မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာသစ်မှာ အသက်ရှင်ခွင့် ရနိုင်ပုံ

ကမ္ဘာသစ်မှာ အသက်ရှင်ခွင့် ရနိုင်ပုံ

ဘုရားတရားမဲ့တဲ့ ဒီလူ့အဖွဲ့အစည်းနဲ့ ပြဿနာတွေ အားလုံးကို ဘုရားသခင် မကြာခင် ဖယ်ရှားတော့မယ်လို့ ပြီးခဲ့တဲ့ ဆောင်းပါးတွေမှာ သိခဲ့ရတယ်။ အဲဒီလို တကယ် ဖြစ်လာမယ်ဆိုတာ စိတ်ချပါ။ ဘာကြောင့်လဲ။ ဘုရားရဲ့ စကားတော် သမ္မာကျမ်းစာမှာ ဒီလို ကတိပေးထားတယ်–

‘ဒီလောက ရွေ့သွားကွယ်ပျောက်နေတယ်။’—၁ ယောဟန် ၂:၁၇

အသက်ရှင် လွတ်မြောက်မယ့်သူတွေ ရှိမယ်ဆိုတာ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီကျမ်းချက်မှာပဲ ဒီလို ကတိပေးထားတယ်–

“ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်တဲ့သူကတော့ အမြဲ တည်တယ်။”

ဒါကြောင့် အသက်ရှင် လွတ်မြောက်ချင်တယ်ဆိုရင် ဘုရားရဲ့ အလိုတော်အတိုင်း လုပ်ဆောင်ရမယ်။ ဘုရားရဲ့ အလိုတော်ကို သိဖို့ အရင်ဆုံး ဘုရားအကြောင်း သိကျွမ်းဖို့ လိုတယ်။

ဘုရားသခင်ကို “သိကျွမ်း” ခြင်းအားဖြင့် အသက်ရှင် လွတ်မြောက်နိုင်

‘ထာဝရအသက် ရနိုင်ဖို့ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့ ဘုရားသခင်ကို သိကျွမ်းကြရမယ်’ လို့ ယေရှု ပြောခဲ့တယ်။ (ယောဟန် ၁၇:၃) ဒီလောက ဖျက်ဆီးခံရချိန်မှာ ကပ်ကျော်လွတ်မြောက်ပြီး ထာဝစဉ် အသက်ရှင်ဖို့ ဘုရားသခင်ကို “သိကျွမ်း” ရမယ်။ ဘုရားသခင် ရှိတယ်ဆိုတာ ယုံကြည်ရုံ၊ ဘုရားအကြောင်း အနည်းငယ် သိရုံနဲ့ မလုံလောက်ဘူး။ ဘုရားသခင်နဲ့ ရင်းနှီးဖို့ လိုတယ်။ ရင်းနှီးမှု နှောင်ကြိုး ခိုင်မြဲလာဖို့ဆိုရင် အချိန်ပေးဖို့ လိုတယ်။ ဘုရားသခင်နဲ့ ရင်းနှီးမှု နှောင်ကြိုး ဖွဲ့တာလည်း အဲဒီအတိုင်းပါပဲ။ ဘုရားသခင်နဲ့ မိတ်ဆွေဖွဲ့ပြီး ရင်းနှီးမှု နှောင်ကြိုး ဆက်ခိုင်မြဲအောင် ကူညီပေးမယ့် ကျမ်းစာ အမှန်တရား တချို့ကို လေ့လာကြည့်ရအောင်။

ဘုရားစကားတော် သမ္မာကျမ်းစာကို နေ့စဉ် ဖတ်ပါ

ဒီလောက ကွယ်ပျောက်ချိန်မှာ အသက်ရှင်လွတ်မြောက်ဖို့ ဘုရားဆီ ဆုတောင်းပါ၊ ဘုရားအလိုတော် ဆောင်ပါ

