မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဟော်ကန် ဒေးဗစ်စင် | ဘဝအတ္ထုပ္ပတ္တိ

ကျမ်းစာအမှန်တရား ပျံ့နှံ့ဖို့ ကူညီပေးခွင့်ရခဲ့

ကျမ်းစာအမှန်တရား ပျံ့နှံ့ဖို့ ကူညီပေးခွင့်ရခဲ့

 ကျွန်တော့်ဇာတိက ဆွီဒင်ပါ။ အဲဒီမှာနေတဲ့ လူအများစုက ဘုရားမဲ့ဝါဒီတွေဆိုတော့ ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ ကျွန်တော်လည်း သူတို့ဩဇာနဲ့ ဘယ်ကင်းပါ့မလဲ။ ဒါကြောင့် အဖေ၊ အမေနဲ့ ညီမလေးတို့ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာတုန်းက ကျွန်တော် စိတ်မဝင်စားဘူး။

 ဒါပေမဲ့ အဖေက ခဏခဏခေါ်နေတော့ ကျမ်းစာလေ့လာမှုမှာ ဝင်ထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ သိပ္ပံအကြောင်းအရာတွေကို ကျမ်းစာမှာ တိတိကျကျ ဖော်ပြထားတာ အံ့ဩစရာပဲ။ ကျမ်းစာဟာ ဘုရားသခင့်စကားတော်ဖြစ်တယ်၊ ယေဟောဝါသက်သေတွေက ကျမ်းစာအကြောင်း မှန်မှန်ကန်ကန် သင်ပေးနေပြီး ကျမ်းစာစံနှုန်းတွေအတိုင်း နေထိုင်ကြတယ်ဆိုတာ တဖြည်းဖြည်း ယုံကြည်လာတယ်။ ၁၉၇၀ ပြည့်နှစ်မှာ အဖေနဲ့ ကျွန်တော် တစ်ရက်တည်း နှစ်ခြင်းခံခဲ့ကြတယ်။ အမေနဲ့ ညီမလေးနှစ်ယောက်လည်း နောက်နှစ်အနည်းငယ်မှာ နှစ်ခြင်းခံလိုက်တယ်။

 ရွယ်တူအများစုကတော့ အပျော်အပါးဘက်ပဲ အာရုံရောက်နေသလိုပဲ။ အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း အသက် ၁၇ နှစ်ပဲရှိသေးတာဆိုတော့ သူတို့လို ပျော်ချင်ပါးချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော့်ကို ကျမ်းစာသင်ပေးတဲ့ ဇနီးမောင်နှံ ကျေနပ်ပျော်ရွှင်နေတာကို ကြည့်ပြီး သူတို့လို အချိန်ပြည့်အမှုဆောင်မှာ ပါဝင်ချင်လာတယ်။ ဒီလိုနဲ့ အသက် ၂၁ နှစ်မှာ ရှေ့ဆောင်စလုပ်တယ်။

အဖေ (ကျွန်တော့်ဘယ်ဘက်) နဲ့ တစ်ရက်ထဲမှာ ကျွန်တော် နှစ်ခြင်းခံခဲ့

 ရှေ့ဆောင်ဘဝက ပျော်စရာကောင်းလိုက်တာ။ အစောကြီးကတည်းက လုပ်ခဲ့ရမှာ။ ကုန်တင်သင်္ဘောကြီးတွေကပ်တဲ့ ဂါဒင်ဘာ့ဂ်ဆိပ်ကမ်းမှာ နိုင်ငံတကာက သင်္ဘောသားတွေကို သက်သေခံရတာ သိပ်ပျော်စရာကောင်းတာပဲ။

 ဘာသာစကားအမျိုးမျိုးပြောတဲ့ လူတွေ သတင်းကောင်း ကြားနိုင်ဖို့ အနှစ်ငါးဆယ်ကျော်အတွင်း ထူးခြားတဲ့နည်းနဲ့ ကူညီပေးခွင့် ရခဲ့တယ်။ ဘယ်လိုစခဲ့သလဲဆိုတာ ပြောပြချင်ပါတယ်။

