မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ့်ကိုယ်ကိုယ် တလိုတလား ပေးဆက်ကြသူများ

ကိုယ့်ကိုယ်ကိုယ် တလိုတလား ပေးဆက်ကြသူများ

သတင်းကောင်း ဟော​ပြော​သူ ပို​လိုအပ်​တဲ့​နေရာ​တွေ​မှာ အမှု​ဆောင်​နေ​သူ အများစု​ဟာ တစ်ကိုယ်ရေ ညီ​အစ်မ​တွေ ဖြစ်​ကြ​တယ်။ တချို့​က တိုင်း​တစ်ပါး​မှာ အမှု​ဆောင်​နေ​တာ ဆယ်​စု​နှစ်​တွေ ရှိ​နေပြီ။ တိုင်း​တစ်ပါး​ကို ပြောင်း​ရွှေ့​ဖို့ သူတို့​ကို ဘာ​က ကူညီ​ပေးခဲ့​သလဲ။ တိုင်း​တစ်ပါး​မှာ အမှု​ဆောင်ခြင်း​ကနေ ဘာ​သင်ယူ​ခဲ့ကြ​သလဲ။ သူတို့​ရဲ့ အသက်​တာ ဘယ်လို ပြောင်း​လဲ​သွား​သလဲ။ အတွေ့​အကြုံ​ရှိတဲ့ ညီ​အစ်မ​တချို့​ကို လူ​တွေ့​မေးမြန်း​ထား​ပါတယ်။ သင်​ဟာ ကျေနပ်မှု​ပေးတဲ့ အမှုဆောင်​လုပ်ငန်း​မှာ ပါဝင်​ချင်​စိတ်​ပြင်းပြ​နေတဲ့ တစ်ကိုယ်ရေ ညီအစ်မ ဖြစ်​မယ်​ဆိုရင် သူတို့​ရဲ့ မှတ်ချက်​တွေ​ကနေ အကျိုး​ရရှိ​မှာ သေချာ​ပါ​တယ်။ တကယ်​တော့ သူတို့​ရဲ့ ပုံ​သက်သေ​ကနေ ဘုရား​သခင့် လူမျိုး​အားလုံး အကျိုး​ရရှိ​နိုင်တယ်။

စိုးရိမ်​ပူပန်​မှု​တွေ​ကို ကျော်လွှား​ခြင်း

အယ်နီတာ

တစ်ကိုယ်ရေ ရှေ့ဆောင်​အဖြစ် တိုင်း​တစ်ပါး​မှာ အောင်​မြင်​နိုင်​ပါ့​မလား​လို့ တွေးပူ​မိ​သလား။ အသက် ၇၅ နှစ် ရှိ​ပြီ​ဖြစ်တဲ့ အယ်နီတာ​ဟာ ကိုယ့်​အစွမ်းအစ​နဲ့ပတ်သက်ပြီး အတော့်​ကို စိုးရိမ်​ပူပန်​ခဲ့​တယ်။ အင်္ဂလန်​မှာ ကြီးပြင်း​လာပြီး အသက် ၁၈ နှစ်​မှာ ရှေ့ဆောင် စလုပ်​ခဲ့​တယ်။ “လူတွေ​ကို ယေဟောဝါ​အကြောင်း ပြောပြ​ရ​တာ ကြိုက်​ပေမဲ့ တိုင်း​တစ်ပါး​မှာ အမှု​ဆောင်​မယ်​လို့ တစ်ခါ​မှ မတွေး​ခဲ့ဘူး။ ဘာသာခြား​စကား မ​သင်ယူ​ခဲ့ဖူး​တဲ့​အပြင် သင်ယူ​နိုင်မယ်​လို့လည်း မထင်​ခဲ့ဘူး။ ဒါကြောင့် ဂိလဒ်​သင်တန်း တက်​ဖို့ ဖိတ်ခေါ်​ခံရတဲ့​အခါ ထိတ်​လန့်​အံ့ဩ​သွား​ခဲ့တယ်။ ကျွန်မ​လို ဘာ​မဟုတ်​တဲ့သူ​ကို​မှ ဖိတ်ခေါ်​ရ​သလား​ဆိုပြီး အံ့ဩ​မိ​တယ်။ ဒါပေမဲ့ ‘ငါ​လုပ်​နိုင်​မယ်​လို့ ယေဟောဝါ ထင်နေ​မှတော့ ကြိုးစား​ကြည့်ရ​မှာပေါ့’ လို့​တွေးမိ​တယ်။ အဲဒါ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်​ကပေါ့။ အဲဒီ​အချိန်​ကစပြီး ဂျပန်​နိုင်ငံ​မှာ သာသနာပြု​အဖြစ် အမှုဆောင်​ခဲ့​တယ်။ တစ်ခါ​တလေ ညီ​အစ်မငယ်​တွေ​ကို ‘ကျောပိုး​အိတ် လွယ်​ပြီး စွန့်စား​လိုက်​စမ်း​ပါ’ လို့ အားပေး​လေ့​ရှိတယ်။ အများစု အဲဒီ​အတိုင်း လုပ်ခဲ့ကြ​လို့ ဝမ်းသာ​စရာ​ပါပဲ” လို့ အယ်နီတာ ပြော​တယ်။

