မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့ရဲ့ ယုံကြည်ခြင်း​ကို အတုယူ​ပါ | စာရာ

‘မင်းဟာ မိန်းမချောပဲ’

‘မင်းဟာ မိန်းမချောပဲ’

စာရာ​ဟာ အခန်း​အလယ်​မှာ ရပ်နေ​ရင်း ဘေးပတ်လည်​ကို ကြည့်​လိုက်တယ်။ လှပတဲ့ မျက်ဝန်း​နက်​တစ်စုံ ပိုင်ဆိုင်​ထားတဲ့ အရှေ့အလယ်ပိုင်း​ဒေသက အမျိုးသမီး​တစ်ဦးကို ပုံဖော်​ကြည့်​လိုက်ပါ။ သူ့​မျက်ဝန်း​မှာ ဝမ်းနည်း​တဲ့​အရိပ်အယောင် သန်း​နေ​လေ​မလား။ ဒါဆို​ရင် အကြောင်းရင်းကို နားလည်ဖို့ မ​ခက်​ပါဘူး။ ဒီ​အိမ်​မှာ သူ့​အတွက် အမှတ်ရ​စရာ​တွေ ပြည့်နေ​ခဲ့တာ။ ဒီ​အိမ်​မှာပဲ ချစ်​ရတဲ့​ခင်ပွန်း အာဗြဟံ​နဲ့အတူ ပျော်စရာ နေ့ရက်​ပေါင်း​များစွာကို ဖြတ်သန်း​လာ​ခဲ့တာ။ * တူ​နှစ်ကိုယ် မေတ္တာ​ရိပ်မြုံ​လေး တည်ဆောက်​ခဲ့ကြ​တာ။

သူတို့​နေထိုင်တဲ့ ဥရမြို့​ဟာ ချမ်းသာကြွယ်ဝ​တဲ့​မြို့၊ လက်မှုပညာသည်၊ လက်သမား၊ ကုန်သည်​တွေ လက်ညှိုးထိုး​မလွဲ​တဲ့ မြို့ပဲ။​ ဒါကြောင့် သူတို့​လည်း ပစ္စည်းဥစ္စာ​တွေ ပိုင်ဆိုင်​ထား​မှာ သေချာ​တယ်။ ဒါပေမဲ့ စာရာ​ရဲ့​အိမ်​ဟာ ပိုင်ဆိုင်ရာ​တွေ သိမ်းဆည်း​ထားတဲ့​နေရာ​လောက်​ပဲ မဟုတ်ဘူး။ ဒီ​အိမ်​ဟာ သူတို့​နှစ်ဦး နှစ်ပေါင်း​များစွာ အေး​အတူ ပူအမျှ နေထိုင်ပြီး ချစ်​ရတဲ့​ဘုရား ယေဟောဝါ​ဆီ အတူ​ဆုတောင်း​ခဲ့တဲ့ နေရာ​ပါ။ ဒါကြောင့် ဒီ​အိမ်​ကို စာရာ သံယောဇဉ်​တွယ်​မယ်ဆို​လည်း တွယ်​လောက်​ပါတယ်။

ဒါနဲ့​တောင် စာရာ​ဟာ အမှတ်တရ​ဖြစ်စ​ရာတွေ​နဲ့ ဝေးရာ​ကို ပြောင်းရွှေ့​ဖို့ အသင့်​ဖြစ်နေ​ပြီ။ အသက် ၆​၀ လောက်​ရှိနေ​ပေ​မဲ့ မသိကျွမ်း​တဲ့​နယ်မြေ​ဆီ ခရီးနှင်​ပြီး အခက်အခဲ​နဲ့ အန္တရာယ်​တွေ ထူပြော​တဲ့​ဘဝ​ထဲ ခြေချ​ရတော့​မယ်။ ဒီ​ကို​ပြန်လာ​နိုင်​ဖို့ဆိုတာ ဝေး​လာ​ဝေး​ပေါ့။ ဘာက သူ့​ဘဝကို ဒီလို​ပြောင်းလဲ​ပစ်လိုက်​တာလဲ။ သူ့​ယုံကြည်ခြင်း​က​နေ ကျွန်တော်​တို့ ဘာတွေ သင်ယူနိုင်​သလဲ။

‘နေရင်းပြည်​က​နေ ထွက်သွား​ပါ’