မက်ပ်စ် (MEPS) စနစ်နဲ့ အလုပ်လုပ်ခြင်း

 ရှေ့ဆောင်လုပ်ရင်း ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ဖို့ ပုံနှိပ်တိုက်မှာ စာစီစာရိုက်တဲ့အလုပ်ကို အချိန်ပိုင်း လုပ်တယ်။ အဲဒီအချိန်က ပုံနှိပ်လုပ်ငန်း တစ်ခေတ်ပြောင်းတဲ့အချိန်ပေါ့။ ခဲစာလုံးတွေ မသုံးတော့ဘူး။ အဲဒီအစား စာသားနဲ့ရုပ်ပုံတွေကို ဓာတ်ပုံအဖြစ် ပြောင်းလဲကြတယ်။ ပုံနှိပ်ရာမှာသုံးမယ့် ပလိပ်ပြားကို ကွန်ပျူတာနဲ့ စာစီစာရိုက်ပြီး ပြင်ဆင်တဲ့ အဲဒီနောက်ဆုံးပေါ်နည်းပညာကို ကျွန်တော် သင်ယူတတ်မြောက်လာတယ်။

ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့နေ့

 ၁၉၈၀ မှာ မှန်မှန်ရှေ့ဆောင်လုပ်နေတဲ့ ဟယ်လင်နဲ့ လက်ထပ်လိုက်တယ်။ သူလည်း ကျွန်တော့်လိုပဲ နိုင်ငံ၊ ယဉ်ကျေးမှုပေါင်းစုံက လူတွေနဲ့ တွေ့ဆုံရတာ သိပ်ကြိုက်တယ်။ ကျွန်တော်တို့ရဲ့ပန်းတိုင်က ဂိလဒ်ကျောင်းတက်ပြီး သာသနာပြုတွေအဖြစ် အမှုဆောင်ဖို့ပါ။

 ဒါပေမဲ့ ကျွန်တော့်မှာ စာစီစာရိုက် အတွေ့အကြုံရှိလို့ ဟယ်လင်နဲ့အတူ ဆွီဒင်ဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ် ခံရတယ်။ ပုံနှိပ်လုပ်ငန်းကို အဆင့်မြှင့်တင်ပေးတဲ့ နည်းပညာအသစ်တွေကို အဖွဲ့အစည်းက စိတ်ဝင်စားနေတာ။ ဒါကြောင့် ၁၉၈၃ မှာ ကျွန်တော်တို့ကို နယူးယောက်ပြည်နယ်က ဝေါကီးဗေသလဆီ ပို့လိုက်တယ်။ ညီအစ်ကိုတွေ ဖန်တီးနေတဲ့ ဘာသာစုံ အီလက်ထရောနစ် ဓာတ်ပုံစာစီစနစ် (MEPS) a ဆိုတဲ့ နည်းပညာအသစ်အကြောင်း ထပ်လေ့လာနိုင်ဖို့ပါ။

ဟောင်ကောင်၊ မက္ကဆီကို၊ နိုင်ဂျီးရီးယားနဲ့ စပိန်အတွက် မက်ပ်စ်ကိရိယာတွေ ပြင်ဆင်နေစဉ်

 မက်ပ်စ်ဆိုတာ အက္ခရာအမျိုးမျိုးနဲ့ စာရိုက်နိုင်တဲ့၊ အဲဒီအက္ခရာတွေကို ရုပ်ပုံတွေနဲ့တွဲပြီးထုတ်နိုင်တဲ့ ကွန်ပျူတာစနစ်ပါ။ ကျွန်တော်တို့ရဲ့တာဝန်က ဘာသာစကားများစွာနဲ့ စာပေတွေ ပုံနှိပ်နိုင်ဖို့ မက်ပ်စ်စနစ်နဲ့ အက္ခရာအသစ်တွေ တီထွင်ရမှာ။ ဆယ်စုနှစ်များစွာကြာပြီးနောက် အခုဆိုရင် ယေဟောဝါသက်သေတွေက စာပေတွေကို ဘာသာစကား တစ်ထောင်ကျော်နဲ့ ထုတ်ဝေနေပြီ။