သတ္တိ​မွေးခြင်း

တိုင်း​တစ်ပါး​မှာ အမှု​ဆောင်​နေတဲ့ ညီ​အစ်မ​များစွာ​ဟာ အစပိုင်း​မှာတော့ တိုင်း​တစ်ပါး​ကို ပြောင်းရွှေ့​ဖို့ တွန့်ဆုတ်​ခဲ့​ကြတယ်။ သူတို့ ဘယ်လို သတ္တိ​မွေး​ခဲ့​ကြ​သလဲ။

မော်ရင်း

“ကြီးလာ​တဲ့​အခါ တခြားသူ​တွေ​ကို ကူညီ​ပေးတဲ့၊ အဓိပ္ပာယ်​ရှိတဲ့ အသက်​တာမျိုး လိုချင်​တယ်” လို့ အသက် ၆၅ နှစ် ရှိပြီ​ဖြစ်တဲ့ မော်ရင်း ပြော​ခဲ့တယ်။ သူဟာ အသက် ၂၀ ပြည့်တဲ့​အခါ ရှေ့ဆောင် ပိုလိုအပ်​နေ​တဲ့ ကနေဒါ​နိုင်ငံ၊ ကွီဘက်​မြို့​ကို ပြောင်းရွှေ့​ခဲ့​တယ်။ “နောက်ပိုင်း ဂိလဒ်​သင်တန်းတက်​ဖို့ ဖိတ်ခေါ်​ခံ​ရတယ်။ ဒါပေမဲ့ မိတ်ဆွေ​တွေ မပါ​ဘဲ နယ်မြေ​သစ်​ကို မ​သွား​ရဲဘူး။ လူ​မမာ​အဖေ့ကို ပြုစု​နေရတဲ့ အမေ့​ကို ထားခဲ့​ရမှာ​လည်း စိတ်​မချ​ဘူး။ ဒီ​အကြောင်း​တွေ​ကို ညပေါင်း​များစွာ ယေဟောဝါ​ဆီ မျက်ရည်​ကျပြီး ဆုတောင်း​ခဲ့​တယ်။ မိဘ​တွေ​ကို ပြော​ပြ​တော့ ဖိတ်​ခေါ်စာ​ကို လက်ခံ​ဖို့ တိုက်တွန်း​ကြ​တယ်။ ဒေသခံ​အသင်း​တော်​က​လည်း မိဘ​တွေ​ကို ကူညီ​ပေး​တယ်။ ယေဟောဝါ​ရဲ့ ဂရုစိုက်​စောင့်ရှောက်မှု​ကို မြင်​ရတဲ့​အခါ ကျွန်မ​ကို​လည်း ဂရုစိုက်​ပေးမယ်​ဆိုတာ စိတ်ချ​လာ​တယ်။ ဒီလိုနဲ့ သွား​ဖို့ အသင့်​ဖြစ်​လာတယ်” လို့ မော်ရင်း ပြော​တယ်။ ၁၉၇၉ ခုနှစ်​က​စပြီး အနောက်​အာဖရိက​မှာ သာသနာပြု​အဖြစ် အမှု​ဆောင်​နေတာ နှစ်ပေါင်း ၃၀ ကျော် ကြာ​နေပြီ။ အခု​တော့ ကနေဒါ​မှာ အမေ့​ကို ပြုစု​ရင်း အထူး​ရှေ့ဆောင်​အဖြစ် အမှု​ဆောင်​နေ​တုန်းပဲ။ တိုင်း​တစ်ပါး​မှာ အမှု​ဆောင်​ခဲ့တဲ့​နှစ်တွေ​ကို ပြန်​တွေးရင်း “ကျွန်မ လိုအပ်တဲ့​အရာ​ကို လိုအပ်​တဲ့​အချိန်​မှာ ယေဟောဝါ အမြဲ​ပေးခဲ့​တယ်” လို့ မော်ရင်း ပြော​တယ်။