စာရာ​ဟာ ဥရမြို့​မှာ ကြီးပြင်းလာ​ပုံ​ရတယ်။ အခုခေတ်​မှာ ဥရမြို့​ဟာ လူသူမရှိ​တော့​တဲ့ အပျက်အယွင်း​ပုံ​ကြီး ဖြစ်နေ​တယ်။ စာရာ​တို့​ခေတ်​တုန်းက​တော့ ယူဖရေးတီး​မြစ်​နဲ့ တူးမြောင်း​တွေ​တစ်လျှောက် ကုန်တင်​သင်္ဘော​တွေဟာ စုန်​ချည်​ဆန်​ချည် သွားလာ​ပြီး ရပ်​ဝေး​မြေ​ခြား​က အဖိုးတန်​ကုန်စည်​တွေကို စည်ကား​တဲ့ ဥရမြို့​ဆီ သယ်ဆောင်​လာတယ်။ ဥရမြို့​ရဲ့ ကွေ့​ကွေ့​ကောက်​ကောက် လမ်းကျဉ်း​တွေ​ပေါ် လူတွေ တိုးဝှေ့​သွားလာ​နေတယ်။ ဆိပ်​ခံ​တံတား​တွေဆီ သင်္ဘော​တွေ အလု​အ​ယက် ဆိုက်ကပ်​နေတယ်။ ဈေး​ထဲမှာ ကုန်စည်​တွေ တောင်​ပုံ​ရာ​ပုံ​ပဲ။ စာရာ​ဟာ ပျား​ပန်း​ခပ်​စည်ကား​တဲ့ ဒီ​မြို့မှာ ကြီးပြင်းလာ​တဲ့အတွက် လူအတော်များများ​ရဲ့ နာမည်​တွေကို သိထား​တယ်။ မြို့သား​တွေ​ကလည်း အလှ​ပ​ဂေး​ဖြစ်တဲ့ သူ့ကို သတိရ​နေကြ​မှာ သေချာ​တယ်။ ဒီ​မြို့မှာ မိသားစုကြီး​တစ်စုကို သူ ပိုင်ဆိုင်​ထားတယ်။

ကျမ်းစာမှာ စာရာ​ကို ယုံကြည်ခြင်း​ခိုင်မာ​သူ​အဖြစ် ဖော်ပြထားတယ်။ ဥရမြို့​ရဲ့ အထင်ကရ လ​နတ်ဘုရား​ကို ယုံကြည်သူ​အဖြစ်​တော့ မဟုတ်ဘူး။ အဲဒီမြို့မှာ လ​နတ်ဘုရား​ရဲ့ ဘုံ​ဗိမာန်​ဟာ အထင်းသား​ပဲ။ စာရာ​က​တော့ စစ်မှန်တဲ့​ဘုရား ယေဟောဝါကို​ပဲ ကိုးကွယ်​တယ်။ ဘုရားကို ယုံကြည်သူ ဘယ်လို​ဖြစ်လာတယ်​ဆိုတာ​တော့ ကျမ်းစာမှာ မဖော်ပြ​ဘူး။ ဖခင်​ဖြစ်သူ​က​တော့ အချိန်​အတန်ကြာ ရုပ်တုကိုးကွယ်​ခဲ့တယ်။ ဘယ်လိုပဲ​ဖြစ်ပါ​စေ စာရာ​ဟာ သူ့​ထက် ဆယ်နှစ်​ကြီးတဲ့ အာဗြဟံ​နဲ့ လက်ထပ်​ခဲ့တယ်။ * (ကမ္ဘာဦး ၁၇:၁၇) နောက်ပိုင်းမှာ အာဗြဟံ​ကို ‘ယုံကြည်ခြင်းရှိ​သူတွေ​ရဲ့ ဖခင်’ အဖြစ် လူသိများ​လာတယ်။ (ရောမ ၄:၁၁) သူတို့​နှစ်ဦး တည်ဆောက်​ထားတဲ့ သာယာ​ခိုင်မြဲ​တဲ့ အိမ်ထောင်​မှာ အပြန်အလှန် လေးစား​ကြ​တယ်။ ပြောဆိုဆက်သွယ်​ရေး ကောင်း​ကြ​တယ်။ အခက်အခဲတွေကို အတူ ရင်ဆိုင်ဖြေရှင်း​ကြ​တယ်။ သူတို့ရဲ့​ပေါင်းစည်းမှု​ဟာ အဓိက​အားဖြင့် ဘုရားကို​ချစ်တဲ့ မေတ္တာ​ကြောင့် ဖြစ်တယ်။

စာရာ​ဟာ အာဗြဟံ​ကို သိပ်ချစ်​တယ်။ ဥရမြို့​က ဆွေမျိုး​တွေ​ကြား တစ်​အိုး​တစ်အိမ် ထူထောင်​ကြ​တယ်။ မကြာ​ပါဘူး၊ စိတ်ဆင်းရဲ​စရာ ကြုံရ​တယ်။ “စာရဲ​က မြုံနေ​လို့ သားသမီး မရှိဘူး” ဆိုပြီး ကျမ်းစာ​ပြောတယ်။ (ကမ္ဘာဦး ၁၁:၃၀) အဲဒီခေတ် ယဉ်ကျေးမှု​အရ စာရာ​ရဲ့​အခြေအနေ​ဟာ အတော့်​ကို စိတ်ဆင်းရဲ​စရာ​ပဲ။ ဒါပေမဲ့ စာရာ​ဟာ ဘုရား​သခင်​နဲ့ ခင်ပွန်း​အပေါ် သစ္စာ​မပျက်​ခဲ့ဘူး။ မိဘ​မရှိတော့​တဲ့ တူလေး​ လောတ​ဟာ သူတို့​အတွက် သား​အရင်း​လိုပဲ။ ဒီလိုနဲ့ တစ်ရက်​ကျတော့ အရာရာ ပြောင်းလဲ​သွားတယ်။