 ဟယ်လင်နဲ့ကျွန်တော် အာရှမှာလည်း တာဝန်ကျသေးတယ်။ မက်ပ်စ်စနစ်မှာ ဘာသာစကားအသစ်တွေ ထပ်ထည့်ဖို့ပါ။ ဘာသာစကားများစွာနဲ့ သတင်းကောင်း ရရှိအောင် ကူညီပေးဖို့ ကျွန်တော်တို့ စိတ်ထက်သန်နေကြပြီ။

ကွာခြားလှတဲ့ ယဉ်ကျေးမှု

 ၁၉၈၆ မှာ ကျွန်တော်တို့ အိန္ဒိယနိုင်ငံ၊ အခု မွန်ဘိုင်းလို့ခေါ်တဲ့ ဘုံဘေမြို့ကို ရောက်သွားတယ်။ ဆွီဒင်ယဉ်ကျေးမှုနဲ့ အိန္ဒိယယဉ်ကျေးမှုက တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလို တခြားစီပဲ။ ပတ်ဝန်းကျင်ကလည်း အစိမ်း၊ ယဉ်ကျေးမှုကလည်း အစိမ်းဆိုတော့ စိတ်ဖိစီးလွန်းလို့ ပထမအပတ်မှာတင် အိမ်ပြန်ဖို့ စဉ်းစားနေကြပြီ။

 ဒါပေမဲ့ ပထမအပတ်လည်းပြီးရော ကျွန်တော်တို့နှစ်ယောက်စလုံး အတွေးပြောင်းသွားတယ်။ ‘တို့တွေ အမြဲပဲ သာသနာပြု ဖြစ်ချင်ခဲ့တာလေ။ နောက်ဆုံးတော့ တိုင်းတစ်ပါးမှာ တာဝန်ကျပြီ။ လက်လျှော့လိုက်လို့ ဘယ်ဖြစ်မလဲ။ နေသားကျအောင် ကြိုးစားကြတာပေါ့’ လို့ ဆုံးဖြတ်လိုက်ကြတယ်။

 ထွက်ပြေးမယ့်အစား ကွာခြားလွန်းတဲ့ဘဝပုံစံအကြောင်း တတ်နိုင်သလောက် သင်ယူဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုစိတ်ပိုင်းဖြတ်ချိန်ကစလို့ ဟယ်လင်နဲ့ကျွန်တော် အိန္ဒိယကို ချစ်မိသွားတယ်။ ဂူဂျရာသီနဲ့ ပန်ချာပီဆိုတဲ့ အိန္ဒိယဘာသာစကားနှစ်ခုကိုလည်း သင်ယူနိုင်ခဲ့တယ်။

မြန်မာသို့

မြန်မာနိုင်ငံက ခန်းမတစ်ခုမှာ မြန်မာဝတ်စုံ ဝတ်ဆင်ထားစဉ်

 တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံကြားမှာတည်ရှိတဲ့ မြန်မာနိုင်ငံကို ၁၉၈၈ မှာ ကျွန်တော်တို့ ရောက်လာတယ်။ အဲဒီတုန်းက နိုင်ငံရေးအခြေအနေတွေ တင်းမာနေပြီး တစ်နိုင်ငံလုံးနီးပါး စစ်အုပ်ချုပ်မှုအောက် ရောက်နေတယ်။ မက်ပ်စ်စနစ်မှာ မြန်မာအက္ခရာတွေ မရှိသေးဘူး။ ဆော့ဖ်ဝဲတစ်ခုခုသုံးပြီး ထည့်လို့လည်း မရပြန်ဘူး။ ဒီတော့ အက္ခရာစာလုံးတွေကို ကိုယ်တိုင်ရေးဆွဲဖန်တီးရတယ်။ ပြီးရင် အဲဒီအက္ခရာတွေကို ဝေါကီးဗေသလဆီ ပို့ပေးပြီး မက်ပ်စ်စနစ်ထဲ ထည့်ရမှာ။