ဝင်ဒီ

အသက် ၆၅ နှစ်​ရှိ​ပြီ​ဖြစ်​တဲ့ ဝင်ဒီ​ဟာ ဆယ်ကျော်သက်​အရွယ်​ကတည်းက ဩစတြေးလျ​မှာ ရှေ့ဆောင်​စ​လုပ်​ခဲ့​တယ်။ “ကျွန်မ​က ရှက်​တတ်​တော့ သူစိမ်း​တွေ​ကို စကား​ပြော​ဖို့ ခက်​တယ်။ ရှေ့ဆောင်​လုပ်ငန်း​ကြောင့် လူအမျိုးမျိုး​နဲ့ စကား​စမြည် ပြော​တတ်​လာပြီး ယုံကြည်​စိတ်ချ​မှု ရှိ​လာ​တယ်။ မ​ပြော​ရဲ​မ​ဆိုရဲ​တာမျိုး မ​ရှိ​တော့​ဘူး။ ယေဟောဝါ​ကို အားကိုး​တတ်​ဖို့ ရှေ့ဆောင်​လုပ်ငန်း​က သင်​ပေး​တယ်။ တိုင်း​တစ်ပါး​မှာ အမှု​ဆောင်​ဖို့ ပို​စိတ်ချ​လက်ချ ဖြစ်​လာ​တယ်။ ဂျပန်​မှာ သာသနာပြု​အဖြစ် နှစ်​ပေါင်း ၃၀ ကျော် အမှု​ဆောင်​ခဲ့​တဲ့ တစ်ကိုယ်​ရေ ညီ​အစ်မ​တစ်​ယောက်​က ဂျပန်​မှာ သုံး​လ​လောက် လာအမှု​ဆောင်​ကြည့်​ဖို့ ဖိတ်​ခေါ်​တယ်။ သူနဲ့​အတူ အမှု​ဆောင်​ရင်း တိုင်း​တစ်ပါး​ကို ပြောင်း​ရွှေ့​ချင်​စိတ် တိုး​များ​လာ​တယ်” လို့ ဝင်ဒီ ပြော​တယ်။ ၁၉၈၅ ခုနှစ်​လောက်​မှာ ဝင်ဒီ​ဟာ ဩစတြေးလျ​အရှေ့​ဘက် မိုင် ၁,၁၀၀ လောက်​ဝေး​တဲ့ ဗန်ဝါတူကျွန်း​ကို ပြောင်းရွှေ့​သွား​တယ်။

