်​ကလေး​အား ကူညီ​ပေးပါ” ဆောင်းပါးကို ကြည့်ပါ။