 ကျွန်တော်တို့ လေဆိပ်ကို ရောက်လာပြီ။ မြန်မာအက္ခရာစာလုံးတွေက ဟယ်လင့်လက်ကိုင်အိတ်ထဲမှာ။ နိုင်ငံရေးမတည်ငြိမ်တဲ့အချိန်ဆိုတော့ အစောင့်တွေသာတွေ့သွားရင် အဖမ်းခံရမယ့်ကိန်းပဲ။ ဟယ်လင်က အစောင့်တွေကို ပစ္စည်းအိတ် ကမ်းပေးလိုက်တယ်။ သူ့လက်ကိုင်အိတ်ကိုတော့ ဘယ်သူမှ သတိမထားမိလိုက်ကြဘူး။

မက်ပ်စ်ကြောင့် စာစီစာရိုက်စနစ် ပိုမိုကောင်းမွန်လာ

 မြန်မာဘာသာပြန်တွေအတွက် အက္ခရာစာလုံးအသစ်တွေ ရလာပါပြီ။ သူတို့ကို လက်ပ်တော့နဲ့ ပရင်တာတွေပေးပြီး မက်ပ်စ်သုံးပုံသုံးနည်း လေ့ကျင့်ပေးတယ်။ ဘာသာပြန်အများစုက ကွန်ပျူတာကိုတောင် မမြင်ဖူးကြဘူး။ ဒါပေမဲ့ သူတို့မှာ သင်ယူချင်စိတ်အပြည့်ပဲ။ လက်နဲ့ခဲစာလုံးစီပြီး စာစီစာလောင်းတဲ့ အပြင်ပုံနှိပ်တိုက်တွေကို မှီခိုစရာ မလိုတော့လို့ ကျွန်တော်တို့ရဲ့ စာအုပ်စာပေ အရည်အသွေး တအားကောင်းလာတယ်။

နီပေါသို့

 ၁၉၉၁ မှာ ဟိမဝန္တာတောင်တန်းရဲ့တောင်ဘက်ပိုင်းက နီပေါနိုင်ငံကို သွားဖို့ ကျွန်တော်တို့ တာဝန်ရတယ်။ အဲဒီတုန်းက တစ်နိုင်ငံလုံးမှာ အသင်းတော် တစ်ခုပဲရှိသေးတာ။ နီပေါစကားနဲ့လည်း စာပေနည်းနည်းပဲ ရှိတယ်။

 မကြာပါဘူး၊ စာပေတွေကို ပိုဘာသာပြန်နိုင်ပြီး ဒေသခံတွေကိုလည်း ပိုဝေငှနိုင်လာတယ်။ အခုဆိုရင် အသင်းတော် ၄၀ ကျော်မှာ သက်သေခံ ၃,၀၀၀ လောက်ရှိနေပြီ။ ၂၀၂၂ ခုနှစ်၊ ခရစ်တော်ယေရှုရဲ့ သေခြင်းအောက်မေ့ရာနေ့ကို တက်ရောက်သူပေါင်း ၇,၅၀၀ ကျော် ရှိတယ်။

လားဟူဘာသာစကားနဲ့ စာစောင်

 ၁၉၉၅ ခုနှစ်လောက်မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က သာသနာပြုတွေက လားဟူလူမျိုးတွေကို စတင်ဟောပြောခဲ့ကြတယ်။ သူတို့က တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ် နယ်စပ်တွေမှာ နေကြတာ။ ဒါပေမဲ့ အဲဒီဘာသာစကားနဲ့ စာပေတွေ မရှိဘူး။

 သာသနာပြုတွေနဲ့ ကျမ်းစာလေ့လာနေတဲ့ လူငယ်တစ်ယောက်က “ကြည့်ရှုလော့၊ ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်” စာစောင်ကို ထိုင်းကနေ လားဟူလို ဘာသာပြန်တယ်။ သူနဲ့ တခြားလားဟူရွာသားတွေ ငွေစုကောက်ပြီး ဘာသာပြန်ထားတဲ့စာစောင်နဲ့ ငွေကို ဌာနခွဲရုံးဆီ ပို့လိုက်ကြတယ်။ လားဟူစကားပြောတဲ့သူအားလုံးကို ဒီစာစောင်ထဲက အမှန်တရား သိစေချင်လို့ပါဆိုပြီး စာရေးပို့လိုက်ကြတာ။