ဝင်ဒီ​ဟာ အခု​ထိ ဗန်ဝါတူမှာ ရှိနေသေးတယ်။ အခု ဘာသာပြန်​ရုံး​ခွဲ​မှာ အမှု​ဆောင်​နေ​တယ်။ “ဝေးလံတဲ့​ဒေသ​တွေ​မှာ အုပ်စု​တွေ၊ အသင်း​တော်​တွေ ဖြစ်​လာ​တာ​ကို မြင်​ရတာ အပျော်​ရွှင်​ရဆုံး​ပဲ။ ဒီကျွန်း​တွေ​မှာ လုပ်​ဆောင်​နေ​တဲ့ ယေဟောဝါ​ရဲ့ လုပ်ငန်း​မှာ အုတ်​တစ်ချပ် သဲ​တစ်ပွင့် ပါဝင်​ရတာ ဖော်​မပြ​နိုင်​လောက်တဲ့ အခွင့်ထူး​ပါပဲ” လို့​ပြော​တယ်။

ကူမီကို (အလယ်)

အသက် ၆၅ နှစ် ရှိပြီ​ဖြစ်တဲ့ ကူမီကို​ဟာ ဂျပန်​နိုင်ငံ​မှာ မှန်မှန်​ရှေ့ဆောင်​အဖြစ် အမှုဆောင်​နေတုန်း ရှေ့ဆောင်​အဖော်​က နီပေါ​နိုင်ငံ​ကို ပြောင်း​ရွှေ့​ဖို့ ပြော​တယ်။ “ခဏ​ခဏ ပြော​ပေမဲ့ အမြဲ ငြင်း​မိ​တယ်။ ဘာသာ​စကား​သစ် သင်​ရမှာ၊ အခြေအနေ​သစ်​နဲ့ နေသား​ကျ​အောင် လုပ်​ရမှာ​ကို စိုးရိမ်​တယ်။ ပြောင်း​ရွှေ့​စရိတ်​လည်း လို​သေး​တယ်။ အဲဒါ​တွေ​ကို တွေးပူ​နေ​တုန်း မော်တော်​ဆိုင်ကယ် မတော်​တဆ​ဖြစ်ပြီး ဆေးရုံ​ရောက်​သွား​တယ်။ အဲဒီ​တော့မှ ‘ရှေ့​မှာ ဘာ​ဖြစ်​ဦး​မလဲဆိုတာ​ ဘယ်သူ​မှ မသိ​ဘူး။ အသည်း​အသန် ဖျားနာ​ပြီး တိုင်း​တစ်ပါး​မှာ ရှေ့ဆောင်​လုပ်​ဖို့ အခွင့်​အရေး ဆုံးရှုံး​သွား​နိုင်​တယ်။ ဒါကြောင့် အနည်း​ဆုံး တစ်​နှစ်​လောက် တိုင်း​တစ်ပါး​မှာ ရှေ့ဆောင် မလုပ်​ကြည့်​နိုင်​ဘူး​လား’ လို့​စဉ်းစား​မိ​တယ်။ ကူညီ​ပေးဖို့ ယေဟောဝါ​ဆီ ထက်သန်​စွာ ဆုတောင်း​ခဲ့​တယ်။” ကူမီကို ဆေးရုံ​က ဆင်းတော့ နီပေါ​ကို သွား​လည်ပြီး နောက်ပိုင်း​မှာ ရှေ့ဆောင်​အဖော်​နဲ့​အတူ အဲဒီ​ကို ပြောင်း​ရွှေ့​သွား​ခဲ့​တယ်။

နီပေါ​မှာ ဆယ်​နှစ်​နီးပါး အမှု​ဆောင်​ပြီး​နောက် ကူမီကို ဒီလို​ပြော​တယ်– “ကျွန်မ စိုးရိမ်​တဲ့ ပြဿနာ​တွေ​ဟာ ပင်လယ်​နီ နှစ်ခြမ်း​ကွဲ​သလို ကွဲ​ပျောက်​ကုန်​တယ်။ ပို​လိုအပ်​တဲ့​နေရာ​မှာ အမှု​ဆောင်​ဖို့ ရွေးချယ်​ခဲ့လို့ ပျော်ရွှင်​မိ​တယ်။ အိမ်​တစ်အိမ်​မှာ ကျမ်းစာ​အကြောင်း ဟော​ရင် အိမ်​နီး​ချင်း ငါး​ယောက်​ခြောက်​ယောက်လောက် ဝိုင်း​နားထောင်​တတ်​ကြ​တယ်။ ကလေး​ငယ်​တွေ​တောင် ကျမ်းစာ​ဝေစာ​တွေ လာ​တောင်း​ကြ​တယ်။ တုံ့ပြန်မှု​ကောင်း​တဲ့ ရပ်ကွက်​မှာ ဟော​ပြော​ရ​တာ ပျော်ရွှင်​စရာ​ပါ​ပဲ။”