အတော့်​ကို စိတ်လှုပ်ရှား​နေတဲ့ အာဗြဟံ​ဟာ စာရာ​ကို လာ​ပြောပြတယ်။ အခု​လေး​တင် ကြုံခဲ့​တာ​ကို မယုံနိုင်​အောင် ဖြစ်နေ​တယ်။ သူတို့ကိုး​ကွယ်​တဲ့ ဘုရားက သူ့​ရှေ့ ပေါ်လာ​ပြီး စကား​လာ​ပြောတယ်။ ကောင်းကင်တမန်​ကတစ်ဆင့် ပြောတာ သေချာ​တယ်။ စာရာ​ကလည်း အာဗြဟံ​ကို လှ​မျက်ဝန်း​လေး​နဲ့ ကြည့်ပြီး “အစ်ကို၊ သူ ဘာတွေ ပြောလိုက်​လဲ။ ပြောပြပါ​ဦး” လို့ အမော​တ​ကော မေးတယ်။ အာဗြဟံ​ဟာ အရင်ဆုံး ထိုင်ပြီး အတွေး​တွေ စုစည်း​လိုက်တယ်။ အဲဒီနောက် “နေရင်းပြည်​နဲ့ ဆွေမျိုးသားချင်း​တွေကို ထားခဲ့​ပြီး ငါ​ပြ​မယ့်​ပြည်​ကို သွား​ပါ” ဆိုပြီး ယေဟောဝါ ပြောတဲ့​အကြောင်း ပြောပြတယ်။ (တမန်တော် ၇:၂၊ ၃) စိတ်တည်ငြိမ်​သွားတဲ့​နောက် ယေဟောဝါ​ပေးတဲ့ တာဝန်​အကြောင်း သူတို့ တွေးတော​မှန်းဆ​ကြ​တယ်။ သက်သောင့်သက်သာ​ဘဝကို စွန့်ပြီး အခြေ​တ​ကျ​မရှိ၊ လှည့်လည်​သွားလာ​ရတဲ့​ဘဝနဲ့ နေရ​တော့မယ်။ စာရာ ဘယ်လို​များ တုံ့ပြန်​မလဲ။ အာဗြဟံ​က သူ့ကို အသေအချာ စိုက်ကြည့်​နေ​မှာ သေချာ​တယ်။ ဘဝ​မှာ ဒီလို​မျိုး​ ကြီးမား​တဲ့​အပြောင်းအလဲ ကြုံရ​တဲ့အခါ သူ ကြည်ကြည်ဖြူဖြူ ထောက်မပေး​ပါ့​မလား။

စာရာ​ရင်ဆိုင်​နေရတဲ့ ရွေးချယ်မှု​ဟာ ကျွန်တော်တို့​နဲ့ မသက်ဆိုင်​ပုံ​ရတယ်။ ‘ဘုရားသခင်​က ကျွန်တော် ဒါမှမဟုတ် ကျွန်တော့်​အိမ်ထောင်ဖက်​ကို အဲဒီလို လုပ်​ခိုင်း​မှာ မဟုတ်ပါဘူး’ လို့ တွေးမိ​နိုင်တယ်။ တကယ်တော့ ကျွန်တော်တို့အားလုံး အဲဒီလို​ရွေးချယ်မှု​မျိုး ရင်ဆိုင်​နေရတယ် မဟုတ်လား။ ရုပ်ပစ္စည်း​အဓိကထား​တဲ့ လောကမှာ ကျွန်တော်တို့ အသက်ရှင်နေ​ရတယ်။ ဒီလောက​ဟာ ကိုယ်​သက်သောင့်သက်သာ​ဖြစ်​ရေး၊ စည်းစိမ်​ပိုင်ဆိုင်ရေး၊ ကိုယ့်​လုံခြုံမှု​ရှိ​ရေး​ကိုပဲ ဦးစားထား​ဖို့ အားပေးနိုင်တယ်။ ကျမ်းစာက​တော့ ဝတ်ပြုရေး​ကို ဦးစားထား​ဖို့၊ ကိုယ့်​အကြိုက်​ထက် ဘုရား ကြိုက်​တာ​ကို ဦးစားထား​ဖို့ အားပေး​တယ်။ (မဿဲ ၆:၃၃) စာရာ​လုပ်ဆောင်​ခဲ့တာ​ကို တွေးကြည့်​ရင်း ‘ငါ​သာ​ဆိုရင် ဘာကို ရွေးချယ်​မလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးနိုင်တယ်။

