မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အံ့ဖွယ် အာတိတ်စင်ရော်

အံ့ဖွယ် အာတိတ်စင်ရော်

အာတိတ်​စင်​ရော်​တွေဟာ အာတိတ်​ဒေသက​နေ အန္တာတိ​က​တိုက်​ကို အသွားအပြန် မိုင် ၂၂,၀​၀​၀ (၃၅,၂၀၀ ကီလိုမီတာ) ခန့် ပျံသန်း​တယ်လို့ သိထား​တာ ကြာ​ပြီ။ တကယ်တော့ အဲဒီ​ငှက်​တွေဟာ ဒီထက်မက ပျံသန်း​နိုင်မှန်း မကြာသေးခင်က တွေ့ရှိ​ခဲ့ကြတယ်။

စင်ရော်ငှက်​ဟာ ပုံ​မှာပါတဲ့​အတိုင်း ကွေ့ဝိုက်​ပျံသန်း

ငှက်​အတော်များများကို ခြေရာခံ​ကိရိယာ​လေး​တွေ တပ်ဆင်​ပေးကြတယ်။ စက္ကူ​ညှပ်​ကလ​စ်​လောက် ပေါ့​တဲ့ အဲဒီ​ကိရိယာ​တွေကြောင့် စင်​ရော်​တချို့ဟာ အသွားအပြန် ပျမ်းမျှ​မိုင် ၅၆,၀​၀​၀ (၉၀,၀​၀​၀ ကီလိုမီတာ) ပျံသန်း​မှန်း သိရှိ​ရတယ်။ တိရစ္ဆာန်တွေ​ထဲမှာ ခရီးစဉ်​အရှည်ဆုံး ပျံသန်း​နိုင်တဲ့​ငှက်​ပါပဲ။ ငှက်​တစ်ကောင်​ဆိုရင် မိုင်​ပေါင်း ၆၀,၀​၀​၀ (၉၆,၀​၀​၀ ကီလိုမီတာ) နီးပါး ပျံသန်း​တ​ယ်။ အရင်​တွေ့ရှိချက်​တွေနဲ့ ဘာကြောင့် ကွာ​နေ​တာလဲ။

အာတိတ်​စင်​ရော်​တွေဟာ ဘယ်​နေရာ​က​နေ စ​ပျံသန်း​ပါစေ ကွေ့ဝိုက်​ပျံသန်း​တ​ယ်။ ပုံ​မှာပါတဲ့​အတိုင်း အတ္တ​လ​န္တိ​တ်​သမုဒ္ဒရာ လမ်းကြောင်း​ဟာ (S) ပုံသဏ္ဌာန်​ရှိတယ်။ ဒါကြောင့် ငှက်​တွေဟာ လေ​တိုက်​တဲ့ လမ်းကြောင်း​အတိုင်း အလိုက်သင့် ပျံသန်း​နိုင်ကြ​တ​ယ်။

အာတိတ်​စင်​ရော်​တွေဟာ သက်တမ်း​အနှစ် ၃၀ လောက်​အတွင်းမှာ မိုင်​ပေါင်း ၁.၅ သန်း (ကီလိုမီတာ ၂.၄ သန်း) ကျော် ခရီးဆန့်​နိုင်တယ်။ အဲဒါဟာ လ​ကမ္ဘာ​ကို အသွားအပြန် သုံး​လေး​ခေါက်​ခရီး​နဲ့ ညီမျှ​တ​ယ်။ “၁၀၀ ဂ​ရ​မ်​သာသာ [၃.၅ အောင်​စ] ရှိတဲ့​ငှက်​ကလေးရဲ့ အံ့မခန်းဖွယ် စွမ်းဆောင်မှု​ပါပဲ” လို့ သုတေသီ​တစ်ယောက် ပြောတယ်။ ဝင်ရိုး​စွန်း​ဒေသ​နှစ်ခု​စလုံး​မှာ နွေရာသီ​နဲ့​ကြုံကြိုက်​လို့ အာတိတ်​စင်​ရော်​တွေဟာ “နှစ်​တိုင်း တခြား​သတ္တဝါ​တွေ​ထက် နေ​ရောင်ခြည်​ကို ပို​မြင်ရ​တယ်” ဆိုပြီး ကမ္ဘာ့​သက်ရှိများ– သဘာဝ​သမိုင်း စာအုပ်​မှာ ဖော်ပြတယ်။