အသက်ဆက်ရှင်ဖို့ ပုံမှန် အစာစားရတယ်။ ယေရှုကတော့ ဒီလို ပြောခဲ့တယ်– “လူဟာ အစားအစာနဲ့ပဲ အသက်ရှင်ရမှာ မဟုတ်ဘူး၊ ယေဟောဝါရဲ့ နှုတ်ထွက်စကား မှန်သမျှနဲ့ အသက်ရှင်ရမယ်။”—မဿဲ ၄:၄

ဘုရားသခင့် စကားတော်ကို ကျမ်းစာမှာ တွေ့ရတယ်။ သမ္မာကျမ်းစာကို လေ့လာမယ်ဆိုရင် ရှေးခေတ်၊ လက်ရှိနဲ့ အနာဂတ်မှာ လူတွေအတွက် ဘုရားသခင် လုပ်ပေးတဲ့ အရာတွေကို သိရပါမယ်။

အကူအညီ ရဖို့ ဘုရားဆီ ဆုတောင်းပါ

ဘုရားသခင့် လမ်းညွှန်ချက်ကို လိုက်နာချင်ပေမဲ့ ဘုရား မကြိုက်တဲ့ အရာတွေကိုပဲ ဆက်လုပ်မိနေတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။ ဘုရားသခင်ကို သိကျွမ်းမယ်ဆိုရင် အထောက်အကူ ရပါလိမ့်မယ်။

ဆာကူရာလို့ ကျွန်တော်တို့ ခေါ်မယ့် အကျင့်ပျက် အမျိုးသမီးတစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ ကျမ်းစာကို သူ စလေ့လာတဲ့အခါ “လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေး ရှောင်ကြပါ” ဆိုတဲ့ ဘုရားရဲ့ ပညတ်ကို သိလာတယ်။ (၁ ကောရိန္သု ၆:၁၈) သူ့ရဲ့ အကျင့်ဆိုးတွေကို ဖျောက်ပစ်နိုင်တဲ့ ခွန်အားပေးပါလို့ ဘုရားသခင်ဆီ ဆာကူရာ ဆုတောင်းခဲ့တယ်။ သွေးဆောင်မှုတွေကိုတော့ တိုက်လှန်နေရဆဲပဲ။ သူ ဒီလိုပြောတယ်– “အကျင့်ပျက် အတွေးတွေ ဝင်လာတဲ့အခါ အဲဒါကို ကျွန်မဘာသာ မတိုက်လှန်နိုင်ဘူးလို့ ယေဟောဝါဆီ ဆုတောင်းပြီး ပွင့်ပွင့်လင်းလင်း ပြောပြတယ်။ ဆုတောင်းခြင်း တန်ခိုးကြောင့် ယေဟောဝါနဲ့ ကျွန်မ ပိုရင်းနှီးလာတယ်။” ဆာကူရာလိုပဲ သန်းနဲ့ချီတဲ့ လူတွေဟာ ဘုရားသခင်ကို သိလာကြတယ်။ သူတို့ရဲ့ အသက်တာကို ပြောင်းလဲပြီး ဘုရား နှစ်သက်တဲ့ လမ်းစဉ်အတိုင်း အသက်ရှင်နိုင်ဖို့ ဘုရားသခင် ခွန်အားပေးတယ်။—ဖိလိပ္ပိ ၄:၁၃

ဘုရားသခင်ကို သင် ပိုသိလာလေ ဘုရားကလည်း သင့်ကို မိတ်ဆွေကောင်းအဖြစ် သိလာလေပဲ။ (ဂလာတိ ၄:၉။ ဆာလံ ၂၅:၁၄) အဲဒါမှ ကယ်တင်ခံရပြီး ဘုရားသခင့် ကမ္ဘာသစ်ထဲ ဝင်စားခွင့် ရပါလိမ့်မယ်။ ကမ္ဘာသစ်က ဘယ်လိုမျိုးလဲ။ နောက်ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

a ယေဟောဝါဆိုတာ ကျမ်းစာမှာ ပါတဲ့ ဘုရားရဲ့ နာမည်ပါ။