သူတို့ “ပြည်​က​နေ ထွက်” သွားခဲ့​ကြ

စာရာ​ဟာ အထုပ်အပိုး​တွေ ပြင်​ရင်း ဘာတွေ သယ်သွား​ပြီး ဘာတွေ ထားခဲ့​ရ​မလဲဆိုတာ ဝေခွဲမရ​ဖြစ်နေ​တယ်။ မြည်း​တွေ၊ ကုလားအုတ်​တွေ မ​သယ်​နိုင်တဲ့၊ လှည့်လည်​သွားလာ​သူတွေ​ရဲ့ ဘဝနဲ့ မအပ်စပ်​တဲ့ ပစ္စည်း​တွေကို ယူသွား​လို့ မဖြစ်​ဘူး။ ပိုင်ဆိုင်ရာ​အတော်များများကို ရောင်း​တန်​ရောင်း၊ ပေး​တန်​ပေး လုပ်​ရတော့​မယ်။ မြို့မှာ​နေထိုင်​ရတဲ့​ဘဝဟာ ဘာ​မဆို အဆင်ပြေ​တယ်။ ကောက်နှံ၊ အသား၊ သစ်သီး၊ အဝတ်​အထည်​နဲ့ တခြား​အသုံးအဆောင် ပစ္စည်းပစ္စယ​တွေ အလွယ်တကူ ဝယ်ယူ​နိုင်တဲ့ ဈေး​တွေလည်း ရှိတယ်။ အခုတော့ အဲဒါတွေကို ထားရစ်​ခဲ့ရ​တော့မယ်။

ဇိမ်ကျ​ကျနေ​နိုင်တဲ့​အိမ်​ကို စာရာ စွန့်လွှတ်​ခဲ့တာ ယုံကြည်ခြင်းရှိ​လို့ပဲ

စာရာ​အတွက်တော့ သူ့အိမ်ကို စွန့်ခွာ​ဖို့​က ပို​ခက်ခဲ​နိုင်တယ်။ ရှေးဟောင်း​သုတေသန​ပညာရှင်တွေ ဥရမြို့​မှာ တူးဖော်​တွေ့ရှိ​ရတဲ့ အိမ်​တွေ​အတိုင်း​သာ​ဆိုရင် စာရာ​ဟာ တကယ်​ဇိမ်ကျ​တဲ့​ဘဝကို စွန့်လွှတ်​ခဲ့ရ​မှာပဲ။ တချို့​အိမ်​တွေ​ဆိုရင် အခန်း​အများကြီး ရှိတယ်။ ရေပန်း​နဲ့ ရေ​ပိုက်လိုင်း​စနစ်​တွေလည်း ရှိတယ်။ သာမန်လူ​တန်းစား​တွေရဲ့ အိမ်​မှာတောင် အမိုး​အကာ အခိုင်အခံ့​ရှိတယ်။ ကန့်​လန့်​ကျင်​ပါတဲ့ တံခါး​တွေ​ရှိတယ်။ တဲ​နဲ့​နေမယ်​ဆိုရင် သူခိုး​ဓားပြ​ရန်​က​နေ အကာအကွယ်​ရနိုင်​ပါ့​မလား။ အဲဒီအချိန်​တုန်းက အဲဒီ​နယ်မြေ​တွေမှာ ကျက်စား​တဲ့ ခြင်္သေ့၊ ကျားသစ်၊ ဝက်ဝံ၊ ဝံပုလွေ​တွေရဲ့ ရန်​က​နေ အကာအကွယ် ရနိုင်​ပါ့​မလား။

မိသားစုနဲ့​ပတ်သက်​ရင်​ကော။ ဘယ်သူ​တွေကို စာရာ ထားရစ်​ခဲ့ရ​မလဲ။ “နေရင်းပြည်​နဲ့ ဆွေမျိုးသားချင်း​တွေကို ထားခဲ့” ပါ​ဆိုတဲ့ ဘုရားသခင်ရဲ့ မိန့်မှာချက်​ကို နာခံဖို့ စာရာ​အတွက် ခက်ခဲ​မှာပဲ။ လှိုက်လှဲ​ဖော်ရွေ​တဲ့ စာရာ​မှာ သံယောဇဉ်​တွယ်​ရမယ့် မောင်နှမ၊ တူ/တူမ၊ ဦးလေး/အဒေါ်​တွေ ရှိ​မှာပဲ။ သူတို့နဲ့ ပြန်ဆုံ​ချင်​မှ ဆုံ​ရတော့​မယ်။ ဒါပေမဲ့ စာရာ​ဟာ သတ္တိရှိရှိ ရှေ့​ဆက်​ခဲ့တယ်။ ဒီလိုနဲ့ အသင့်ပြင်​ရင်း ထွက်ခွာ​မယ့်​ရက် နီး​သည်ထက် နီး​လာတယ်။

စာရာ​ဟာ အခက်အခဲ​တွေ​ရှိပေမဲ့ အထုပ်အပိုး​တွေနဲ့ သွားဖို့ အသင့်​ဖြစ်နေ​တယ်။ အသက်​နှစ်​ရာ​လောက်​ရှိတဲ့ ဖခင်​တေရ​လည်း အာဗြဟံ၊ စာရာ​နဲ့အတူ လိုက်ပါ​လာတယ်။ (ကမ္ဘာဦး ၁၁:၃၁) သက်ကြီးရွယ်အို ဖခင်​ကို ကြည့်ရှုစောင့်ရှောက်​ဖို့ စာရာ အလုပ်များ​နေ​ခဲ့မှာပဲ။ ​ယေဟောဝါရဲ့​စကားကို နာခံပြီး “ခါလဒဲ​ပြည်​က​နေ ထွက်” လာတဲ့အခါ လောတ​လည်း အတူ​ပါ​လာတယ်။—တမန်တော် ၇:၄