အခက်အခဲ​တွေ​ကို ရင်ဆိုင်​ဖြေရှင်း​ခြင်း

ကျွန်တော်​တို့ လူ​တွေ့​မေးမြန်း​ခဲ့တဲ့ သတ္တိ​ခဲ တစ်ကိုယ်ရေ ညီ​အစ်မ​တွေ​ဟာ အခက်အခဲ​တွေ ရင်ဆိုင်​ခဲ့​ကြ​ပါတယ်။ ဘယ်လို ဖြေရှင်းခဲ့ကြသလဲ။

ဒိုင်ယန်း

အခု အသက် ၆၂ နှစ်​ရှိပြီး အိုင်ဗရီကို့စ် (ကို့ဒီဗွား) မှာ အနှစ် ၂၀ လောက် သာသနာပြု​အဖြစ် အမှုဆောင်​ခဲ့တဲ့ ကနေဒါ​နိုင်ငံ​သူ ဒိုင်ယန်း အခု​လို ပြော​တယ်– “ပထမ​တော့ မိသားစု​နဲ့ ဝေး​နေလို့ တော်တော်​ခက်တယ်။ ဒါပေမဲ့ ကိုယ်​တာဝန်​ကျရာ​မှာ လူ​တွေ​ကို ချစ်တတ်​အောင် ကူညီ​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ခဲ့​တယ်။ ‘ကိုယ်​တာဝန်​ကျရာ​ဒေသ​ရဲ့ အခြေ​အနေ၊ အထူး​သဖြင့် ဆင်းရဲ​မွဲတေမှု​ကြောင့် အစပိုင်း​မှာ စိတ်ပျက်ပြီး လန့်​တောင်​လန့်​သွား​နိုင်​တယ်။ ဒါပေမဲ့ ဆင်းရဲ​တာ​ကို မကြည့်​နဲ့။ လူ​တွေ​ကို ကြည့်၊ သူတို့​ရဲ့ မျက်နှာ၊ သူတို့​ရဲ့ မျက်လုံး​တွေ​ကို ကြည့်ပါ။ ကျမ်းစာ​အမှန်​တရား​ကို ကြားတဲ့​အခါ ဘယ်လို တုံ့ပြန်​သလဲ​ဆိုတာ​ကို ကြည့်ပါ’ လို့ ဂိလဒ်​သင်တန်းမှူး ညီအစ်ကို ဂျက် ရက်ဖော့ဒ် ပြော​ခဲ့တယ်။ အဲဒီ​အတိုင်း လုပ်​ခဲ့လို့ ကောင်းချီး​ခံစား​ခဲ့ရတယ်။ နှစ်သိမ့်မှု​ပေးတဲ့ နိုင်ငံ​တော်​သတင်း ဟောပြော​တဲ့အခါ လူ​တွေရဲ့ မျက်လုံး တောက်ပ​လာတာ​ကို မြင်တွေ့​ရတယ်။” တိုင်းတစ်ပါး​မှာ အမှုဆောင်​နိုင်အောင် ဘာက ဒိုင်ယန်း​ကို ထပ်ဆင့် ကူညီ​ပေး​သလဲ။ “ကျမ်းစာ​သင်သား​တွေနဲ့ ရင်းနှီး​လာ​တယ်။ သူတို့ ယေဟောဝါ​ရဲ့ သစ္စာရှိ​ကျေးကျွန်​တွေ ဖြစ်​လာတာ​ကို မြင်​တွေ့​ရတဲ့​အခါ ဝမ်းသာ​အားရ ဖြစ်​မိ​တယ်။ ကိုယ်​တာဝန်​ကျတဲ့​နေရာ​က ကိုယ့်​အိမ်လို ဖြစ်​လာ​တယ်။ ယေ​ရှု ကတိ​ပေးခဲ့​သလို ခရစ်ယာန်​အသင်း​တော်​မှာ မိဘ၊ မောင်​နှမ​တွေ ရရှိ​ခဲ့တယ်” လို့ပြော​တယ်။—မာ. ၁၀:၂၉၊ ၃၀