 နှစ်အနည်းငယ်ကြာတော့ လားဟူဘာသာပြန်တွေကို မက်ပ်စ်သုံးဖို့ ဟယ်လင်နဲ့ကျွန်တော် လေ့ကျင့်ပေးခွင့်ရကြတယ်။ ချင်းမိုင်ဘာသာပြန်ရုံးမှာ အမှုဆောင်နေတဲ့ ညီအစ်ကိုတစ်ယောက်က မကြာသေးခင်ကမှ နှစ်ခြင်းခံခဲ့တာ။ “ကြည့်ရှုလော့” စာစောင်ကို ဘာသာပြန်ခဲ့တာ အဲဒီလူငယ်လေးမှန်း သိလိုက်ရလို့ ကျွန်တော်တို့ သိပ်အံ့ဩသွားတယ်။

 ၁၉၉၅ မှာ ဟယ်လင်နဲ့ကျွန်တော် အိန္ဒိယကို ပြန်သွားပြီး ဌာနခွဲမှာ ဘာသာပြန်တွေနဲ့အတူ လုပ်ဆောင်ကြတယ်။ သူတို့တွေ မက်ပ်စ်စနစ် အသုံးပြုနိုင်အောင် ကူညီပေးဖို့ပါ။ အခုဆိုရင် ဘာသာစကားများစွာနဲ့ စာပေတွေ လုံလုံလောက်လောက် ရှိနေလို့ အဲဒီကလူတွေ ကျမ်းစာလေ့လာပြီး နှစ်ခြင်းခံတဲ့အထိ တိုးတက်နိုင်ကြပြီ။

ကျေနပ်စရာကောင်းတဲ့ ဘဝ

 ၁၉၉၉ ခုနှစ်ကစပြီး ဟယ်လင်နဲ့ကျွန်တော် ဗြိတိန်ဌာနခွဲမှာ အမှုဆောင်နေကြတယ်။ ကမ္ဘာ့ဌာနချုပ်၊ မက်ပ်စ် ပရိုဂရမ်ရေးဆွဲတဲ့အဖွဲ့နဲ့ တွဲလုပ်နေတာပါ။ လန်ဒန်က ဂူဂျရာသီနဲ့ ပန်ချာပီရပ်ကွက်တွေမှာ အမှုဆောင်ရတာ သိပ်ပျော်စရာကောင်းတာပဲ။ jw.org မှာ ဘာသာစကားအသစ် ရလာတိုင်း အဲဒီစကားပြောတဲ့သူတွေကို ဟောပြောဖို့လည်း အခွင့်အလမ်း ရှာကြတယ်။

 ပါတီပွဲတွေတက်ပြီး တခြားလူငယ်တွေလို ဟေးလားဝါးလား လုပ်မယ့်အစား ယေဟောဝါအမှုဆောင်ဖို့ ပန်းတိုင်ချမှတ်ခဲ့လို့ သိပ်ဝမ်းသာမိတယ်။ နောက်ကြောင်းပြန်ကြည့်တဲ့အခါ အချိန်ပြည့်အမှုဆောင်မှာ ပါဝင်ဖို့ ရွေးချယ်ခဲ့လို့ ဟယ်လင်နဲ့ကျွန်တော် နောင်တမရဘူး။ နိုင်ငံပေါင်း ၃၀ ကျော်ကို လည်ပတ်ပြီး လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကားအမျိုးမျိုး ပြောတဲ့လူတွေဆီ သတင်းကောင်း ရောက်သွားတာကို ကိုယ်တိုင်မြင်ခွင့်ရခဲ့လို့ ဝမ်းသာပီတိဖြစ်မိပါတယ်။—ဗျာဒိတ် ၁၄:၆

a အခုတော့ မက်ပ်စ်ကို ဘာသာစုံ အီလက်ထရောနစ် ထုတ်ဝေရေးစနစ်လို့ ခေါ်ပြီး ဒစ်ဂျစ်တယ်စာစောင်တွေ ထုတ်လုပ်ရာမှာလည်း အသုံးပြုတယ်။