ဦးဆုံး၊ ယူဖရေးတီး​မြစ်​ကြောင်း​အတိုင်း သွားပြီး အနောက်မြောက်​ဘက် မိုင် ၆​၀၀ (၉၆၀ ကီလိုမီတာ) လောက်မှာ​ရှိတဲ့ ခါရန်မြို့​ကို ရောက်လာ​တယ်။ အဲဒီမှာ အချိန်အတော်ကြာ နေထိုင်​ကြ​တယ်။ တေရ​ဟာ နေမကောင်း​ဖြစ်ပြီး ခရီး​မ​ဆက်​နိုင်​တော့ဘူး။ တေရ အသက် ၂၀၅ နှစ်မှာ ကွယ်လွန်​သွားတယ်။ အဲဒီအချိန်​ထိ ခါရန်မြို့​မှာ သူတို့ နေထိုင်ခဲ့​ကြ​တယ်။ ခရီး​မ​ဆက်​ခင် တစ်ချိန်ချိန်​မှာ ယေဟောဝါက အာဗြဟံ​ကို ဒီ​ပြည်​က​နေ ထွက်​ပြီး သူ​ပြ​မယ့်​ပြည်​ကို သွားဖို့ ပြောတယ်။ ဒီ​တစ်ကြိမ်​မှာတော့ ဘုရားသခင်​က ‘မင်း​ကို လူမျိုး​ကြီး​ဖြစ်စေ​မယ်’ ဆိုပြီး စိတ်လှုပ်ရှားစရာ ကတိ​တစ်ခု ပေးခဲ့တယ်။ (ကမ္ဘာဦး ၁၂:၂-၄) ခါရန်မြို့​က​နေ ထွက်ခွာ​လာ​ချိန်မှာ အာဗြဟံ​အသက် ၇၅ နှစ်၊ စာရာ​အသက် ၆​၅ နှစ်​ရှိနေ​ပြီး ကလေး​တော့ မရှိဘူး။ အာဗြဟံ​ဟာ ဘယ်လို​လုပ်ပြီး လူမျိုး​ကြီး ဖြစ်နိုင်​မှာ​လဲ။ နောက်​မိန်းမ ယူရ​မှာ​လား။ အဲဒီအချိန်​တုန်းက မယား​အများယူ​တာဟာ သာမန်​ဓလေ့​ပဲ။ ဒါကြောင့် စာရာ​ဟာ အဲဒီ​အကြောင်း တွေး​နေ​မှာပဲ။

ဘာ​ပဲ​ဖြစ်ပါ​စေ သူတို့ ခါရန်မြို့​က​ထွက်​ပြီး ခရီးဆက်​ခဲ့တယ်။ သူတို့နဲ့အတူ ဘယ်သူ​တွေ ပါ​လာ​သလဲ။ အာဗြဟံ​ဟာ စုဆောင်း​ထားတဲ့ ပစ္စည်းဥစ္စာ​တွေ၊ “ခါရန်မြို့​မှာ​ရရှိ​ခဲ့တဲ့ လူတွေ” နဲ့အတူ ထွက်ခွာ​သွားတယ်​လို့ ကျမ်းစာ​ပြောတယ်။ (ကမ္ဘာဦး ၁၂:၅) အဲဒီ​လူတွေဟာ ဘယ်သူ​တွေလဲ။ အများ​အားဖြင့် ကျွန်​တွေ​ဖြစ်နိုင်တယ်။ အာဗြဟံ​နဲ့ စာရာ​ဟာ သူတို့ရဲ့​ယုံကြည်ချက်​အကြောင်း နားထောင်​ချင်​သူတွေကို ပြောပြခဲ့မှာ​ပဲ။ ရှေးခေတ် ဂျူးလူမျိုး ကျမ်းပညာရှင်​တချို့က ဒီ​အခန်းငယ်​မှာ ဖော်ပြထားတဲ့​လူတွေဟာ အာဗြဟံ၊ စာရာ​တို့​နဲ့အတူ ယေဟောဝါကို ကိုးကွယ်​လာတဲ့ ဘာသာပြောင်းဝင်​လာ​သူတွေ ဖြစ်တယ်လို့ ပြော​ကြ​တယ်။ ခိုင်မာ​တဲ့​ယုံကြည်ခြင်းရှိ​သူ စာရာ​ဟာ သူ့ရဲ့​ဘုရား၊ သူ့ရဲ့​မျှော်လင့်ချက်​အကြောင်း တခြားသူတွေကို ပြောပြတဲ့အခါ ယုံကြည်စိတ်ချမှု​အပြည့်​နဲ့ ပြောခဲ့​မှာပဲ။ ယုံကြည်ခြင်း​နဲ့ မျှော်လင့်ခြင်း အလွန်​ကင်းမဲ့​နေတဲ့​ခေတ်မှာ အသက်ရှင်နေ​ရတဲ့ ကျွန်တော်တို့ဟာ စာရာ​ရဲ့​ပုံနမူနာ​ကို တွေးတောဆင်ခြင်​သင့်တယ်။ ကျမ်းစာက​နေ တစ်ခုခု​သိလာတဲ့​အ​ခါ သူတစ်ပါး​ကို ပြောပြ​နိုင်မလား။

