မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ်ချင်းစာ​ပါ

ကိုယ်ချင်းစာ​ပါ

ပြဿနာ

တခြား​သူတွေမှာ​ ရှိတဲ့ ကိုယ်​နဲ့​မတူတဲ့​ အချက်​တွေ​ကို အာရုံစိုက်လွန်းမယ်​ဆိုရင် မတူတာ​တွေ​ကို အပြစ်​လို့ မြင်လာ​နိုင်တယ်။ ဒီလိုနဲ့ ကိုယ်​နဲ့​မတူတဲ့​သူတွေကို အထင်အမြင် သေး​လာနိုင်တယ်။ တခြား​သူတွေ​အပေါ် မကောင်းမြင်​တဲ့​စိတ် များ​လာပြီ​ဆိုရင် ကိုယ်ချင်းစာ​ဖို့ ခက်​လာနိုင်တယ်။ ကိုယ်ချင်းစာ​နာ​မှု မရှိ​တာ​က ခွဲခြား​ဆက်ဆံ​တဲ့​သဘော ရှိနေပြီ​ဆို​တဲ့ လက္ခဏာ​ပဲ။

ကျမ်းစာ​အခြေခံ​မူ

“ဝမ်းမြောက်​သူတွေနဲ့​အတူ ဝမ်းမြောက်​ပါ။ ငိုကြွေး​သူတွေနဲ့​အတူ ငိုကြွေး​ပါ။”—ရောမ ၁၂:၁၅

ဘာကို​ဆိုလို​သလဲ။ ဒီ​ကျမ်းစာမူ​ကို အတိုချုပ်​ရမယ်​ဆိုရင် ကိုယ်ချင်းစာ​နာ​မှု​ ပြ​ပါ ဆိုတာ​ပဲ။ ကိုယ်ချင်းစာ​တယ်​ဆိုတာ တခြား​သူတွေရဲ့ နေရာမှာ ဝင်​နေ​ကြည့်​တာ၊ ဝင်​ခံစား​ကြည့်​တာ ဖြစ်တယ်။

ကိုယ်ချင်းစာ​နာ​မှု​က ကူညီ​ပေး​နိုင်​ပုံ

ကိုယ်ချင်းစာ​နာ​မှု​ ပြ​တဲ့​အခါ ကိုယ်​လည်း သူနဲ့ အတူတူပဲ​ဆိုတာ သိလာတယ်။ ကျွန်တော်​တို့ ခံစားရ​သလို သူလည်း ခံစား​ရတယ်။ ကျွန်တော်​တို့ ပြုမူ​တုံ့ပြန်​သလို သူလည်း ပြုမူ​တုံ့ပြန်​တယ်​ဆိုတာ သိလာမယ်။ ဘယ်လို​နောက်ခံ​ပဲ ရှိပါစေ လူအားလုံး​ဟာ လူ့​မိသားစု​ထဲ​က လူတွေပဲ​ဆိုတာ သိအောင် ကိုယ်ချင်းစာ​နာ​မှု​က ကူညီ​ပေး​နိုင်တယ်။ သူတို့နဲ့​ ကိုယ်​နဲ့ တူ​တဲ့​အချက်​တွေ​ကို အာရုံစိုက်​လေ သူတို့​အပေါ် မကောင်းမြင်​တဲ့​စိတ် လျော့နည်းလေပဲ။

ကိုယ်ချင်းစာ​နာ​မှု​က တခြား​သူတွေကို လေးစား​အောင်​လည်း ကူညီပေး​တယ်။ ဆီနီဂေါ​နိုင်ငံ​မှာ​ နေတဲ့ အန်း​မာရီ​ဟာ ဇာတ်​နိမ့်​သူတွေ​လို့ သတ်မှတ်​ထား​သူတွေကို အရင်တုန်းက အထင်သေးခဲ့​တယ်။ ကိုယ်ချင်းစာ​နာ​မှု​က သူ့ကို ကူညီ​ပေး​ခဲ့​ပုံ​အကြောင်း အခုလို ရှင်းပြတယ်။ “ဇာတ်​နိမ့်​သူတွေ ခံစား​ရတဲ့ အခက်အခဲ​ကို မြင်တဲ့အခါ သူတို့​နေရာမှာ​သာ​ဆိုရင် ငါ​ဘယ်လို​နေမလဲလို့ ကိုယ့်ကိုယ်ကိုယ် မေး​မိတယ်။ အဲဒါ​က ကျွန်မ သူတို့ထက် မသာ​ဘူး။ သူတို့နဲ့ အတူတူပဲ​ဆိုတာ နားလည်​စေတယ်။” မှန်ပါတယ်။ တခြား​သူတွေရဲ့ အခက်အခဲ​ကို နားလည်​ဖို့ ကြိုးစား​မယ်​ဆိုရင် သူတို့ကို အပြစ်မြင်မယ့်​အစား ကိုယ်ချင်းစာ​လာမယ်။

လုပ်ဆောင်​နိုင်​တဲ့​အချက်

ကိုယ်​အပျက်သဘော ရှုမြင်​နေတဲ့​သူတွေဆီ​မှာ​ ရှိတဲ့ မတူကွဲပြား​တာတွေကို မကြည့်​ဘဲ တူညီ​တဲ့​အချက်​ကို ကြည့်​ဖို့ ကြိုးစား​ပါ။ ဥပမာ၊

လူအားလုံး​ဟာ လူ့​မိသားစု​ထဲ​က လူတွေပဲ​ဆိုတာ သိအောင် ကိုယ်ချင်းစာ​နာ​မှု​က ကူညီ​ပေး​နိုင်တယ်

  • သူတို့​မိသားစုနဲ့​အတူ စားသောက်​တဲ့​အခါ

  • သူတို့ကို ကူညီ​ပေး​တဲ့​အခါ

  • သူတို့နဲ့ ပေါင်းသင်း​တဲ့​အခါ

  • သူတို့​ ကြိုက်​တဲ့ တေးဂီတ​ကို နားထောင်တဲ့​အခါ

သူတို့​ ဘယ်လို ခံစား​ရမယ်ဆိုတာ မြင်ယောင်​ကြည့်​ပါ။

နောက်​တစ်ဆင့်​အနေ​နဲ့ သူတို့​နေရာမှာ ဝင်​နေ​ကြည့်​ပြီး ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ။

  • ‘တစ်ယောက်ယောက်​က ကိုယ့်ကို နှိမ်​ပြီး​ ဆက်ဆံ​တဲ့​အခါ ဘယ်လို ခံစား​ရမလဲ။’

  • ‘ကိုယ့်​အကြောင်းကို မသိဘဲ ကြို​ဆုံးဖြတ်ထား​မယ်​ဆိုရင် ဘယ်လို ခံစား​ရမလဲ။’

  • ‘ကိုယ်​သာ လူတွေ​ အထင်အမြင်​သေး​တဲ့ အုပ်စု​ထဲ​က တစ်ယောက်​ဆိုရင် ကိုယ့်ကို ဘယ်လို ဆက်ဆံ​စေ​ချင်​သလဲ။’