အခု အသက် ၄၆ နှစ်​ရှိတဲ့ အန်းက ယေဟောဝါ​သက်သေ​တွေ​ရဲ့ လုပ်ငန်း​ကို ကန့်သတ်​ထားတဲ့ အာရှ​နိုင်ငံ​တစ်ခု​မှာ အမှုဆောင်​နေ​တယ်။ သူ ဒီလို​ပြော​တယ်- “တိုင်း​တစ်ပါး​နယ်မြေ အသီးသီး​မှာ အမှု​ဆောင်​ခဲ့တဲ့ နှစ်​တွေ​တစ်လျှောက် နောက်ခံ၊ စရိုက်​အမျိုးမျိုး​ရှိတဲ့ ညီ​အစ်မ​တွေ​နဲ့ နေ​ခဲ့ရတယ်။ အဲဒီ​အတွက် တစ်ခါ​တလေ နားလည်​မှု လွဲတာ​တွေ၊ စိတ်​ထိခိုက်တာ​တွေ ဖြစ်ခဲ့​တယ်။ အဲဒီ​လို ဖြစ်တဲ့​အခါ တစ်​အိမ်​တည်း နေတဲ့​သူ​တွေနဲ့ ပို​ရင်းနှီး​အောင်၊ သူတို့​ရဲ့ ယဉ်ကျေးမှု​ကို ပို​နားလည်​အောင် ကြိုးစား​ခဲ့တယ်။ ပို​မေတ္တာ​ထား​တတ်​အောင်၊ အကျိုး​သင့်​အကြောင်း​သင့်​ရှိအောင်​လည်း ကြိုးစား​ခဲ့​ရတယ်။ ရလဒ်​ကောင်း​တွေ ရ​ခဲ့တယ်။ တာဝန်​ကျရာ​မှာ ဆက်​အမှုဆောင်​နိုင်​အောင် ကူညီ​ပေးတဲ့ မိတ်ဆွေ​ကောင်း​တွေ ရ​ခဲ့တယ်။”

ဦးတာ

အခု အသက် ၅၃ နှစ်​ရှိ​ပြီ​ဖြစ်တဲ့ ဂျာမနီ​နိုင်ငံ​သူ ဦးတာ​ဟာ ၁၉၉၃ ခုနှစ်မှာ မာဒါဂတ်စကာ​မှာ သာသနာပြု​အဖြစ် အမှု​ဆောင်​ဖို့ တာဝန်​ခန့်အပ်​ခံရ​တယ်။ သူ ဒီလို​ပြော​တယ်– “အစပိုင်း​မှာ​တော့ ဒေသ​ခံ ဘာသာ​စကား​ကို သင်ယူ​ဖို့၊ စိုစွတ်​တဲ့ ရာသီ​ဥတု​ဒဏ်၊ ငှက်ဖျား​ဒဏ်၊ ရောဂါ​ပိုးမွှား​ဒဏ်​တွေ ခံ​နိုင်ဖို့ မနည်း​ကြိုးစား​ခဲ့ရတယ်။ ဒါပေမဲ့ အကူအညီ​တွေ ရရှိ​ခဲ့​တယ်။ ဒေသခံ ညီ​အစ်မ​တွေ၊ သူတို့​ရဲ့ ကလေး​တွေ​နဲ့ ကျမ်းစာ​သင်သား​တွေ​က ဘာသာ​စကား ကျွမ်း​ကျင်​လာ​အောင် စိတ်​ရှည်ရှည် ကူညီ​ပေး​ကြ​တယ်။ ကျွန်မ​ရဲ့ သာသနာပြု​အဖော်​ကလည်း ဖျားနာ​ချိန်​တွေ​မှာ ပြုစု​ပေး​တယ်။ အရေးကြီးဆုံး​ကတော့ ယေဟောဝါ ကူညီ​ပေး​တယ်။ စိုးရိမ်ပူပန်မှု​တွေ​ကို မှန်မှန် ဆုတောင်း​ပြောပြ​တယ်။ အဲဒီ​နောက် အဖြေ​ရဖို့ ရက်​တွေ၊ လတွေ​ စိတ်ရှည်ရှည် စောင့်​ခဲ့​တယ်။ ပြဿနာ​တိုင်း​ကို ယေဟောဝါ ဖြေရှင်း​ပေး​ခဲ့တယ်။” ဦးတာ​ဟာ မာဒါဂတ်စကာ​မှာ အမှုဆောင်​နေတာ ၂၃ နှစ်​လောက် ရှိ​နေပြီ။