‘အီဂျစ်ပြည်​ကို ဆင်း​သွား’

ဘီစီ ၁၉​၄၃၊ နိသန်​လ ၁၄ ရက်​လောက်မှာ သူတို့ဟာ ယူဖရေးတီး​မြစ်​ကို ဖြတ်ကူး​ပြီးနောက် တောင်ဘက်​အတိုင်း ဘုရားသခင် ကတိပေး​ထားတဲ့​ပြည်​ကို သွား​ကြ​တယ်။ (ထွက်မြောက်ရာ ၁၂:၄၀၊ ၄၁) အဲဒီ​ပြည်​ရဲ့ အလှအပ၊ မျိုး​ပေါင်းစုံ​လင်​မှု၊ သာယာ​တဲ့​ရာသီဥတု​ကို ခံစား​ရင်း ဟိုဟိုဒီဒီ​ကြည့်​နေတဲ့ စာရာ​ကို မြင်ယောင်ကြည့်​ပါ။ ရှေခင်​မြို့အနီး မော​ရေ​ဒေသက သစ်ပင်​ကြီး​တွေ​နား​မှာ အာဗြဟံ​ဆီ ယေဟောဝါ ရောက်လာ​တယ်။ ဒီ​တစ်ခေါက်​မှာတော့ “မင်း​ရဲ့​မျိုးနွယ်​ကို ဒီ​ပြည် ငါ​ပေးမယ်” လို့ပြောတယ်။ “မျိုးနွယ်” ဆိုတဲ့​စကားလုံး​ဟာ အာဗြဟံ​အတွက် အဓိပ္ပာယ်​အများကြီး ရှိခဲ့​မှာပဲ။ တစ်နေ့​ကျ​ရင် မျိုးနွယ်​တစ်ဦး​က စာတန်​ကို ဖျက်ဆီး​ပစ်​မယ်ဆို​ပြီး ဧဒင်​ဥယျာဉ်​မှာ ယေဟောဝါ ကြိုဟော​ခဲ့တဲ့​အကြောင်း သူ​ပြန်တွေး​မိမှာ သေချာ​တယ်။ အာဗြဟံ​ဆီက ဆင်းသက်လာ​မယ့် လူမျိုးဟာ လူအားလုံး ကောင်​ချီး​ခံစားရ​ဖို့ လမ်းဖွင့်​ပေးမယ်လို့ ယေဟောဝါ ပြောခဲ့​ပြီးသား​ပဲ။—ကမ္ဘာဦး ၃:၁၅။ ၁၂:၂၊ ၃၊ ၆၊ ၇

ဒါပေမဲ့ သူတို့ဟာ ဒီလောက​ရဲ့ ဒုက္ခ​တွေကနေ မလွတ်ကင်း​ခဲ့ဘူး။ ခါနန်ပြည်​မှာ အငတ်ဘေး​ဆိုက်​တဲ့အခါ အာဗြဟံ​ဟာ မိသားစုနဲ့​အတူ တောင်ဘက်​မှာရှိတဲ့ အီဂျစ်​ကို​သွားဖို့ ဆုံးဖြတ်​တယ်။ ဒါပေမဲ့ အဲဒီ​ဒေသ​မှာ အန္တရာယ်​ကြုံရ​နိုင်တယ်​ဆိုတာ သူ​သိတယ်။ ဒါကြောင့် “မိန်းမ​ရေ၊ နားထောင်ပါ​ဦး။ မင်းဟာ မိန်းမ​ချော​ဆိုတော့၊ အီဂျစ်ပြည်​သားတွေ မြင်ရင် ‘ဒါ သူ့​မိန်းမ​ပဲ’ ဆိုပြီး ကိုယ့်ကို သတ်​မှာပေါ့။ မင်း​ကိုတော့ အသက်ချမ်းသာ​ပေးမှာ။ ဒီတော့ ကိုယ့်​ညီမ​လို့ပြော​ပါ မိန်းမ​ရာ။ ဒါမှ ကိုယ်​လည်း မင်း​ကြောင့် ကောင်းစား​ပြီး အသက်ချမ်းသာ​ရာ​ရမှာ” လို့ စာရာ​ကို ပြောတယ်။ (ကမ္ဘာဦး ၁၂:၁၀-၁၃) အာဗြဟံ ဘာကြောင့် အဲဒီ​လို​တောင်းဆို​ရတာလဲ။