ကြွယ်ဝ​စွာ ဆုချ​ခံရတဲ့ အသက်​တာ​များ

ပို​လိုအပ်တဲ့​နေရာ​မှာ အမှုဆောင်​တဲ့သူ​တွေ​လိုပဲ တိုင်း​တစ်ပါး​မှာ အမှုဆောင်​နေတဲ့ တစ်ကိုယ်ရေ ညီအစ်မ​တွေ​လည်း ကြွယ်ဝ​တဲ့​အသက်တာအ​ကြောင်း ပြော​လေ့​ရှိကြ​တယ်။ ဘယ်​ကောင်းချီး​တွေ ရရှိ​နေ​ကြ​သလဲ။

ဟိုင်းဒီ

အခု အသက် ၇၃ နှစ်​ရှိ​ပြီ​ဖြစ်တဲ့ ဂျာမနီ​နိုင်ငံသူ ဟိုင်းဒီ​ဟာ ၁၉၆၈ ခုနှစ်​ကစပြီး အိုင်ဗရီကို့စ် (ကို့ဒီဗွား) မှာ သာသနာ​ပြု​အဖြစ် အမှု​ဆောင်​ခဲ့​တယ်။ “အကြီးမား​ဆုံး ရွှင်​လန်း​မှု​ကတော့ ခရစ်ယာန်​အသင်းတော်​မှာ သား​သမီး​တွေ ‘အမှန်​တရား​အတိုင်း လိုက်​လျှောက်​နေ’ တာ​ကို မြင်​ရတာပဲ။ ကျွန်မ​ရဲ့ ကျမ်းစာ​သင်သား​တချို့​ဟာ အခု ရှေ့ဆောင်​တွေ၊ အကြီးအကဲ​တွေ ဖြစ်​နေ​ကြပြီ။ အများစု​က ကျွန်မ​ကို အမေ၊ အဘွား​လို့ ခေါ်​ကြ​တယ်။ အကြီးအကဲ​မိသားစု တစ်စု​ဆိုရင် ကျွန်မ​ကို သူတို့​ရဲ့ မိသားစု​ဝင်​အဖြစ် သတ်​မှတ်​ထား​တယ်။ ယေဟောဝါ​က ကျွန်မ​ကို သား​တစ်ယောက်၊ ချွေးမ​တစ်ယောက်၊ မြေး​သုံး​ယောက် ပေး​ထား​တယ်” လို့​ပြော​တယ်။—၃ ယော. ၄

ကာရင် (အလယ်)