အာဗြဟံ​ဟာ ဝေဖန်ရေးသမား​တွေ စွပ်စွဲ​သလို လူ​လိမ်​လူ​ညာ၊ သူရဲ​ဘောကြောင်သူ မဟုတ်ပါဘူး။ တကယ်​လည်း စာရာ​ဟာ သူ့ရဲ့ အဖေ​တူ အမေ​ကွဲ ညီမ​ပါပဲ။ အာဗြဟံ သတိရှိ​တာဟာ အကြောင်းကောင်း​ရှိတယ်။ အာဗြဟံ​ဆီကနေ အထူး​မျိုးနွယ်​နဲ့ လူမျိုးတစ်မျိုး ဆင်းသက်လာ​မယ်ဆို​တဲ့ ဘုရားသခင့်​ရည်ရွယ်ချက်​ထက် အရေးကြီး​တာ ဘာမှ​မရှိ​မှန်း အာဗြဟံ​နဲ့ စာရာ သိထား​တယ်။ ဒါကြောင့် အာဗြဟံ ဘေးကင်းလုံခြုံ​ဖို့​ဟာ အဓိက​ဖြစ်နေ​တယ်။ ရှေးဟောင်း​သုတေသန တွေ့ရှိချက်​တွေ​အရ အီဂျစ်နိုင်ငံ​မှာရှိတဲ့ ဩဇာ​အာဏာ​ရှိသူ​တွေဟာ သူတစ်ပါး​ဇနီးကို သိမ်းယူ​ပြီး ခင်ပွန်းကို သတ်ပစ်​တဲ့​ထုံးစံ ရှိတယ်။ ဒါကြောင့် အာဗြဟံ​ဟာ အမြော်အမြင်​ရှိရှိ လုပ်ဆောင်​ခဲ့တယ်။ စာရာ​လည်း နှိမ့်ချစိတ်​နဲ့ ပူးပေါင်းလုပ်ဆောင်​ခဲ့တယ်။

မကြာ​ပါဘူး၊ အာဗြဟံ စိုးရိမ်​တဲ့အတိုင်း တကယ်​ဖြစ်လာတယ်။ ဖာရော​ရဲ့ မှူးမတ်​တွေ​က စာရာ အရွယ်​နဲ့​မ​လိုက်​အောင် သိပ်​လှ​နေတာကို သတိထား​မိတယ်။ ဒါကြောင့် ဖာရော​ကို လျှောက်တင်​တဲ့အခါ စာရာ​ကို ခေါ်​ခဲ့​ဖို့ ဖာရော အမိန့်​ပေးတယ်။ အာဗြဟံ ဘယ်လောက် စိတ်သောက​ရောက်နေ​မလဲ၊ စာရာ ဘယ်လောက် စိုးရိမ်ကြောက်ရွံ့​နေ​မလဲဆိုတာ မြင်ယောင်ကြည့်​နိုင်တယ်။ ဒါပေမဲ့ စာရာ​ကို ဓား​စာ​ခံ​တစ်ယောက်​လို မဟုတ်ဘဲ ဂုဏ်အသရေ​ရှိ ဧည့်သည်​လို ဆက်ဆံပုံ​ရတယ်။ ဖာရော​ဟာ စည်းစိမ်ချမ်းသာ​တွေ ပြပြီး ဆွဲဆောင်​မယ်၊ အဲဒီနောက် အစ်ကို​ဖြစ်သူ​နဲ့ ညှိ​နှိုင်း​ပြီး ဇနီး​အဖြစ် သိမ်းပိုက်​မယ်လို့ စီစဉ်​ထား​ပုံ​ရတယ်။—ကမ္ဘာဦး ၁၂:၁၄-၁၆

နန်းတော်​ပြတင်းပေါက် ဒါမှမဟုတ် လ​သာ​ဆောင်​က​နေ အီဂျစ်​ရဲ့ ရှုခင်း​တွေကို ကြည့်​နေတဲ့ စာရာ​ရဲ့​အဖြစ်​ကို တွေးကြည့်​လိုက်ပါ​ဦး။ စားကောင်းသောက်ဖွယ် အ​လျှံ​ပယ်​နဲ့ အမိုး​အကာ​အောက် လုံလုံ​ခြုံခြုံ​နေရတဲ့​ဘဝ ပြန်ရောက်​သွား​တဲ့အခါ သူ ​ဘယ်လို​ခံစား​ရ​မလဲ။ ဇိမ်ကျ​တဲ့​ဘဝ၊ ဥရမြို့​မှာ နေတုန်း​က​ထက် ခမ်းနားထည်ဝါ​တဲ့​ဘဝမျိုး​မှာ နေချင်​စိတ်​တွေ ပေါ်လာ​မလား။ အာဗြဟံ​ကို ထားခဲ့​ပြီး ဖာရော​နဲ့​လက်ထပ်​လိုက်ရင် စာတန် ဘယ်လောက် သဘောကျ​မလဲဆိုတာ မြင်ယောင်ကြည့်​လိုက်ပါ။ စာရာ အဲဒီလို မလုပ်​ခဲ့ဘူး။ ခင်ပွန်း​အာဗြဟံ​နဲ့ ဘုရားသခင်​အပေါ် သစ္စာစောင့်သိ​ခဲ့တယ်။ အကျင့်ပျက်​တဲ့ ဒီ​လောကမှာ အိမ်ထောင်သည်​တိုင်း​သာ အဲဒီလို သစ္စာရှိ​ရင် သိပ်ကောင်း​မှာပဲ။ သင်​ချစ်ရသူ​တွေ၊ မိတ်ဆွေတွေ​အပေါ် စာရာ​လိုပဲ သစ္စာစောင့်သိ​နိုင်မလား။