အခု အသက် ၇၂ နှစ်​ရှိ​ပြီ​ဖြစ်တဲ့ ကနေဒါ​နိုင်ငံ​သူ ကာရင်​ဟာ အနောက်အာဖရိက​မှာ အမှု​ဆောင်​နေတာ အနှစ် ၂၀ ကျော်​ပြီ။ “သာသနာပြု​ဘဝက ကိုယ်ကျိုး​စွန့်​တတ်အောင်၊ မေတ္တာ​ထား​တတ်​အောင်၊ စိတ်ရှည်​တတ်​အောင် သင်​ပေး​တယ်။ လူမျိုး​ပေါင်းစုံ​ရှိတဲ့ လုပ်ဖော်​ဆောင်ဖက်​တွေ​ကြောင့် အမြင်​ကျယ်​လာ​တယ်။ နည်းလမ်း​မျိုးစုံ​နဲ့ လုပ်ဆောင်​နိုင်​မှန်း သိလာ​တယ်။ ကမ္ဘာ​တစ်ဝန်း​က မိတ်ဆွေ​တွေ ရှိနေ​တာ ကောင်းချီး​တစ်ခု​ပဲ။ တာဝန်​တွေ၊ ဘဝ​တွေ ပြောင်းလဲ​သွားပေ​မဲ့ ခင်မင်​ရင်းနှီးမှု​တွေ​ကတော့ ပြောင်းလဲ​မသွား​ပါဘူး” လို့​ပြော​တယ်။

အသက် ၇၉ နှစ်​ရှိ​ပြီ​ဖြစ်တဲ့ အင်္ဂလန်​သူ မာဂရက်​ဟာ လာအို​နိုင်ငံ​မှာ သာသနာပြု​အဖြစ် အမှုဆောင်​ခဲ့တယ်။ “တိုင်း​တစ်ပါး​မှာ အမှု​ဆောင်​ရင်း လူမျိုး​နောက်ခံ အသီးသီး​က လူ​တွေ​ကို အဖွဲ့အစည်း​ထဲ ယေဟောဝါ ဘယ်လို ဆွဲ​ဆောင်​မှန်း ကိုယ်​တွေ့ မြင်​ခဲ့ရ​တယ်။ အဲဒါ​က ကျွန်မ​ရဲ့ ယုံကြည်ခြင်း​ကို အကြီး​အကျယ် ခိုင်မာ​စေ​တယ်။ အဖွဲ့အစည်း​ကို ယေဟောဝါ လမ်းညွှန်​နေပြီး ကိုယ်တော့် ရည်ရွယ်ချက် ပြည့်စုံ​လာမယ်​ဆိုတာ အပြည့်အဝ ယုံကြည်​စိတ်ချ​စေ​တယ်” လို့​ပြော​တယ်။

တိုင်း​တစ်ပါး​မှာ အမှု​ဆောင်​နေတဲ့ တစ်ကိုယ်ရေ ညီ​အစ်မ​တွေ​ဟာ ခရစ်​ယာန်​လုပ်ငန်း​မှာ ထူးခြား​တဲ့​မှတ်တိုင် ထူခဲ့​တာ ထင်ရှား​ပါ​တယ်။ သူတို့​ကို လှိုက်လှိုက်​လှဲလှဲ ချီးမွမ်း​သင့်​ပါ​တယ်။ (သူကြီး. ၁၁:၄၀) တိုင်း​တစ်ပါး​မှာ အမှု​ဆောင်​တဲ့ တစ်ကိုယ်ရေ ညီ​အစ်မ​အရေ​အတွက် တိုးများ​လာ​နေ​တယ်။ (ဆာ. ၆၈:၁၁) ဒီ​ဆောင်းပါး​မှာ လူတွေ့​မေးမြန်း​ထား​တဲ့ စိတ်​ထက်သန်​တဲ့ ညီ​အစ်မ​တွေ​ရဲ့ ခြေရာ​ကို လိုက်​လျှောက်​ဖို့ သင့်​အခြေအနေ​တွေ​ကို ပြုပြင်​ပြောင်းလဲ​နိုင်​မလား။ ပြောင်းလဲ​နိုင်​မယ်​ဆိုရင် ‘ယေဟောဝါ ကောင်းမြတ်​ကြောင်း မြည်းစမ်း​ပြီး သိ​မှတ်’ နိုင်​မှာ မလွဲ​ဧကန်​ပါပဲ။—ဆာ. ၃၄:၈