နန်းတွင်း​စည်းစိမ်​တွေနဲ့ သွေးဆောင်​ခံရ​ပေ​မဲ့ အိမ်ထောင်ဖက်​အပေါ် စာရာ သစ္စာရှိ​ခဲ့

ဖာရောမင်း​နဲ့ သူ့​မိသားစု​ကို ဘေးဆိုး​တွေနဲ့ ဒဏ်ခတ်ခြင်း​အားဖြင့် ဒီ​ချစ်စရာ​ကောင်းတဲ့ အမျိုးသမီး​ကို ယေဟောဝါ ကာကွယ်​ပေးခဲ့တယ်။ စာရာ​ဟာ အာဗြဟံ​ရဲ့​ဇနီး​ဖြစ်မှန်း ဖာရော​သိသွား​တဲ့အခါ သူ့​ယောက်ျား​ဆီ ပြန်ပို့​ပြီး တစ်​မိသားစု​လုံးကို အီဂျစ်ပြည်​က ထွက်ခွာ​ခိုင်း​တယ်။ (ကမ္ဘာဦး ၁၂:၁၇-၂၀) သူ့ရဲ့​ချစ်ဇနီး ပြန်ရောက်​လာတဲ့အတွက် အာဗြဟံ ဘယ်လောက်​တောင် ဝမ်းသာ​လိုက်​မလဲ။ ‘မင်းဟာ မိန်းမ​ချော​ဆိုတာ ကိုယ်​သိတယ်’ လို့ သူ​ပြောခဲ့​ဖူးတယ်။ တကယ်တော့ စာရာ​မှာရှိတဲ့ နောက်​အလှ​တစ်မျိုး​ကို သူ​ပိုတန်ဖိုး​ထားတယ်။ သူ့​ဇနီးဟာ ရုပ်​အဆင်း​သာမက စိတ်ထား​ပါ လှတဲ့​သူ​ပဲ။ အဲဒီလို​စိတ်ထား​အလှ​ဟာ ယေဟောဝါ​ရှေ့မှာ အဖိုးတန်တယ်။ (၁ ပေတရု ၃:၁-၅) အဲဒီလို​စိတ်ထား​လှ​အောင် ကျွန်တော်တို့အားလုံး ကြိုးစား​နိုင်တယ်။ ရုပ်ပစ္စည်း​ထက် ဘုရားနဲ့​ဆက်ဆံရေးကောင်း​ရှိ​ဖို့ ဦးစားထား​မယ်၊ ဘုရားသခင်​အကြောင်း တခြားသူတွေကို ပြောပြ​မယ်၊ သွေးဆောင်မှု​တွေ ကြုံရ​ရင်​လည်း ဘုရား​ချမှတ်​ထားတဲ့ စာရိတ္တစံနှုန်း​တွေကို သစ္စာရှိရှိ လိုက်နာ​မယ်ဆိုရင် စာရာ​ရဲ့​ယုံကြည်ခြင်း​ကို အတုယူ​ရာ ရောက်​ပါလိမ့်မယ်။

^ စာပိုဒ်၊ 3 အရင်တုန်းက သူတို့ကို အာဗြံ​နဲ့ စာရဲ​လို့ ခေါ်တယ်။ နောက်ပိုင်း ယေဟောဝါ​ပေးတဲ့​နာမည်ကို​ပဲ လူသိများ​တယ်။—ကမ္ဘာဦး ၁၇:၅၊ ၁၅

^ စာပိုဒ်၊ 8 စာရာ​ဟာ အာဗြဟံ​ရဲ့ အဖေ​တူ အမေ​ကွဲ ညီမ​ဖြစ်တယ်။ (ကမ္ဘာဦး ၂၀:၁၂) အခုခေတ်​မှာ အဖေ​တူ အမေ​ကွဲ ညီမ​နဲ့ လက်ထပ်​တာဟာ မသင့်​တော်​ဘူး။ အဲဒီခေတ်​တုန်းက အခုခေတ်​နဲ့ မတူဘူး​ဆိုတာ သိထား​ဖို့ အရေးကြီးတယ်။ လူသားတွေ​ဟာ အာဒံနဲ့ ဧဝ ရရှိ​ပြီး ဆုံးၡုံး​ခဲ့တဲ့ စုံလင်မှု​နဲ့ နီး​နေ​သေးတယ်။ ကျန်းမာ​ကြံ့ခိုင်​တဲ့​လူတွေ သွေး​နီး​သူ​ချင်း လက်ထပ်​လိုက်လို့ မွေး​လာတဲ့​ကလေး မျိုးရိုးဗီဇ​ချို့ယွင်း​တဲ့ အန္တရာယ် မရှိ​နိုင်​ဘူး။ နောက်​အနှစ် ၄၀၀ လောက်​အကြာ​မှာ လူတွေဟာ စုံလင်မှု​နဲ့ အလှမ်းဝေး​သွား​ပြီ။ အဲဒီအချိန်​မှာတော့ သွေး​နီး​သူ​ချင်း ပေါင်းဖက်​တာ​ကို မောရှေ​ပညတ်​က တားမြစ်​တယ်။—ဝတ်ပြုရာ ၁၈:၆